Mark 14

14
1ယခုအခါ ပသခါပွဲတော်e နှင့် တဆေးမဲ့မုန့်စားပွဲတော်ကျင်းပရန်f နှစ်ရက်သာလိုတော့သည်ဖြစ်၍ ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများသည်လည်း ကိုယ်တော်ယေရှုအား ဖမ်းဆီး၍ လုပ်ကြံသတ်ဖြတ်နိုင်မည့်နည်းလမ်းကို ရှာဖွေကြံစည်နေကြလေသည်။ 2သို့သော် ပွဲတော်ကာလတွင် ကိုယ်တော်ယေရှုကို ဖမ်းဆီးလျှင် ကိုယ်တော်အား ယုံကြည်ကိုးကွယ်သည့် များစွာသောလုထုပရိတ်သတ်တို့က သူတို့အား ဆန့်ကျင်ကန့်ကွက်ကြမည်ကိုသိ၍ ပွဲတော်ကာလတွင် မဖမ်းဆီးသင့်သေးကြောင်း အချင်းချင်းပြောဆိုနေကြ၏။ 3ထို့နောက် ကိုယ်တော်ယေရှုသည် ဗေသနိရွာတွင် အနာကြီးရောဂါကို ပျောက်ကင်းစေခဲ့ဖူးသော ရှိမုန်၏အိမ်၌ ထိုင်၍စားသောက်တော်မူနေစဉ် အမျိုးသမီးတစ်ဦးသည် အလွန်တန်ဘိုးကြီးသော နာဒုဆီမွှေးများထည့်ထားသည့် ကျောက်ဖြင့်ပြုလုပ်ထားသော ပုလင်းတစ်လုံးကိုကိုင်ဆောင်၍ ရောက်လာလေသည်။ ထို့နောက် သူမသည် နာဒုဆီမွှေးပုလင်းကိုဖွင့်၍ ကိုယ်တော်ယေရှု၏ဦးခေါင်းပေါ်သို့ သွန်းလောင်းလေ၏။ 4ထိုအခါ ထိုနေရာ၌ရှိသောလူအချို့သည် စိတ်ဆိုးဒေါသထွက်၍ “ဤအမျိုးသမီးသည် အဘယ်ကြောင့် တန်ဖိုးကြီးသော ဆီမွှေးအား ဖြုန်းတီးပစ်ရသနည်း။ 5၎င်းဆီမွှေးကို ဒေနာရီဒင်္ဂါးပြား သုံးရာကျော်နှင့်ရောင်းချ၍ ဆင်းရဲသားတွေကို ပေးလှူသင့်သည်မဟုတ်လော” ဟုအချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးအား ပြစ်တင်ပြောဆိုကြလေ၏။ 6သို့သော် ကိုယ်တော်က “ဤအမျိုးသမီးအား အပြစ်မတင်ကြနှင့်။ သူမသည် ငါ့အပေါ် ကောင်းသည့်အရာကို ပြုလုပ်ပေး ခြင်းဖြစ်သည်။ 7သင်တို့ ပတ်ဝန်းကျင်၌ ဆင်းရဲနွမ်းပါးသူတွေသည် အမြဲရှိနေမည်ဖြစ်ပြီး သူတို့အား သင်တို့ လှူဒါန်းလိုသည့်အချိန်တိုင်း ပေးကမ်းလှူဒါန်းနိုင်သည်။ သို့သော် ငါသည် သင်တို့နှင့်နောက်ထပ်အချိန်ကြာကြာ အတူရှိနေနိုင်တော့မည်မဟုတ်။ 8သူမသည် ငါ၏ကိုယ်ပေါ်၌ ကြိုတင်၍ အမွှေးနံ့သာဆီ သွန်းလောင်းပေး၍ ငါ့အား သင်္ဂြိုဟ်သည့်အမှုကိစ္စအတွက် သူမ တတ်နိုင်သည့်အရာအား ငါ့အတွက် လုပ်ဆောင်ပေးခြင်းဖြစ်သည်။ 9သင်တို့အား ငါပြောမည်။ နောင်တစ်ချိန် ကမ္ဘာတစ်ဝှမ်းလုံးတွင် မင်္ဂလာသတင်းကောင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီး ပြုခဲ့သည့်အမှုအတွက် လူတိုင်းက သူ့အကြောင်းကို အောက်မေ့သတိရ၍ ပြန်လည်ပြောဆိုကြလိမ့်မည်” ဟုမိန့်တော်မူ၏။ 10ထို့နောက် သာဝကတစ်ဆယ့်နှစ်ဦးထဲမှတစ်ဦးဖြစ်သူ ယုဒရှကာရုတ်သည် ဂျူးပုရောဟိတ်အကြီးအကဲများထံသို့သွား၍ “ယေရှုအား ဖမ်းဆီးရန် ကျွန်ုပ်ကူညီပါမည်” ဟုလျှောက်လေ၏။ 11ယုဒရှကာရုဒ်၏ ကမ်းလှမ်းချက်ကို ကြားသောအခါ ထိုသူတို့သည် အလွန်ဝမ်းသာသွားပြီး ထိုသို့ပြုလျှင် အခကြေးငွေပေးမည်ဟု ကတိပြုကြသဖြင့် ယုဒသည်လည်း ထွက်သွားပြီး ကိုယ်တော်ယေရှုအား ဖမ်းဆီးနိုင်ရန် နည်းလမ်းကောင်းကို ရှာဖွေနေလေ၏။ 12တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့ဖြစ်သည့် ပသခါသိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်များက “ပသခါပွဲတော်ကျင်းပရန်အတွက် ကျွန်ုပ်တို့ မည်သည့်နေရာ၌ ပြင်ဆင်ပေးရပါမည်နည်း” ဟုကိုယ်တော်အား မေးလျှောက်ကြလေ၏။ 13ထိုအခါ ကိုယ်တော်က တပည့်တော်နှစ်ဦးအား “သင်တို့နှစ်ဦးသည် ဂျေရုဆလင်မြို့ထဲသို့ သွားလော့။ ရေအိုးထမ်းလာသည့် လူတစ်ဦးကို တွေ့လျှင် သူ့နောက်ကို လိုက်သွားကြလော့။ 14သူဝင်သွားသောအိမ်ကို ဝင်ကြ၍ အိမ်ရှင်အား ‘ကိုယ်တော်သည် တပည့်တော်များနှင့်အတူ ပသခါပွဲတော်ကျင်းပရန် သင့်တော်သည့်အခန်း ဘယ်မှာရှိသနည်းလို့ မေးမြန်စေလိုက်ပါသည်’ ဟုဆိုကြလော့။ 15အိမ်ရှင်သည် အပေါ်ထပ်တွင်ရှိသည့် ခန်းမကြီးအား သင်တို့ကို ပြလိမ့်မည်။ ထိုခန်းမ၌ ပသခါပွဲအတွက် ပြင်ဆင်ကြပါ” ဟုမိန့်တော်မူ၏။ 16တပည့်တော်နှစ်ဦးသည်လည်း ကိုယ်တော့်ထံမှထွက်ခွါ၍ မြို့ထဲသို့ရောက်သောအခါ ကိုယ်တော်ယေရှုမိန့်တော်မူသည့်အတိုင်း တွေ့ရသောကြောင့် ထိုနေရာ၌ ပသခါပွဲတော်အတွက် ပြင်ဆင်ကြလေ၏။ 17ညနေစောင်းအချိန်သို့ရောက်သော် ကိုယ်တော်ယေရှုသည် သာဝကတစ်ဆယ့်နှစ်ဦးနှင့်အတူ ထိုအိမ်သို့ လာကြလေ၏။ 18ထို့နောက် စားပွဲတွင် အတူတကွထိုင်၍စားသောက်နေကြစဉ် ကိုယ်တော်ယေရှုက “နားထောင်ကြလော့။ ငါနှင့်အတူ စားသောက်နေကြသည့်အထဲ၌ တစ်ဦးသည် ငါ့အား သစ္စာဖောက်၍ ရန်သူများလက်သို့ အပ်နှံလိမ့်မည်” ဟုမိန့်တော်မူ၏။ 19တပည့်တော်တို့သည် အလွန်စိတ်မကောင်းစွာဖြင့် ကိုယ်တော်အား “အကျွန်ုပ်မဟုတ်သည်မှာ သေချာပါ၏” ဟုတစ်ယောက်ပြီးတစ်ယောက် ဆိုကြလေ၏။ 20ထိုအခါ ကိုယ်တော်က “သူသည် ငါနှင့်ဟင်းခွက်တစ်ခုထဲနှိုက်၍ အတူစားသောက်နေသည့် သင်တို့တစ်ဆယ့်နှစ်ယောက်ထဲမှ ဖြစ်သည်။ 21လူ့သားတော်ဖြစ်သည့် ငါသည် ကျမ်းစာ၌ ဖော်ပြထားတဲ့အတိုင်း သေရမည်ဖြစ်သည်။ သို့ရာတွင် ငါ့အား သစ္စာဖောက်သည့်သူသည် အလွန်တရာဆိုးရွားလှသည့် အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်။ သူသည် ဤကဲ့သို့ခံစားရမည့်အစား မမွေးဖွားလာခဲ့လျှင်တောင် ပိုပြီးကောင်းပါလိမ့်မည်” ဟုမိန့်တော်မူလေသည်။ 22ထိုသို့အတူတကွစားသောက်နေကြစဉ် ကိုယ်တော်ယေရှုသည် မုန့်တစ်ခုကိုယူ၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား “ဤမုန့်သည် ငါ၏ကိုယ်ခန္ဓာဖြစ်သည်” ဟုမိန့်တော်မူ၏။ 23ထို့နောက် စပျစ်ရည်ပါသောခွက်ကိုယူ၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပူဇော်ပြီး တပည့်တော်တို့ကိုပေးသော် တပည့်တော်တို့သည်လည်း ထိုစပျစ်ရည်ခွက်ကို ယူ၍သောက်ကြလေ၏။ 24ထို့နောက် ကိုယ်တော်က “ဤစပျစ်ရည်သည် လူအများ၏အကျိုးအတွက် ပဋိညာဉ်အဖြစ် သွန်းလောင်းသည့် ငါ၏အသွေးဖြစ်သည်။ 25သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားရှင်၏နိုင်ငံတော်၌ ဤစပျစ်ရည်ကို အသစ်ပြန်သောက်မည့်နေ့တိုင်အောင် နောက်တစ်ကြိမ် ငါသောက်တော့မည်မဟုတ်” ဟုမိန့်တော်မူလေ၏။ 26ထို့နောက် ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့သည် ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသီဆို၍ သံလွင်တောင်သို့ တက်သွားကြလေသည်။ 27ထိုသို့သွားနေစဉ် ကိုယ်တော်ယေရှုသည် တပည့်များကို “ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ‘ငါသည်သိုးထိန်းအား သတ်တော့မည်ဖြစ်၍ သိုးများအားလုံး တစ်ကွဲတစ်ပြားဖြစ်ကြရလိမ့်မည်’ ဟုဆိုသည့် ငါ့အကြောင်းသည် အမှန်တစ်ကယ်ဖြစ်လာတော့မည်။ သင်တို့သည်လည်း ငါ့အား ထားခဲ့၍ ထွက်ပြေးကြလိမ့်မည်။ 28သို့သော် ငါသည် သေရာမှ အသက်ပြန်ရှင်ပြီးသောအခါ သင်တို့နှင့်တွေ့ဆုံရန်အတွက် ဂါလိလဲပြည်သို့ သင်တို့၏ရှေ့မှ အရင်ဦးစွာသွားနှင့်မည်” ဟုမိန့်တော်မူ၏။ 29ထိုအခါ ပေတရုက “ကိုယ်တော့်အား တခြားသူများ စွန့်ပစ်သွားခဲ့လျှင်ပင် အကျွန်ုပ်သည် မည်သည့်အခါမှ စွန့်ပစ်မည်မဟုတ်ပါ” ဟုလျှောက်တင်သဖြင့် 30ကိုယ်တော်ယေရှုက “သင့်အား ငါအမှန်ဆိုမည်ကား၊ ယနေ့ည ကြက်နှစ်ကြိမ်မတွန်မီမှာပင် သင်သည် ငါ့ကို မသိဘူးပါဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟုမိန့်တော်မူ၏။ 31သို့သော် ပေတရုက “ကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ သေရမည်ဆိုလျှင်ပင် ကိုယ်တော့်အား မသိပါဟု မည်သည့်အခါမှ ငြင်းဆိုမည်မဟုတ်ပါ” ဟုအခိုင်အမာပြောဆိုလေသည်။ အခြားတပည့်တော်များသည်လည်း ထိုနည်းတူ ပြောဆိုကြလေ၏။ 32ထို့နောက် ကိုယ်တော်နှင့်တပည့်တော်များသည် ဂေသရှေမန်ဟုအမည်တွင်သောအရပ်သို့ ရောက်သောအခါ ကိုယ်တော်က “ငါ ဝတ်ပြုဆုတောင်းနေစဉ် သင်တို့ ဤနေရာ၌ ထိုင်နေကြလော့” ဟုမိန့်တော်မူပြီး 33ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူပြီး ကိုယ်တော်သည် အလွန်ပင်ဝမ်းနည်းပူဆွေးလျှက်ရှိ၏။ 34ကိုယ်တော်က တပည့်တော်သုံးဦးတို့အား “ငါ၏စိတ်နှလုံးသည် သေလုမတတ် ပူဆွေးသောကရောက်နေရသည်။ ဤနေရာ၌ နိုးကြားစွာ စောင့်ကြပ်နေကြလော့” ဟုမိန့်တော်မူပြီးလျှင် 35အနည်းငယ်အလှမ်းဝေးသောနေရာသို့သွား၍ ဒူးထောက်လိုက်ပြီး မြေကြီးပေါ်တွင် မျက်နှာကိုအပ်ခါ သူ့အပေါ်၌ ကျရောက်လာမည့် ဒုက္ခဝေဒနာများကို ဖြစ်နိုင်လျှင် ဖယ်ရှားပေးရန်အတွက် ဘုရားရှင်အား 36“အဖဘုရားရှင်၊ အဖဘုရားရှင်အတွက် မဖြစ်နိုင်သည့်အရာ မရှိပါ။ အကျွန်ုပ်သည်လည်း ဤဒုက္ခဝေဒနာတို့ကို မခံယူလိုပါ။ သို့သော် အကျွန်ုပ်၏အလိုဆန္ဒအတိုင်း မဟုတ်ဘဲ အဖဘုရားရှင်၏အလိုတော်အတိုင်းသာ ဆောင်ရွက်တော်မူပါ” ဟုဆုတောင်းလေ၏။ 37ထို့နောက် ကိုယ်တော်သည် တပည့်တော်သုံးဦးထံသို့ ပြန်လာသောအခါ တပည့်တော်များ အိပ်ပျော်နေသည်ကို တွေ့ရသဖြင့် ပေတရုအား “ရှိမုန်၊ သင် အဘယ်ကြောင့်အိပ်ပျော်နေသနည်း။ အချိန်တစ်နာရီလောက်ပင် သတိဖြင့်နိုးကြားစွာမနေနိုင်သလော။ 38သင်တို့သည် စိတ်နှလုံးထဲမှ ဆန္ဒရှိကြသော်လည်း ကိုယ်ခန္ဓာသည် အားနည်းကြ၏။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ဆုတောင်း၍ သတိနှင့်နိုးကြားစွာနေကြလော့” ဟုမိန့်တော်မူလေ၏။ 39ထို့နောက် ကိုယ်တော်သည် တဖန်ထွက်ခွာသွား၍ ယခင်အတိုင်း ထပ်မံ ဆုတောင်းလေ၏။ 40ကိုယ်တော် နောက်တဖန်ပြန်ရောက်လာသောအခါတွင်လည်း သူတို့သည် မျက်လုံးများမဖွင့်နိုင်တော့ဘဲ ထပ်မံ၍ အိပ်ပျော်လျှက်ရှိသည်ကို တွေ့ရလေ၏။ ကိုယ်တော်က သူတို့အား နှိုးလိုက်သည့်အခါ သူတို့သည်လည်း ကိုယ်တော်အား မည်သို့လျှောက်ရမည်ကို မသိဘဲဖြစ်နေကြ၏။ 41ထို့နောက် ကိုယ်တော်သည် တတိယအကြိမ်ဆုတောင်း၍ ပြန်လာသောအခါ၌ တပည့်တော်တို့အား “သင်တို့သည် အခုထိအောင် အိပ်စက်အနားယူနေကြသလော။ လူ့သားတော်အား အပြစ်ဒုစရိုက်သားများ လက်ထဲသို့ အပ်နှံခံရမည့်အချိန်ကျလေပြီ။ 42ယခုပင် ထ၍ သွားကြစို့။ ငါ့အား အပ်နှံမည့်သူရောက်လာလေပြီ” ဟုမိန့်တော်မူလေ၏။ 43ကိုယ်တော်ယေရှု ထိုသို့မိန့်တော်မူနေစဉ် သာဝကတစ်ဆယ့်နှစ်ဦးထဲမှတစ်ဦးဖြစ်သူ ယုဒရှကာရုဒ်သည် ထိုနေရာသို့ရောက်လာ၏။ သူနှင့်အတူ ဂျူးပုရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ဆရာများစေလွှတ်လိုက်သော လူအုပ်ကြီးသည်လည်း တုတ်များ၊ ဓါးများ ကိုင်ဆွဲ၍ လိုက်ပါလာကြ၏။ 44သစ္စာဖေါက်ယုဒရှကာရုဒ်သည် ထိုလူအုပ်ကြီးအား “ငါ ပွေ့ဖက်၍ နမ်းလိုက်သည့်သူသည် သင်တို့ဖမ်းရမည့်သူဖြစ်သည်။ သူ့ကို ဖမ်းဆီး၍ လုံခြုံစွာခေါ်သွားကြ” ဟုကြိုတင်ပြောထားပြီးဖြစ်သည်။ 45ထို့ကြောင့် ယုဒရှကာရုဒ်သည် ကိုယ်တော်ယေရှုထံသို့ ရောက်သည်နှင့် “ကိုယ်တော်” ဟုဆိုကာ သူ့အား ပွေ့ဖက်၍နမ်းလေ၏။ 46ထိုအခါ လူတို့သည်လည်း ကိုယ်တော်ယေရှုကို ဖမ်းဆီးချုပ်နှောင်လိုက်ကြလေ၏။ 47ထိုစဉ် ကိုယ်တော်၏ဘေးတွင် ရပ်နေသောသူများထဲမှ လူတစ်ယောက်သည် ဓါးရှည်ကိုထုတ်၍ အကြီးဆုံးပုရောဟိတ်၏အစေခံတစ်ဦးအား ခုတ်လိုက်ရာ ထိုအစေခံသည် နားရွက်ပြတ်သွားလေ၏။ 48ထိုအခါ ကိုယ်တော်ယေရှုက ထိုလူအုပ်ကြီးအား “သင်တို့သည် ငါ့အား ဖမ်းဆီးရန် ဓားများ၊ တုတ်များ ကိုင်ဆွဲလာရန် လိုအပ်ရလောက်အောင် ငါသည် သူခိုးဓါးပြနှင့်တူနေသလော။ 49နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ ငါဟောပြောသွန်သင်နေသည့်အချိန်တွင် သင်တို့လည်းအတူရှိနေခဲ့ ကြသော်လည်း အဘယ်ကြောင့်ငါ့ကို မဖမ်းဆီးခဲ့ကြသနည်း။ သို့သော်လည်း ဤသို့ဖြစ်လာခြင်းသည် ကျမ်းစာ၌ရေးထားသည့် အကြောင်းအရာများ ပြည့်စုံလာစေဖို့ဖြစ်သည်” ဟုမိန့်တော်မူ၏။ 50ကိုယ်တော်၏တပည့်တော်အားလုံးသည်လည်း ချက်ချင်းပင် ကိုယ်တော့်အား ထားခဲ့၍ ထွက်ပြေးသွားကြလေသည်။ 51ကိုယ်တော်ယေရှုနောက်သို့လိုက်လာသည့် ပိတ်ချောထည်တစ်ခုသာ ခြုံထားသော လူငယ်တစ်ဦးကိုလည်း လူတို့က ဖမ်းဆီးရန် လှမ်းဆွဲလိုက်သောအခါ 52ထိုလူငယ်သည် ခြုံထားသောပိတ်ချောထည်ကို ထားခဲ့၍ အဝတ်ဗလာဖြင့် ထွက်ပြေးသွားလေ၏။ 53ထို့နောက် လူတို့သည် ကိုယ်တော်ယေရှုအား အကြီးဆုံးပုရောဟိတ်၏အိမ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။ ဂျူးပုရောဟိတ်အကြီးအကဲများ၊ ဂျူးလူမျိုးခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည်လည်း ထိုအိမ်သို့ လာရောက်စုဝေးကြလေသည်။ 54ပေတရုသည်လည်း အကြီးဆုံးပုရောဟိတ်၏ခြံဝန်းထဲအထိ မလှမ်းမကမ်းမှ လိုက်လာကာ အစောင့်များနှင့်အတူ မီးပုံဘေးတွင်ထိုင်၍ မီးလှုံနေလေ၏။ 55ဂျူးပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်များသည် ကိုယ်တော်ယေရှုအား သေဒဏ်ပေးနိုင်ရန်အတွက် သက်သေများကို ရှာဖွေနေကြသော်လည်း တစ်စုံတစ်ရာမှ ရှာမတွေ့ကြပေ။ 56လူများစွာတို့သည် ကိုယ်တော်အား မမှန်ကန်သောသက်သေထွက်ဆိုချက်များဖြင့် စွပ်စွဲကြသော်လည်း ထိုသူတို့ပြောဆိုသည်များမှာ တစ်ဦးနှင့်တစ်ဦးကိုက်ညီမှုမရှိဘဲ ဖြစ်နေလေ၏။ 57ထို့နောက် လူအချို့က မတ်တပ်ရပ်၍ ကိုယ်တော့်အကြောင်းကို ဤသို့လိမ်လည်ထွက်ဆိုကြလေ၏။ 58ထိုသူတို့က “ဤလူက ‘ငါသည် လူတွေလက်နှင့်တည်ဆောက်ထားသည့် ဗိမာန်တော်ကို ဖြိုချ၍ လူ့လက်နှင့် မတည်ဆောက်သော ဗိမာန်တော်အား သုံးရက်အတွင်း ပြန်တည်ဆောက်မည်’ ဟုဆိုခြင်းကို အကျွန်ုပ်တို့ ကြားခဲ့ရပါသည်” ဟုထွက်ဆိုကြလေ၏။ 59သို့သော် ထိုသူတို့၏ သက်သေထွက်ဆိုချက်များသည် အလားတူပင် ကိုက်ညီမှုမရှိဘဲ ဖြစ်နေလေ၏။ 60ထို့ကြောင့် အကြီးဆုံးပုရောဟိတ်သည်လည်း လူအများ၏အလည်တွင် မတ်တပ်ရပ်၍ ကိုယ်တော်ယေရှုအား “လူတို့က သင့်အား စွပ်စွဲ၍ သက်သေထွက်ဆိုနေကြသည်ကို သင်မည်ကဲ့သို့ ချေပပြောဆိုမည်နည်း” ဟုမေးလေ၏။ 61သို့သော် ကိုယ်တော်သည် မည်သည်ကိုမျှ ပြန်လည်ဖြေကြားခြင်းမရှိဘဲ တိတ်ဆိတ်စွာ နေလေ၏။ ထို့ကြောင့် အကြီးဆုံးပုရောဟိတ်သည် ကိုယ်တော်အား “သင်သည် ဘုရားရှင်၏သားတော် ကယ်တင်ရှင်မေရှိယဟုတ်သလော” ဟုထပ်မံ၍ မေးသောအခါ 62ကိုယ်တော်က “မှန်ပါသည်။ သင်တို့သည် လူ့သားတော် ဖြစ်သည့်ငါ့ကို ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တနှင့်ပြည့်စုံတော်မူသည့် ဘုရားရှင်၏လက်ယာဘက်မှာထိုင်၍ အုပ်ချုပ်စိုးစံနေသည်ကိုလည်းကောင်း၊ ရွှေမြို့တော်မှ မိုးတိမ်တိုက်များကို ဖြတ်၍ ပြန်လည်ကြွရောက် လာသည်ကိုလည်းကောင်း သင်တို့တွေ့မြင်ကြရလိမ့်မည်” ဟု ပြန်လည်မိန့်တော်မူသဖြင့် 63အကြီးဆုံးပုရောဟိတ်သည် မိမိ၏အပေါ်ဝတ်ရုံအား ဆွဲဖြဲကာ “ငါတို့အတွက် နောက်ထပ်မည်သည့်သက်သေမှ မလိုအပ်တော့ပေ။ 64ဤလူသည် ဘုရားရှင်အား စော်ကားပြောဆိုနေသည်ကို သင်တို့ကြားကြရပြီဖြစ်သည်။ သူ့ကို မည်သို့စီရင်ကြမည်နည်း” ဟုမေးလေ၏။ ထိုအခါ တရားလွှတ်တော်အဖွဲ့ဝင်များအားလုံးသည်လည်း ကိုယ်တော်ယေရှုအား အပြစ်ရှိသည်ဟု သဘောတူလိုက်ကြပြီး သေဒဏ်ပေးသင့်သည်ဟုလည်း ဆုံးဖြတ်ကြလေသည်။ 65ထို့နောက် လူတစ်ချို့သည် ကိုယ်တော့်အား တံတွေးများဖြင့် ထွေးကြလေ၏။ သူတို့သည် ကိုယ်တော်၏မျက်လုံးအား အဝတ်ဖြင့်စည်း၍ ရိုက်နှက်ကာ သူ့အား “သင်သည် အရိယာသူတော်စင်ဆိုလျှင် ယခုသင့်ကို မည်သူရိုက်နှက်သည်ဆိုသည်ကို ဟောကြည့်ပါ” ဟုပြောဆိုကြပြီး အစောင့်များသည်လည်း ကိုယ်တော်အား ရိုက်နှက်ကြလေ၏။ 66ထိုအချိန်၌ ပေတရုသည် ထိုအိမ်၏ခြံဝင်းထဲတွင်ရှိနေစဉ် အကြီးဆုံးပုရောဟိတ်၏အမျိုးသမီးအစေခံတစ်ဦးသည် ပေတရုရှိသည့်နေရာသို့ ရောက်လာလေရာ 67ထိုအမျိုးသမီးသည် ပေတရု မီးလှုံနေသည်ကို မြင်သောအခါ သူ့အနားသို့ချဉ်းကပ်လာပြီး သူ့အား သေချာကြည့်ကာ “သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့် အတူရှိခဲ့သည်မဟုတ်လော” ဟုဆိုလေ၏။ 68ထိုအခါ ပေတရုသည် “သင်မည်သည့်အကြောင်းကို ဆိုသည်ကို ကျွန်ုပ်မသိပါ” ဟုငြင်းဆန်လေ၏။ ထို့နောက် ပေတရုသည် ထိုနေရာမှ ထွက်လာပြီး ခြံ၏ဂိတ်တံခါးဝဆီသို့သွားချိန်တွင် ပထမဆုံးသော ကြက်တွန်သံကို ကြားရလေ၏။ 69သို့သော် ထိုအစေခံအမျိုးသမီးသည်လည်း ပေတရုအား မြင်တွေ့ထားပြီးဖြစ်သဖြင့် အနီး၌ရှိသော အခြားသူတို့အား “သူသည် ယေရှု၏အဖွဲ့သား တစ်ဦးဖြစ်သည်” ဟုထပ်မံပြောဆိုလေ၏။ 70ပေတရုသည်လည်း ထပ်မံ၍ ငြင်းဆိုလေသည်။ အချိန်အနည်းငယ်ကြာသောအခါ ပေတရုအနီး၌ ရပ်နေကြသောသူများသည် ပေတရုအား “သင်စကားပြောဆိုပုံသည် ဂါလိလဲပြည်သားတို့၏ စကားပြောဆိုပုံနှင့်တူသည်။ ထို့ကြောင့် သင်သည်လည်း အမှန်တစ်ကယ်ပင် ယေရှု၏တပည့်များထဲမှ တစ်ဦးဖြစ်ရမည်” ဟုပြောဆိုကြလေသည်။ 71ထို့နောက် ပေတရုသည် ဘုရားရှင်ထံ ကျိန်ဆို၍ “သင်တို့ဆိုသည့်သူအား ကျွန်ုပ် အမှန်တကယ်ပင် မသိပါ” ဟုငြင်းဆိုလေသည်။ 72ချက်ချင်းပင် ဒုတိယအကြိမ် ကြက်တွန်လေသည်။ ထိုအခါ ပေတရုသည် သူ့အား ကိုယ်တော်မိန့်ဆိုခဲ့သည့် “ဤည ကြက်နှစ်ကြိမ်မတွန်ခင်မှာသင်သည် ငါ့ကိုမသိပါလို့ သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသောစကားကို ပြန်လည်အမှတ်ရသွားပြီး ချုံးပွဲချ ငိုကြွေးလေတော့၏။

Tällä hetkellä valittuna:

Mark 14: TPV-RV

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään