Logo YouVersion
Îcone de recherche

မဿဲ 15

15
အတွင်းစိတ် စင်ကြယ်ခြင်း​အကြောင်း သွန်သင်တော်မူခြင်း
1ထိုအခါ ဂျေရုဆလင်မြို့​မှ ဖာရိရှဲ​နှင့် ကျမ်းတတ်ဆရာ​တချို့​သည် ယေရှု​ထံတော်သို့ လာ​၍ 2“သင်​၏​တပည့်တို့​သည် ရှေးလူကြီးများ​၏ ဓလေ့ထုံးတမ်း​ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ သူတို့​သည် အစာ​မစား​မီ ဂျူးဓလေ့ထုံးတမ်း​အရ​လက်ဆေးခြင်း​အစဉ်အလာ​ကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
3ယေရှု​က “သင်တို့​သည်လည်း သင်တို့​၏ ဓလေ့ထုံးတမ်း​အတွက် ဘုရားသခင်​၏ ပညတ်တော်​ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ 4ဘုရားသခင်​က ‘မိဘ​ကို ရိုသေလော့။#15:4 ထွ ၂၀:၁၂၊ တရား ၅:၁၆။ မိဘ​ကို ကျိန်ဆဲသော​သူ​သည် အမှန်​သေရမည်’#15:4 ထွ ၂၁:၁၇၊ ဝတ် ၂၀:၉။ ဟု မိန့်တော်မူ၏။ 5သို့ရာတွင် သင်တို့​ကမူ ‘မိဘ​အား ထောက်ပံ့​ရန် ပစ္စည်း​ရှိ​သော်လည်း ထို​ပစ္စည်း​ကို ဘုရားသခင်​အား လှူဒါန်းပြီး​ဖြစ်​ပါက သူတို့​ကို ထောက်ပံ့​ရန် မလိုတော့’ ဟု သွန်သင်ကြ၏။ 6ဤ​နည်း​ဖြင့် သင်တို့​သည် မိဘ​ကို ရိုသေ​ရန် မလိုအပ်ကြောင်း လူတို့​အား သွန်သင်ကြ၏။ သင်တို့​သည် သင်တို့​၏​ဓလေ့ထုံးတမ်း​အတွက် ဘုရားသခင်​၏​ပညတ်တော်​ကို ချိုးဖောက်ကြ၏။ 7သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​အကြောင်း​ကို ဟေရှာယ​က
8‘ဤ​သူတို့​သည် ငါ့​ကို နှုတ်​ဖြင့် ရိုသေကြ၏။
သို့သော် သူတို့​၏ စိတ်နှလုံး​မှာမူ ငါ​နှင့် ဝေးကွာလှ၏။
9သူတို့​သည် လူ့​စည်းမျဉ်းတို့​ကို ဘုရားသခင်​ထံမှ​လာသော သွန်သင်ချက်များ​အဖြစ် သွန်သင်ကြ၏။
သို့ဖြစ်၍ ငါ့​ကို သူတို့​ကိုးကွယ်ကြသည်​မှာ အချည်းနှီး​ဖြစ်၏’#15:9 ဟေရှာ ၂၉:၁၃။
ဟူ၍ ကြိုတင်ဟောသည်​မှာ မှန်လှ၏” ဟု မိန့်တော်မူ၏။
10ထို့နောက် ယေရှု​သည် လူထု​ပရိသတ်​ကို ခေါ်​၍ “ငါ့​စကား​ကို သင်တို့​နားထောင်​၍ နားလည်​ရန်​ကြိုးစားကြလော့။ 11ခံတွင်း​သို့ ဝင်သော​အရာ​သည် လူ​ကို ညစ်ညမ်းစေသည်​မဟုတ်ပါ။ သို့သော် ခံတွင်း​မှ ထွက်လာသော​အရာ​သည်သာ လူ​ကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။
12ထိုအခါ တပည့်တော်တို့​သည် ချဉ်းကပ်​၍ “ကိုယ်တော်​မိန့်တော်မူသော​စကား​ကို ကြား​သောအခါ ဖာရိရှဲတို့​သည် မကျေမနပ်​ဖြစ်ကြသည်​ကို သိတော်မူသလော” ဟု လျှောက်ကြ၏။
13ယေရှု​က “ကောင်းကင်ဘုံရှင် ငါ​၏​ခမည်းတော် မစိုက်ပျိုးသော​အပင်​ရှိသမျှတို့​သည် အမြစ်​မှ​နုတ်ယူခြင်း​ခံရ​လိမ့်မည်။ 14သူတို့​ဘာသာ ရှိပါစေ။ ထို​သူတို့​သည် မျက်မမြင်တို့​ကို လမ်းပြသော​မျက်မမြင်များ​ဖြစ်ကြ၏။ မျက်မမြင်​တစ်ဦး​သည် အခြား​မျက်မမြင်​တစ်ဦး​ကို လမ်းပြ​ပါက နှစ်ဦးလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်” ဟု မိန့်တော်မူ၏။
15ထိုအခါ ပေတရု​က “ခံတွင်း​သို့ ဝင်သော​အရာ​သည် လူ​ကို ညစ်ညမ်းစေသည်​မဟုတ်ပါ​ဟူသည့် ပုံဥပမာ​စကား​ကို အကျွန်ုပ်တို့​အား ရှင်းပြတော်မူပါ” ဟု လျှောက်လေ၏။
16ထိုအခါ ယေရှု​က “သင်တို့​သည်လည်း နားမလည်ဘဲ ရှိနေကြ​သေးသလော။ 17ခံတွင်း​သို့ ဝင်​သမျှသော​အရာ​သည် ဝမ်း​ထဲသို့​ရောက်​၍ ရေအိမ်​သို့​စွန့်ရသည်​ကို နားမလည်သလော။ 18သို့သော် ခံတွင်း​မှ ထွက်သော​စကား​သည် စိတ်နှလုံး​မှ ထွက်လာ​သဖြင့် လူ​ကို ညစ်ညမ်းစေ၏။ 19ဆိုးညစ်သော​ကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါး​သားမယား​ကို​ပြစ်မှားခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ခိုးခြင်း၊ မမှန်သော​သက်သေ​ထွက်ဆိုခြင်း၊ စော်ကား​ပြောဆိုခြင်း စသည်တို့​သည် စိတ်နှလုံး​မှ ထွက်လာ၏။ 20ဤ​အရာများ​သည်သာ လူ​ကို​ညစ်ညမ်းစေ၏။ လက်​မဆေးဘဲ​အစာစားခြင်း​သည် မညစ်ညမ်းစေပါ” ဟု မိန့်တော်မူ၏။
လူမျိုးခြား​အမျိုးသမီး​တစ်ဦး​၏ ယုံကြည်ခြင်း
21ယေရှု​သည် ဂါလိလဲပြည်​မှ ထွက်ခွာ​၍ တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တို့​၏ အရပ်ဒေသများ​သို့ ကြွတော်မူ၏။ 22ထိုအခါ ထို​ဒေသ​တွင်​နေထိုင်သော လူမျိုးခြား​အမျိုးသမီး​တစ်ဦး​သည်#15:22 မူရင်း​ဂရိကျမ်း​တွင် “ခါနာန်​အမျိုးသမီး” ဟု ဖော်ပြထားသည်။ အထံတော်သို့​လာ​၍ “အို သခင်… ဒါဝိဒ်မင်း​၏​သားတော်… ကျွန်မ​ကို သနားတော်မူပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုးပူး​သဖြင့် နတ်ဆိုး​နှိပ်စက်ခြင်း​ကို ခံနေရပါသည်” ဟု အော်ဟစ်​၍ လျှောက်လေ၏။
23သို့သော်လည်း ယေရှု​သည် သူ့​အား စကား​တစ်ခွန်း​မျှ တုံ့ပြန်တော်​မမူဘဲ နေတော်မူ၏။ ထိုအခါ တပည့်တော်တို့​သည် ယေရှု​ထံတော်သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​အား ပြန်စေတော်မူပါ။ သူ​သည် အကျွန်ုပ်တို့​နောက်​မှ လိုက်​ကာ အော်ဟစ်​၍ အနှောင့်အယှက်​ဖြစ်စေပါသည်” ဟု လျှောက်ကြ၏။
24ထိုအခါ ယေရှု​က ထို​အမျိုးသမီး​အား “ငါ​သည် ဘုရားသခင်​၏ ပျောက်သော​သိုးများ​ဖြစ်သည့် အစ္စရေးလူမျိုး​ထံသို့​သာ စေလွှတ်ခြင်း​ခံရသည်” ဟု မိန့်တော်မူ၏။
25သို့သော် ထို​အမျိုးသမီး​သည် ရှေ့တော်မှောက်​သို့​ချဉ်းကပ်​၍ ဝပ်တွားခယ​လျက် “သခင်… ကျွန်မ​ကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။
26ယေရှု​က “သားသမီးတို့​၏ မုန့်​ကို​ယူ​၍ ခွေးများ​အား ချ​မကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
27အမျိုးသမီး​က “မှန်ပါသည် သခင်။ သို့သော်လည်း ခွေးများ​ပင်လျှင် သူတို့​သခင်​၏​စားပွဲ​မှ ကျသော​စားကြွင်းစားကျန်​ကို စားခွင့်​ရပါသည်” ဟု လျှောက်လေ၏။
28ထိုအခါ ယေရှု​က “အို အမျိုးသမီး… သင်​သည် ယုံကြည်ခြင်း​အားကြီးလှ၏။ သင့်​ဆန္ဒ​ရှိသည့်​အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထို​အချိန်​တွင်ပင် ထို​အမျိုးသမီး​၏ သမီး​သည် ကျန်းမာလာလေ၏။
လူ​များစွာ​ကို ကျန်းမာစေတော်မူခြင်း
29ယေရှု​သည် ထို​ဒေသ​မှ ထွက်ခွာတော်မူ​ပြီးလျှင် ဂါလိလဲအိုင်​နား​သို့ ရောက်​သော် တောင်ပေါ်​သို့​တက်​၍ ထိုင်တော်မူ၏။ 30လူထုကြီး​သည် ကိုယ်တော်​ထံသို့​လာ​၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါ​ချို့တဲ့သူများ၊ ဆွံ့အသူများ​နှင့် အခြား​မကျန်းမာသူ​များစွာ​ကို ခေါ်ဆောင်လာ​ကာ ခြေတော်ရင်း​တွင် ထားကြ၏။ ယေရှု​သည်လည်း သူတို့​အား ကျန်းမာစေတော်မူ၏။ 31လူထုကြီး​သည် ဆွံ့အသူများ စကားပြောကြသည်​ကို​လည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်း​ဖြစ်လာကြသည်​ကို​လည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်​နိုင်သွားကြသည်​ကို​လည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်​ကို​လည်းကောင်း မြင်တွေ့​သောအခါ အံ့အားသင့်​၍ အစ္စရေးလူမျိုး​၏​ဘုရားသခင်​ကို ချီးမွမ်းကြ၏။
လူ​လေးထောင်​ကို ကျွေးမွေးတော်မူခြင်း
32ထိုအခါ ယေရှု​သည် တပည့်တော်တို့​ကို ခေါ်​၍ “ဤ​လူတို့​ကို ငါ​သနား၏။ သူတို့​သည် သုံးရက်​တိုင်တိုင် ငါ​နှင့်အတူ ရှိကြပြီ။ သူတို့​ထံ၌ မည်သည့်​စားစရာ​မျှ မရှိ။ လမ်း​တွင် အားပြတ်မည်​ကို​စိုးရိမ်ရ​သောကြောင့် သူတို့​ကို စားစရာ​မကျွေးဘဲ မပြန်စေလိုပါ” ဟု မိန့်တော်မူ၏။
33တပည့်တော်တို့​က “ဤမျှလောက်​များသော​လူတို့​အား ဝလင်​စွာ​ကျွေးမွေး​ရန် စားစရာ​ကို ဤ​တောကန္တာရ​တွင် မည်သို့​ရနိုင်မည်နည်း” ဟု လျှောက်ကြ၏။
34ယေရှု​က “သင်တို့​တွင် မုန့်​မည်မျှ​ရှိသနည်း” ဟု မေးတော်မူ​သော် “မုန့်​ခုနစ်လုံး​နှင့် ငါးကလေး​အနည်းငယ်​ရှိပါသည်” ဟု လျှောက်ကြ၏။
35ထိုအခါ ယေရှု​က လူထု​ပရိသတ်တို့​အား မြေ​ပေါ်တွင် ထိုင်​ရန် ညွှန်ကြားတော်မူ၏။ 36ထို့နောက် မုန့်​ခုနစ်လုံး​နှင့် ငါးများ​ကို ယူ​လျက် ကျေးဇူးတော်​ချီးမွမ်း​ပြီးလျှင် ချိုးဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ၏။ တပည့်တော်တို့​သည်လည်း လူထု​ပရိသတ်တို့​အား ပေးဝေကြ၏။
37လူတိုင်း ဝလင်​စွာ စားကြ​ပြီးနောက် ကြွင်းကျန်သည့် အကျိုးအပဲ့များ​ကို တောင်း​ထဲသို့ ကောက်သိမ်း​ရာ ခုနစ်တောင်း​အပြည့်​ရကြ၏။ 38စားကြသော​သူ​အရေအတွက်​မှာ အမျိုးသမီးများ​နှင့် ကလေးများ​ကို မရေတွက်ဘဲ အမျိုးသား​လေးထောင်​ရှိ၏။ 39ထို့နောက် ယေရှု​သည် လူထု​ကို ပြန်စေတော်မူ​ပြီးနောက် လှေစီး​ကာ မာဂဒါလနယ်​သို့ ကြွတော်မူလေ၏။

Sélection en cours:

မဿဲ 15: BCB

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi