Mark 15

15
1နောက်တစ်နေ့မနက်စောစောတွင် ဂျူးပုရောဟိတ်အကြီးအကဲများ၊ လူမျိုးအကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် တရားလွှတ်တော်ကောင်စီအဖွဲ့ဝင်အပေါင်းတို့သည် အချင်းချင်းဆွေးနွေးတိုင်ပင်ပြီး ကိုယ်တော်ယေရှုအား ချုပ်နှောင်၍ စီရင်ချက်ချနိုင်ရန် ယုဒပြည်အုပ်ချုပ်သူ ဘုရင်ခံပိလတ်ထံ ပို့ဆောင်ကြလေသည်။ 2ထိုအခါဘုရင်ခံပိလတ်က “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော” ဟုမေးရာ ကိုယ်တော်ယေရှုကလည်း “သင်ပြောသည့်အတိုင်းဖြစ်သည်” ဟုမိန့်တော်မူ၏။ 3ထိုအခါ ဂျူးပုရောဟိတ်အကြီးအကဲများက ကိုယ်တော်သည် မကောင်းမှုများစွာပြုခဲ့ကြောင်း အခိုင်အမာစွပ်စွဲကြလေသည်။ 4ဘုရင်ခံပိလတ်က ကိုယ်တော်အား “လူတို့က သင့်အား စွပ်စွဲချက်အများအပြားဖြင့် ပြောဆိုနေကြသည်ကို သင်မည်သို့မျှ ပြန်မဖြေရှင်းဘဲနေမည်လော” ဟုမေးမြန်းပြောဆိုသော်လည်း 5ကိုယ်တော်က တစ်စုံတစ်ခုမှ ပြန်မဖြေကြားဘဲ တိတ်ဆိတ်နေလေသောကြောင့် ဘုရင်ခံပိလတ်သည်လည်း အံ့ဩလေ၏။ 6ပိလတ်သည် ပသခါပွဲတော်ကျရောက်ချိန်တိုင်းတွင် ဘုရင်ခံတို့၏ထုံးစံအတိုင်း လူတို့တောင်းဆိုသည့် အကျဉ်းသားတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရလေ့ရှိ၏။ 7ထိုအချိန်တွင် ဗာရဗ္ဗအမည်ရှိသောသူတစ်ဦးသည် ရောမအစိုးရအား တော်လှန်ပုန်ကန်၍ လူသတ်မှုများကျူးလွန်ခဲ့သဖြင့် အခြားပုန်ကန်သူများနှင့်အတူ အကျဉ်းကျနေလျှက်ရှိ၏။ 8လူထုပရိတ်သတ်တို့က ထုံးစံအတိုင်း လူတစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် ပိလတ်ထံ တောင်းဆိုကြလေ၏။ 9ပိလတ်က လူတို့အား “ဤဂျူးတို့၏ဘုရင်ကို လွှတ်ပေးရမည်လော” ဟုမေးလေ၏။ 10ဤသို့ မေးခြင်းမှာ ဂျူးပုရောဟိတ်အကြီးအကဲများသည် ကိုယ်တော့်အား မလိုမုန်းထား၍ ယခုကဲ့သို့ သူ့ထံလာရောက်အပ်နှံခြင်းကို ကောင်းစွာသိရှိသောကြောင့် ဖြစ်၏။ 11သို့သော် ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် လူထုပရိတ်သတ်တို့အား ကိုယ်တော်ယေရှုအစား ဗာရဗ္ဗကိုသာ လွှတ်ပေးရန် ကြွေးကြော်စေဖို့ လှုံ့ဆော်လေ၏။ 12ထိုအခါ ပိလတ်က လူတို့အား “ဤဂျူးတို့၏ဘုရင်ဆိုသည့်သူအား မည်သို့လုပ်ရမည်နည်း” ဟုမေးသောအခါ 13လူတို့က “သူ့အား လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ပစ်ပါ” ဟုဟစ်ကြွေးလေ၏။ 14ပိလတ်က “သူသည် မည်သို့သောအပြစ်မျိုးကို ကျူးလွန်ခဲ့သနည်း” ဟုမေးရာ လူထုက “သူ့ကို လက်ဝါးကပ်တိုင်ပေါ်မှာ သတ်ပစ်ပါ” ဟူ၍သာ ပိုမိုကျယ်လောင်စွာ ဟစ်ကြွေးလေ၏။ 15ပိလတ်သည်လည်း လူထုပရိသတ် ကျေနပ်သွားစေလိုသဖြင့် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ကိုယ်တော်အား စစ်သားတို့လက်ထဲသို့ ထည့်၍ ကြိမ်ဖြင့်ရိုက်နှက်စေကာ လက်ဝါးကပ်တိုင်တွင် တင်၍ သတ်စေလေ၏။ 16စစ်သားတို့သည် ကိုယ်တော့်အား စစ်စခန်းဝင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး စခန်းအတွင်းရှိ စစ်သားများကို ခေါ်ယူစုဝေးကြ၏။ 17ကိုယ်တော့်အား ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ပေးပြီး ဆူးခက်များဖြင့်ပြုလုပ်ထားသော သရဖူကို ဦးခေါင်းတော်တွင် ဆောင်းပေးကာ 18သူတို့သည် “ဂျူးလူမျိုးတို့၏ဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေ” ဟုဆိုကာ ကိုယ်တော်အား လှောင်ပြောင်၍ အရိုအသေပြုကြ၏။ 19ကိုယ်တော်၏ဦးခေါင်းတော်ကို ကျူရိုးတုတ်ဖြင့် ရိုက်ကြ၏။ ကိုယ်ပေါ်သို့ ဝိုင်းပြီး တံတွေးထွေးကြ၏။ ဒူးထောက်ပြီး ရှိခိုးဟန်ပြုကြ၏။ 20ထို့နောက် ခရမ်းရောင်ဝတ်ရုံကို ချွတ်လိုက်ပြီး ကိုယ်တော်၏မူလဝတ်ရုံကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်တွင် သံရိုက်၍ သတ်ရန် မြို့ပြင်သို့ ခေါ်ယူသွားကြလေ၏။ 21ထိုသို့သွားရာလမ်းတွင် အလက်ဇန္ဒြားနှင့်ရုဖုတို့၏ဖခင်ဖြစ်သူ ကုရေနေမြို့မှ ရှိမုန်ဆိုသူသည်လည်း ဂျေရုဆလင်သို့ ပြန်လာလေရာ စစ်သားတို့ကတွေ့သဖြင့် သူ့အား ကိုယ်တော်အတွက် လက်ဝါးကပ်တိုင်ကို အတင်းအဓမ္မ ထမ်းယူလိုက်လာစေ၏။ 22စစ်သားများသည် သူတို့အား ဦးခေါင်းခွံ၏နေရာဟု အဓိပ္ပါယ်ရသော ဂေါလဂေါသဟူသော နေရာသို့ ခေါ်ဆောင်သွားလေ၏။ 23ထို့နောက် ရောမစစ်သားများသည် ကိုယ်တော်ယေရှုအား မုရန်ဟုခေါ်သောဆေးတစ်မျိုးနှင့်ရောစပ်ထားသောစပျစ်ရည်ကို တိုက်ကြလေ၏။ သို့သော် ကိုယ်တော်ယေရှုက သောက်ရန်ငြင်းဆန်ခဲ့လေသည်။ 24ကိုယ်တော်အား စစ်သားများက လက်ဝါးကပ်တိုင်တွင် သံစွဲ၍ ကပ်လိုက်ကြပြီး သူ၏ဝတ်ရုံအား အလောင်းအစားပြုလုပ်၍ မည်သူရသင့်သည်ဟု ခွဲတမ်းချကြ၏။ 25ကိုယ်တော့်အား ဤသို့ပြုသည့်အချိန်မှာ တတိယမြောက်နာရီဟုခေါ်သော မနက်ကိုးနာရီအချိန် ဖြစ်၏။ 26ဤသူသည် ဂျူးတို့၏ဘုရင်ဖြစ်သည်ဟု ဖော်ပြထားသော ဆိုင်းဘုတ်တစ်ခုကို လက်ဝါးကပ်တိုင်တွင် ချိတ်ကြ၏။ 27ကိုယ်တော်၏ လက်ယာဘက်နှင့် လက်ဝဲဘက်၌ ဓါးပြနှစ်ဦးကိုလည်း လက်ဝါးကပ်တိုင်တွင် သံစွဲလိုက်ကြ၏။ 28ဤသို့ဖြင့် သူသည် ဒုစရိုက်သားစာရင်းတွင် ထည့်သွင်းခြင်းခံရမည်ဟူသော ကျမ်းစာတွင် ဖော်ပြထားသည့် ကိုယ်တော့်အကြောင်းတို့သည် ပြည့်စုံခဲ့လေပြီဖြစ်၏။ 29ထိုနေရာတွင် ဖြတ်သန်းသွားလာသူများက ခေါင်းကိုခါယမ်းကာ ကိုယ်တော့်အား “သင်သည် ဗိမာန်တော်ကြီးအား ဖြိုချဖျက်ဆီးလိုက်ပြီး သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်ဟုဆိုခဲ့သည်ဖြစ်၍ 30ယခု သင့်ကိုယ်သင် ကယ်တင်၍ လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းခဲ့ပါလော့” ဟုလှောင်ပြောင်ပြောဆိုကြလေ၏။ 31ထိုကဲ့သို့ပင် ကျမ်းတတ်ဆရာများကလည်း “သူသည် အခြားသူများကို ကယ်တင်ပြီး သူ့ကိုယ်သူတော့ မကယ်တင်နိုင်ပါတကား။ 32သူသည် အစ္စရေးလူမျိုးများ၏ဘုရင် ကယ်တင်ရှင်ခရစ်တော်မှန်လျှင် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းခဲ့သင့်သည်။ ထိုမှ ငါတို့ မျက်မြင်တွေ့ရသည့် အတွက် သူ့ကို ယုံကြည်မှာ ဖြစ်သည်” ဟုအချင်းချင်းလှောင်ပြောင်ပြောဆိုကြ၏။ ဘေးမှ ကိုယ်တော်နှင့်အတူ အပြစ်ပေးခံရသော ရာဇဝတ်သားနှစ်ဦးကလည်း ကိုယ်တော်ကို ကဲ့ရဲ့အပြစ်တင်ကြ၏။ 33ထိုနေ့ နေမွန်းတည့်အချိန်မှစ၍ နေ့လည် သုံးနာရီထိ မြေပြင်တစ်ခွင်လုံး မဲမှောင်နေ၏။ 34ထိုအချိန်၌ ကိုယ်တော်သည် “ဧလိ၊ ဧလိ၊ လာမ ရှာဗာခသနိ” ဟူ၍ ရေရွတ်နေ၏။ အဓိပ္ပါယ်မှာ “ဘုရားရှင်၊ ဘုရားရှင်၊ အဘယ်ကြောင့် အကျွန်ုပ်အား ပစ်ပယ်ထားပါသနည်း” ဟူ၍ဖြစ်၏။ 35ထိုနေရာဝန်းကျင်တွင်ရှိသော လူတစ်ချို့က ကြားကြသောအခါ နားလည်မှုလွဲ၍ “ကြည့်ကြလော့၊ သူသည် ဧလိယကို ခေါ်နေခြင်းဖြစ်၏” ဟု ပြောဆိုကြ၏။ 36တစ်ယောက်က ရေစုတ်နိုင်သောဖော့တုံးတစ်ခုကို စပျစ်ရည်တွင် နှစ်လိုက်ပြီး ကျူရိုးဖျား၌တပ်၍ ကိုယ်တော် သောက်သုံးရစေရန် ပေးပြီး ထိုသူက “ဧလိယ ကြွလာပြီး ယေရှုကိုလွှတ်ပေးမလား စောင့်ကြည့်ကြစို့” ဟုအချင်းချင်းပြောဆိုနေကြ၏။ 37ထိုအချိန်တွင် ကိုယ်တော်သည် အသံကျယ်လောင်စွာ အော်ဟစ်ပြီးနောက် ကွယ်လွန်တော်မူလေ၏။ 38ထိုအချိန်တွင် ဗိမာန်တော်ရှိ ဘုရားရှင်အထံတော်သို့ လူများ ချဉ်းကပ်ဝင်ရောက်ခြင်းမှ ကာစီးထားခဲ့သော ကန့်လန့်ကာသည် အပေါ်မှအောက်ခြေအထိ နှစ်ခြမ်းကွဲသွားလေသည်။ 39ကိုယ်တော်၏ရှေ့တွင် ရပ်နေသောတပ်မှူးတစ်ဦးသည် ကိုယ်တော်ကွယ်လွန်သွားပုံကို မြင်သောအခါ “ဤသူသည် အမှန်စင်စစ်ပင် ဘုရားရှင်၏သားတော်ဖြစ်သည်” ဟုဆိုလေသည်။ 40ထိုအချင်းအရာတို့ကို ခပ်ဝေးဝေးမှ လှမ်းကြည့်နေသူ အမျိုးသမီးတချို့လည်း ရှိ၏။ ထိုသူတို့မှာ‌ မာဂဒလမြို့သူ မာရိ၊ ယောသေနှင့်ယာကုပ်တို့၏မိခင်ဖြစ်သူ မာရိနှင့် ရှာလုံ တို့ဖြစ်၏။ 41သူတို့သည် ကိုယ်တော် ဂါလိလဲပြည်၌ရှိစဉ်ကပင် ကိုယ်တော့်အား အလုပ်အကျွေးပြုပြီး အခြားသော အမျိုးသမီးများနှင့်အတူ ဂျေရုဆလင်သို့ လိုက်လာခဲ့ကြသောသူများလည်း ဖြစ်၏။ 42ထိုနေ့သည် ဥပုသ်နေ့အတွက်ပြင်ဆင်စရာရှိသည်များကို ကြိုတင်ပြင်ဆင်ရသည့် အဖိတ်နေ့ဖြစ်ပြီး ညနေခင်းအချိန်သို့ရောက်လာသောအခါ 43တရားလွှတ်တော်အဖွဲ့၏ လေးစားခြင်းခံရသူတစ်ဦးလည်းဖြစ်ပြီး ဘုရားရှင်၏သာသနာတော်ကို စောင့်မျှော်နေသူလည်းဖြစ်သည့် အရိမဿဲမြို့သား ယောသပ်အမည်ရှိသူတစ်ဦးသည် ရောက်ရှိလာခဲ့လေသည်။ ထိုသူသည် ဘုရင်ခံပိလတ်ထံသို့ သွား၍ ကိုယ်တော်ယေရှု၏အလောင်းတော်ကို သင်္ဂြိုဟ်ခွင့်ပြုရန် ရဲဝံ့စွာ တောင်းလျှောက်လေ၏။ 44ပိလတ်သည် ကိုယ်တော်ယေရှုသေဆုံးသွားပြီဖြစ်ကြောင်းကို ကြားသိရသောအခါ အံ့ဩစွာဖြင့် အမှန်တစ်ကယ်သေဆုံးသည် ဟုတ်မဟုတ် တပ်မှူးအား ခေါ်၍မေးလေ၏။ 45သူသည် တပ်မှူးထံမှ ကိုယ်တော်ယေရှု ကွယ်လွန်ပြီးကြောင်း ကြားသိရသဖြင့် ယောသပ်အား ကိုယ်တော်၏ရုပ်ခန္ဓာကို ယူဆောင်ခွင့်ပြုလိုက်လေ၏။ 46ထို့နောက် ယောသပ်သည် ကိုယ်တော်ယေရှု၏ရုပ်အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချကာ ချည်ချောပိတ်စဖြင့်ပတ်ပြီး ကျောက်ဆောင်ကြီးတစ်ခုအား ထွင်းထုထားသော သင်္ချိုင်းဂူအတွင်းတွင် ထည့်ထားလေသည်။ ထို့နောက် ကျောက်တုံးအဝိုင်းကြီးတစ်တုံးကိုလိမ့်၍ ဂူပေါက်ဝအား ပိတ်ထားလိုက်လေ၏။ 47မာဂဒလမြို့သူ မာရိ၊ ယောသေနှင့် ယာကုပ်တို့၏မိခင်ဖြစ်သူ မာရိတို့သည်လည်း ကိုယ်တော်ယေရှု၏ရုပ်အလောင်းတော်ကို ထားရှိရာနေရာအား ကြည့်ရှုနေခဲ့ကြလေ၏။

Tällä hetkellä valittuna:

Mark 15: TPV-RV

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään