Mark 12

12
1ထို့နောက် ကိုယ်တော်ယေရှုသည် ဂျူးဘာသာရေးအကြီးအကဲတို့အား ပုံဥပမာများဖြင့် ဟောကြားတော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုးလေ၏။ ခြံအား စည်းရိုးခတ်၍ စပျစ်သီးနယ်ရန် ကျင်းတူး၏။ မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ တခြားနေရာသို့ ခရီးထွက်ခဲ့လေ၏။ 2စပျစ်သီးများ ရင့်မှည့်ချိန်ရောက်သည့်အခါ ခြံပိုင်ရှင်သည် စပျစ်ခြံမှ အကျိုးအမြတ်များအား ရယူရန် သူ၏အစေခံတစ်ဦးကို ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။ 3သို့သော် သူတို့သည် အစေခံအား ဖမ်းဆီးနှိပ်စက်၍ ဘာမှမပေးဘဲ ပြန်လွှတ်လိုက်ကြလေသည်။ 4ခြံပိုင်ရှင်သည် တခြားအစေခံတစ်ယောက်အား ထပ်ပြီးစေလွှတ်လိုက်သည့်အခါ၌လည်း သူတို့သည် ရိုက်နှက်အရှက်ခွဲ၍ ပြန်လွှတ်လိုက်ကြပြန်သည်။ 5ခြံပိုင်ရှင်သည် နောက်ထပ်တစ်ယောက်အား စေလွှတ်လိုက်သောအခါ သူတို့သည် သတ်ပစ်လိုက်ကြသည်။ ထပ်၍တခြားသူများကို စေလွှတ်သည့်အခါတွင်လည်း သူတို့သည် တချို့အား ညှင်းပန်းနှိပ်စက်ကြ၍ တချို့ကိုမူ သတ်ပစ်ခဲ့ကြသည်။ 6ထိုသို့ဖြင့် နောက်ဆုံး၌ ခြံပိုင်ရှင်သည် သူအရမ်းချစ်ရသောသားတစ်ယောက်သာလျှင် ကျန်တော့ သည့်အတွက် သူတို့သည် ‘ငါ၏သားကိုမူ သူတို့ရိုသေလေးစားကြလိမ့်မည်’ ဟုဆို၍ သူ၏သားအား ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။ 7ခြံလုပ်သားများကလည်း ခြံပိုင်ရှင်၏သား လာနေသည်ကို မြင်သောအခါ ‘သူသည် ဤခြံအား အမွေဆက်ခံမည့်သူဖြစ်၏။ ထို့ကြောင့် သူ့အား ငါတို့သတ်လိုက်ကြစို့။ ထိုမှသာ သူရမည့်အမွေအား ငါတို့ရကြမည်’ ဟုအချင်းချင်းတိုင်ပင်ကြပြီး 8ခြံပိုင်ရှင်၏သားကို ဖမ်းဆီးချုပ်နှောင်၍ သတ်ပစ်လိုက်ကြ၏။ အလောင်းကိုလည်း ခြံအပြင်၌ ပစ်ထားလိုက်ကြလေ၏။ 9ထိုသို့ဆိုလျှင် ခြံပိုင်ရှင်သည် မည်သို့ပြုမည်နည်း။ သူကိုယ်တိုင်ပင် စပျစ်ခြံသို့ လာ၍ ခြံလုပ်သားများအား သတ်ပစ်လိုက်လိမ့်မည်။ ခြံကိုလည်း တခြားသူများအား လွှဲပေးလိုက်လိမ့်မည်။ 10‘အိမ်ဆောက်သူများ ပစ်ပယ်ထားသည့် ကျောက်တုံးသည် အဆောက်အဦးတည်ဆောက်သည့်အခါ အရေးကြီးဆုံး ထောင့်ချုပ်ကျောက်ဖြစ်လာသည်။ 11ဤအရာသည် ဘုရားရှင်ပြုတော်မူသော အရာဖြစ်သည့်အတွက် လူအများ၏မျက်မှောက်၌ အံ့ဩဖွယ်ရာဖြစ်၏’ ဟူသည့်ကျမ်းချက်ကို သင်တို့မဖတ်ဖူးကြသလော” ဟုမိန့်တော်မူ၏။ 12ထိုအခါ ဂျူးဘာသာရေးအကြီးအကဲတို့သည် ကိုယ်တော်က ဤပုံဥပမာကို သူတို့အား ရည်ညွှန်း၍ ဆန့်ကျင်မိန့်ဆိုကြောင်းကို သိကြသဖြင့် ကိုယ်တော်အား ဖမ်းဆီးလိုကြ၏။ သို့သော် သူတို့သည် ကိုယ်တော်၏အဆုံးအမတို့ကို ခံယူနေကြသော လူထုပရိတ်သတ်ကို ကြောက်ရွံ့သဖြင့် ကိုယ်တော်ကို ထားခဲ့ပြီး ထွက်သွားကြလေ၏။ 13ထို့နောက် ဂျူးဘာသာရေးအကြီးအကဲများသည် ကိုယ်တော်ယေရှုအား ဖမ်းဆီးရန် အကြောင်းပြချက်လိုသောကြောင့် မေးခွန်းများဖြင့် ထောင်ချောက်ဆင်ရန် ကိုယ်တော့်ထံသို့ ဖာရိရှဲအချို့နှင့် ဟေရုဒ်၏လူအချို့တို့အား စေလွှတ်ခဲ့လေ၏။ 14ထိုသူများသည် ကိုယ်တော့်ထံရောက်လာ၍ “ဆရာ၊ ဆရာသည် ဖြောင့်မတ်မှန်ကန်သောသူဖြစ်၍ လူတိုင်းကို တန်းတူညီမျှဆက်ဆံတတ်သည်။ မည်သူ့မျက်နှာကိုမှမထောက်ဘဲ ဘုရားရှင်၏တရားတော်များအား ဟောပြောသွန်သင်သည့်သူဖြစ်သည်ကို အကျွန်ုပ်တို့သိပါသည်။ ထို့ကြောင့် ဧကရာဇ်အား အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီပါသလော။ ကျွန်ုပ်တို့ ဆက်သသင့်ပါသလော၊ မဆက်သသင့်ပါလော” ဟုမေးလျှောက်ကြ၏။ 15ကိုယ်တော်ကလည်း ထိုသူတို့၏ဆိုလိုရင်းကို သိသဖြင့် သူတို့အား “သင်တို့ အဘယ်ကြောင့်ငါ့အား စမ်းသပ်နေကြသနည်း။ ငါကြည့်ဖို့အတွက် ဒေနာရီဒင်္ဂါး တစ်ပြားကိုb ငါ့ထံသို့ယူလာခဲ့ကြလော့” ဟုမိန့်တော်မူ၏။ 16သူတို့က ဒေနာရီဒင်္ဂါးတစ်ပြားကို ကိုယ်တော်အား ပေးလိုက်သည့်အခါ ကိုယ်တော်က “ဤဒင်္ဂါး၌ မည်သူ့ရုပ်ပုံနှင့်အမည် ပါသနည်း” ဟုမေးတော်မူလျှင် ထိုသူတို့ကလည်း “ဧကရာဇ်၏ရုပ်ပုံနှင့်အမည် ဖြစ်ပါသည်” ဟုဖြေလိုက်လေ၏။ 17ထိုအခါ ကိုယ်တော်က “ဧကရာဇ်နှင့်သက်ဆိုင်သည့်အရာတွေကို ဧကရာဇ်ထံသို့ပေးကြလော့။ ဘုရားရှင်နှင့်သက်ဆိုင်သည့်အရာတို့ကိုလည်း ဘုရားရှင်ထံသို့ ဆက်သကြလော့” ဟုမိန့်ဆိုသဖြင့် ထိုသူတို့သည်လည်း အံ့ဩမင်သက်ကြလေ၏။ 18ထို့နောက် သေခြင်းမှ အသက်ပြန်ရှင်ခြင်းကို အယုံအကြည်မရှိသည့် ဇဒ္ဒုကဲဟုခေါ်သည့် လူတို့သည်လည်း အထံတော်သို့ လာကြပြီး 19“ဆရာ၊ မောရှေ၏ပညတ်ကျမ်း၌ ‘အကယ်၍ လူတစ်ဦး၏အစ်ကိုဖြစ်သူသည် ဇနီးမယားရှိလျှက် သားသမီးမရရှိခင် သေဆုံးသွားခဲ့လျှင် ထိုသူသည် အစ်ကိုဖြစ်သူ၏ဇနီးအား လက်ထပ်၍ သူ၏အစ်ကိုအတွက် သားသမီးရစေရန် ဆောင်ရွက်ရမည်’ ဟုရေးသားထားပါသည်။ 20ထိုသို့ဆိုလျှင် ညီအစ်ကို ခုနှစ်ယောက်ရှိသည့်မိသားစု၌ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြု၍ သားသမီးမထွန်းကားခဲ့ဘဲ သေဆုံးသွားသည့်အတွက် 21ဒုတိယညီသည်အစ်ကို အကြီးဆုံး၏ဇနီးအား လက်ထပ်ယူသည့်အခါ သားသမီးမထွန်းကားခဲ့ဘဲ သူလည်းဘဲ သေဆုံးသွားခဲ့ပြန်သည်။ ဤသို့ဖြင့် တတိယညီလည်း သေဆုံးသွားခဲ့ ပြန်သည်။ 22ထိုသို့ဖြင့် ညီအစ်ကိုခုနှစ်ယောက်စလုံး ထိုအမျိုးသမီးနှင့် အိမ်ထောင်ပြုပြီး သားသမီးမထွန်းကားဘဲ သေဆုံးသွားသည့်နောက် ထိုအမျိုးသမီးသည်လည်း သေဆုံးသွားခဲ့၏။ 23ဤသို့ဆိုလျှင် သူတို့အားလုံးကို အသက်ပြန်ရှင်စေသည့်အချိန်ကာလရောက်သည့်အခါ ညီအစ်ကိုခုနှစ်ယောက် စလုံးနှင့် အိမ်ထောင်ပြုထားသည့် ထိုအမျိုးသမီးသည် မည်သူ့၏ဇနီးမယားဖြစ်ပါ သနည်း” ဟုမေးလျှောက်ကြလေ၏။ 24ထိုအခါ ကိုယ်တော်က “သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားရှင်၏တန်ခိုးတော်ကိုလည်း မသိကြသည့်အတွက် ယခုကဲ့သို့အယူလွဲမှားနေကြခြင်းဖြစ်၏။ 25သေခြင်းမှ အသက်ပြန်ရှင်စေတော်မူသည့်အချိန်ကာလ၌ လူတို့သည် ရွှေမြို့တော်cမှ နတ်ဒေဝါများကဲ့သို့ပင် လက်ထပ်ထိမ်းမြားခြင်းမရှိ၊ ပေးစားဆောင်နှင်းခြင်းလည်း ရှိလိမ့်မည်မဟုတ်။ 26ထို့ပြင် သေသည့်သူများ အသက်ပြန်ရှင်ခြင်းနှင့်ပတ်သက်၍၊ ဘုရားရှင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်’ လို့မောရှေကို မိန့်တော်မူသည့်အကြောင်းကို မောရှေ၏ပညတ်ကျမ်း၌ ချုံပုတ်အကြောင်း ရေးထားသည့်အထဲ၌ သင်တို့မဖတ်ဖူးကြသလော။ 27ထို့ကြောင့် ဘုရားရှင်သည် သေသူများ၏ဘုရားမဟုတ် ရှင်သန်သောသူများ၏ဘုရားရှင်သာ ဖြစ်တော်မူသည်။ သင်တို့သည် အလွန်ပင် အယူလွဲနေကြ၏” ဟုမိန့်တော်မူလေ၏။ 28ထိုနေရာ၌ ကျမ်းတတ်ဆရာတစ်ဦးသည် ဇဒ္ဒုကဲနှင့် ကိုယ်တော်ယေရှုတို့ ဆွေးနွေးပြောဆိုနေသည်ကို နားထောင်ပြီး ကိုယ်တော်၏မှန်ကန်ဆီလျှော်စွာ ပြန်လည်ဖြေကြားချက်များကို တွေ့ရသောအခါ အထံတော်သို့ ချဉ်းကပ်လာပြီး “ပညတ်တော်အားလုံးတွင် မည့်သည့်ပညတ်တော်သည် အရေးကြီးဆုံးဖြစ်ပါ သနည်း” ဟု မေးလျှောက်လေ၏။ 29ကိုယ်တော်ကလည်း “‘အစ္စရေးလူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ ငါတို့၏ဘုရားရှင်သည် တစ်ဆူတည်းသောဘုရားဖြစ်၏။ 30ဘုရားရှင်ကို သင်၏ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးဖြင့် အကြွင်းမဲ့ယုံကြည်ကိုးကွယ်၍ မေတ္တာထားချစ်ခင်ရမည်’ ဆိုသည်မှာ အရေးကြီးဆုံးပညတ်တော်ပင်ဖြစ်၏။ 31ဒုတိယအရေးကြီးဆုံးကား ‘သင်၏အိမ်နီးချင်းကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်ခင်ရမည်’ ဆိုသည်ပင်ဖြစ်၏။ ဤပညတ်တော်များထက် အရေးကြီးသည့် တခြားပညတ်တော်မရှိ” ဟုကျမ်းတတ်ဆရာအား ပြန်လည်ဖြေကြားလေ၏။ 32ထိုသူကလည်း “မှန်ပါပေ၏၊ ကိုယ်တော်။ ဘုရားရှင်သည် တစ်ဆူတည်းရှိ၍ ဘုရားရှင်မှတစ်ပါး အခြားသောဘုရားမရှိဟု ကိုယ်တော်မိန့်ဆိုခြင်းသည် ဟုတ်မှန်ပါ၏။ 33ကျွန်ုပ်တို့သည် ဘုရားရှင်အား ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးနှင့် ချစ်ခင်မြတ်နိုးရမည်။ မိမိကိုယ်မိမိ ချစ်ခင်သကဲ့သို့ လူတစ်ဦးကိုတစ်ဦး မေတ္တာထားချစ်ခင်ရမည်။ ဤပညတ်တော်များသည် တခြားကျန်ရှိသော စွန့်လွှတ်အနစ်နာခံမှုများနှင့် အလှူအတန်းများထက် ပို၍အရေးကြီးဆုံးဖြစ်ပါသည်” ဟုပြန်လည်လျှောက်တင်လေ၏။ 34ထိုသူ၏ပညာသတိဖြင့် ပြန်လည်ဖြေကြားသည်များကို ကြားရသောအခါ ကိုယ်တော်က “သင်သည် ဘုရားရှင်၏သာသနာတော်နှင့် အလှမ်းမဝေး” ဟုမိန့်တော်မူလေ၏။ ထိုအချိန်မှစ၍ ကိုယ်တော်ယေရှုအား မည်သူမျှ စမ်းသပ်မေးမြန်းခြင်း မပြုဝံ့တော့ချေ။ 35တစ်နေ့တွင် ကိုယ်တော်ယေရှုသည် ဗိမာန်တော်တွင် လူအများအား သွန်သင်ဟောပြောနေစဉ် “မေရှိယသည် ဘုရင်ဒါဝိဒ်၏သားစဉ် မြေးဆက်ဖြစ်သည်ဟု ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောနိုင်ကြသနည်း။ 36ရှေးအခါက ဘုရင်ဒါဝိဒ်သည် ဉာဏ်အလင်းတော်၏တန်ခိုးတော်အားဖြင့် ပြောခဲ့သည်မှာ ‘ဘုရားရှင်သည် “သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ရှုံးနိမ့်စေသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့” ဟု ငါ့အရှင်အား မိန့်တော်မူ၏’ ဟုဆိုထား၏။ 37သို့ဖြစ်၍ ဘုရင်ဒါဝိဒ်ကိုယ်တိုင်ပင် ကယ်တင်ရှင်မေရှိယအား ‘အရှင်’ ဟုခေါ်သည်ဖြစ်လျှင် ကယ်တင်ရှင်မေရှိယဟာ ဒါဝိဒ်၏သားစဉ်မြေးဆက် မည်သို့ဖြစ်နိုင်မည်နည်း” ဟုမိန့်တော်မူ၏။ များစွာသော လူပရိတ်သတ်တို့သည်လည်း ကိုယ်တော်ယေရှု သွန်သင်သည်များကို ဝမ်းမြောက်စွာ နားထောင်နေကြလေသည်။ 38ကိုယ်တော်သည်ဆက်လက်၍ “ကျမ်းတတ်ဆရာတို့အား သတိထားကြလော့၊ သူတို့သည် တန်ဘိုးကြီးသောဝတ်ရုံရှည်တွေကိုဝတ်၍ လူအများတို့မြင်စေရန် သွားလာပြခြင်းကိုလည်းကောင်း၊ လူအများရှိသောဈေးထဲ၌ လူတို့၏ တလေးတစားနှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ 39ဓမ္မာရုံများ၌ ရှေ့ဆုံးမှ ထိုင်ခုံကိုလည်းကောင်း၊ ဧည့်ခံပွဲများ၌ ဖိတ်ကြားခံရသည့်အခါ အရေးကြီးသော ဧည့်သည်များအတွက် စီစဉ်ထားသည့် အထူးထိုင်ခုံများ၌ ထိုင်ရခြင်းကို အလွန်နှစ်သက်ကြ၏။ 40သူတို့သည် မုဆိုးမများ၏ ပစ္စည်းဥစ္စာနှင့် အိုးအိမ်တို့ကို မတရားသိမ်းယူပြီး သူတော်ကောင်းတွေပုံစံ ဟန်ပြလျက် ရှည်လျှားစွာ ဆုတောင်း ပေးတတ်၏။ ထို့ကြောင့် သူတို့သည် ပိုကြီးလေးသည့် ပြစ်ဒဏ်စီရင်ခြင်းအား ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။ 41ကိုယ်တော်သည် ဗိမာန်တော်တွင် ထိုင်နေစဉ် အနီးရှိ ဘဏ္ဍာတိုက်ထဲသို့ လူအများသည် အလှူငွေများ ထည့်နေကြပုံကို ကြည့်နေ၏။ လူချမ်းသာအများစုသည် အလှူငွေအများဆုံး ထည့်ဝင်လှူဒါန်းကြသည်ကို သတိထားမိလေ၏။ 42ထို့နောက်တွင် ဆင်းရဲနွမ်းပါးသောမုဆိုးမတစ်ဦးသည်လည်း လာ၍ ဒင်္ဂါးအကြွေစေ့နှစ်စေ့ကို ထည့်ဝင်လှူဒါန်းလေ၏။ 43ထိုအခါ ကိုယ်တော်က တပည့်တော်များကို ခေါ်၍ “သင်တို့အား ငါအမှန်ဆိုသည်ကား၊ ဤဆင်းရဲနွမ်းပါးသည့် မုဆိုးမသည် ဘဏ္ဍာတိုက်ထဲသို့ တခြားသူအားလုံးထက်သာသည့် အလှူဒါနပြုခဲ့၏။ 44အကြောင်းမူကား လူတို့သည် မိမိတို့၌ ပိုလျှံနေသော အရာများကိုသာ လှူဒါန်းတတ်ကြ၏။ သို့သော် ဤမုဆိုးမသည် ဤမျှလောက်ဆင်းရဲနွမ်းပါးနေသည့်တိုင် သူ့၌ရှိသမျှ ငွေကြေးအကုန်လုံးကို လှူဒါန်းလိုက်သည့်အတွက်ကြောင့်ဖြစ်သည်” ဟုမိန့်တော်မူလေ၏။

Tällä hetkellä valittuna:

Mark 12: TPV-RV

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään