Logo YouVersion
Îcone de recherche

မဿဲ 16

16
အံ့ဖွယ်​နိမိတ်​လက္ခဏာ တောင်းဆိုခြင်း
1တစ်နေ့​တွင် ဖာရိရှဲ​နှင့် ဇဒ္ဒုကဲတို့​သည် ယေရှု​ကို စမ်းသပ်လို​သဖြင့် ချဉ်းကပ်​၍ ကောင်းကင်​မှ နိမိတ်​လက္ခဏာ​ကို​ပြ​ရန် တောင်းဆိုကြ၏။ 2ယေရှု​က “သင်တို့​သည် ညနေခင်း​ရောက်​သောအခါ ‘ကောင်းကင်​နီသည်​ဖြစ်၍ မနက်ဖြန်​တွင် ရာသီဥတု​သာယာ​လိမ့်မည်’ ဟု ဆိုတတ်ကြ၏။ 3မနက်ခင်း​တွင် ‘ကောင်းကင်​နီ​၍ အုံ့မှိုင်းသည်​ဖြစ်၍ ယနေ့ မုန်တိုင်း​ကျ​လိမ့်မည်’ ဟု ဆိုတတ်ကြ၏။ သင်တို့​သည် ကောင်းကင်​ကို ကြည့်​၍ မိုးလေဝသ​အခြေအနေ​ကို ပိုင်းခြား​သိမြင်နိုင်ကြ၏။ သို့သော် အချိန်ကာလများ​၏ နိမိတ်​လက္ခဏာများ​ကိုမူ ပိုင်းခြား​သိမြင်နိုင်ခြင်း​မရှိကြ။ 4ဆိုးညစ်​၍ ဘုရားသခင်​ကို မယုံကြည်သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို တောင်းတတ်၏။ သို့သော် ငါ​သည် ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှလွဲ၍ မည်သည့်​နိမိတ်​လက္ခဏာ​ကိုမျှ ပြမည်​မဟုတ်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှု​သည် သူတို့​ထံမှ ထွက်ခွာ​၍ ကြွတော်မူ၏။
ဖာရိရှဲ​နှင့် ဇဒ္ဒုကဲတို့​၏ တဆေး
5ကမ်းတစ်ဖက်​သို့ ရောက်​သောအခါ တပည့်တော်တို့​က မိမိတို့​သည် စားစရာ​ယူလာ​ရန် မေ့လျော့ကြောင်း သတိပြုမိကြ၏။ 6ယေရှု​က “ဖာရိရှဲ​နှင့် ဇဒ္ဒုကဲတို့​၏ တဆေး​ကို အထူး သတိပြုကြလော့” ဟု မိန့်တော်မူ၏။
7သူတို့​က “ငါတို့​၌ စားစရာ​မပါ​သောကြောင့် ဤသို့​မိန့်တော်မူခြင်း​ဖြစ်သည်” ဟု အချင်းချင်း​ပြောဆိုကြ၏။ 8ထိုသို့​ပြောဆိုကြသည်​ကို ယေရှု​သိတော်မူ​သဖြင့် “ယုံကြည်ခြင်း​အားနည်းသော​သူတို့… သင်တို့​၌ စားစရာ​မပါသည့်​အကြောင်း​ကို အဘယ်ကြောင့်​ပြောဆိုနေကြသနည်း။ 9သင်တို့​သည် ယခု​တိုင်အောင် နားမလည်နိုင်ကြ​သေးသလော။ မုန့်​ငါးလုံး​ကို ဖဲ့​၍ လူ​ငါးထောင်​အား ငါ​ကျွေးမွေးခဲ့​စဉ် အကျိုးအပဲ့​ဘယ်နှတောင်း ကောက်သိမ်း​ခဲ့ရသည်​ကို သတိမရကြသလော။ 10သို့မဟုတ် မုန့်​ခုနစ်လုံး​ကို ဖဲ့​၍ လူ​လေးထောင်​အား ကျွေးမွေး​စဉ်​၌လည်း ဘယ်နှတောင်း​ကောက်သိမ်း​ခဲ့ရသည်​ကို သတိမရသလော။ 11ငါ​သည် စားစရာ​နှင့်​ပတ်သက်​၍ ပြောဆိုနေသည်​မဟုတ်ကြောင်း​ကို အဘယ်ကြောင့် သင်တို့​နားမလည်နိုင်ကြသနည်း။ ထပ်မံ၍ ငါ​ပြောသည်​မှာ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲတို့​၏ တဆေး​ကို သတိပြုကြလော့” ဟု မိန့်တော်မူ၏။
12ထိုအခါ တပည့်တော်တို့​က ယေရှု​သည် မုန့်​တွင်​ထည့်သော​တဆေး​ကို သတိပြု​ရန် ပြောဆိုသည်​မဟုတ်ဘဲ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲတို့​၏ မှားယွင်းစေသော​သွန်သင်ချက်​ကို သတိပြု​ရန် ပြောဆိုကြောင်း နားလည်ကြ၏။
ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း ပေတရု​ဝန်ခံခြင်း
13ထို့နောက် ယေရှု​သည် ဆီဇာရီးယား​ဖိလိပ္ပုနယ်​သို့ ရောက်​သောအခါ တပည့်တော်တို့​အား “လူတို့​သည် လူသား#16:13 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​ကို မည်သူ​ဖြစ်သည်​ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ၏။
14တပည့်တော်တို့​က “တချို့​က ကိုယ်တော်​သည် နှစ်ခြင်းဆရာ​ယောဟန်၊ တချို့​က ဧလိယ၊ တချို့​က ယေရမိ၊ သို့မဟုတ် အခြား​ပရောဖက်​တစ်ပါးပါး ဖြစ်သည်​ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
15ထိုအခါ ယေရှု​က “သင်တို့​ကမူ ငါ့​ကို မည်သူ​ဖြစ်သည်​ဟု ဆိုကြသနည်း” ဟု မေးတော်မူ​လျှင် 16ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်တော်မူသည့် ဘုရားသခင်​၏​သားတော်​ဟူသော ခရစ်တော်#16:16 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်၏” ဟု လျှောက်လေ၏။
17ယေရှု​က “ယောန​၏​သား​ရှိမုန်… သင်​သည်​မင်္ဂလာရှိ၏။ သင်သည် ဤ​အရာ​ကို လူ့​အနေဖြင့်​သိသည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ​၏ ခမည်းတော်​က ဖော်ပြတော်မူ​၍ သိခြင်း​ဖြစ်၏။ 18သင့်​အား ငါ​ပြောဆိုသည်​မှာ သင်​သည် ကျောက်​ဟု အဓိပ္ပာယ်ရသော​ပေတရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်တွင် ငါ​၏ အသင်းတော်​ကို တည်ဆောက်မည်။ မရဏ​နိုင်ငံ​၏​တံခါးများ​ပင် ထို​အသင်းတော်​ကို အောင်နိုင်​လိမ့်မည်​မဟုတ်။ 19ကောင်းကင်နိုင်ငံ​၏ သော့များ​ကို သင့်​အား ငါ​ပေးမည်။ ကမ္ဘာလောက​တွင် သင်​တားမြစ်#16:19 မူရင်း​ဂရိကျမ်း​တွင် “ချည်နှောင်” ဟု ဖော်ပြထားသည်။​သမျှ​သည် ကောင်းကင်ဘုံ​၌လည်း တားမြစ်​ခံရမည်။ ကမ္ဘာလောက​တွင် သင်​ခွင့်ပြု#16:19 မူရင်း​ဂရိကျမ်း​တွင် “ဖြေလွှတ်” ဟု ဖော်ပြထားသည်။​သမျှ​သည် ကောင်းကင်ဘုံ​၌လည်း ခွင့်ပြု​ခံရမည်” ဟု မိန့်တော်မူ၏။
20ထို့နောက် ယေရှု​က မိမိ​သည် ခရစ်တော်​ဖြစ်ကြောင်း မည်သူ့​ကိုမျှ မပြော​ရန် တပည့်တော်တို့​အား တင်းကျပ်​စွာ မှာကြားတော်မူ၏။
မိမိ​အသေခံတော်မူမည့်​အကြောင်း​ကို ကြိုတင်​ဟောတော်မူခြင်း
21ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။
22ထိုအခါ ပေတရု​သည် ယေရှု​အား သီးခြား​ခေါ်​၍ “သခင်… ထိုသို့​မဖြစ်ပါစေနှင့်။ ဤ​အဖြစ်​သည် သခင့်​ထံ၌ လုံးဝ​မကျရောက်စေရ” ဟု ဆို​ကာ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။
23သို့သော် ယေရှု​သည် ပေတရု​ထံသို့ မျက်နှာမူ​လျက် “အို စာတန်… ငါ့​အနား​မှ ထွက်သွားလော့။ သင်​သည်​ငါ့​အတွက် ဆူးငြောင့်ခလုတ်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်​သည် ဘုရားသခင်​၏​ရှုထောင့်​မှ မတွေးဘဲ လူ့​ရှုထောင့်​ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
24ထို့နောက် ယေရှု​က “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။ 25မိမိ​အသက်​ကို ကယ်တင်လိုသော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက် အသက်​ဆုံးရှုံးသော​သူ​သည် အသက်​ကို ရ​လိမ့်မည်။ 26လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။ မိမိ​အသက်ဝိညာဉ်​ကို မည်သည့်​အရာ​နှင့် လဲလှယ်​နိုင်မည်နည်း။ 27လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။ 28ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန်#16:28 မူရင်း​ဂရိကျမ်း​တွင် “မိမိ​နိုင်ငံတော်​နှင့်အတူ” ဟု ဖော်ပြထားသည်။ ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။

Sélection en cours:

မဿဲ 16: BCB

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi