ရှင်လုကာခရစ်ဝင် 24
24
ရှင်ပြန်ထမြောက်တော်မူခြင်း
1ရက်သတ္တပတ်၏ပထမနေ့၊ အရုဏ်တက်စအချိန်၌ သူတို့သည် မိမိတို့ပြင်ဆင်ထားသောအမွှေးနံ့သာကိုယူဆောင်၍ သင်္ချိုင်းတော်သို့သွားကြရာ 2ကျောက်တုံးကို သင်္ချိုင်းဂူမှ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကိုတွေ့ကြ၏။ 3အတွင်းသို့ဝင်ကြသောအခါ သခင်ယေရှု၏အလောင်းတော်ကိုမတွေ့ကြချေ။ 4သူတို့သည် ဤအခြင်းအရာတို့ကိုတွေးမရဖြစ်နေကြစဉ် တောက်ပပြောင်လက်သောအဝတ်ကိုဝတ်ဆင်ထားသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး သူတို့အနီး၌ရပ်ကြ၏။ 5အမျိုးသမီးတို့သည် ကြောက်လန့်၍ ခေါင်းကို အောက်သို့ငုံ့လျက်နေကြရာ ထိုသူတို့က “သင်တို့သည် သေသောသူတို့တွင် အသက်ရှင်သောသူကို အဘယ်ကြောင့်ရှာကြသနည်း။ 6ကိုယ်တော်သည် ဤအရပ်၌မရှိ။ ထမြောက်တော်မူပြီ။ ဂါလိလဲနယ်၌ရှိတော်မူစဉ် သင်တို့အားမည်သို့မိန့်တော်မူခဲ့သည်ကို သတိရကြလော့။ 7ကိုယ်တော်က ‘လူ့သားသည် အပြစ်သားတို့၏လက်သို့အပ်နှံခြင်းကိုခံရလျက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်’ဟူ၍ မိန့်တော်မူခဲ့သည်မဟုတ်လော”ဟု မြွက်ဆိုကြ၏။ 8ထိုအခါ အမျိုးသမီးတို့သည် ကိုယ်တော်၏စကားတော်များကို သတိရ၍ 9သင်္ချိုင်းတော်မှ ပြန်သွားပြီးလျှင် တစ်ဆယ့်တစ်ပါးသောတပည့်တော်နှင့် အခြားသောသူအားလုံးတို့အား ဤအကြောင်းအရာအလုံးစုံတို့ကို ပြောပြကြ၏။
10တမန်တော်တို့အား ဤအကြောင်းအရာများကိုပြောပြသောသူတို့မှာ မာဂဒလမြို့သူမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သူမာရိမှစ၍ သူတို့နှင့်အတူရှိသော အခြားအမျိုးသမီးများဖြစ်ကြ၏။ 11သို့သော် ထိုစကားများသည် တမန်တော်တို့အတွက် ယုံတမ်းစကားကဲ့သို့ဖြစ်သောကြောင့် သူတို့မယုံကြချေ။ 12သို့ရာတွင် ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ ပိတ်ထည်ကိုသာတွေ့သဖြင့်ထိုအဖြစ်အပျက်ကိုအံ့သြလျက် မိမိအိမ်သို့ပြန်သွားလေ၏။
တပည့်တော်နှစ်ပါးထံ ထင်ရှားတော်မူခြင်း
13ထိုနေ့၌ပင် သူတို့ထဲမှနှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသည့် ဧမောက်ဟုခေါ်သောရွာသို့ သွားကြ၏။ 14သူတို့သည် ဖြစ်ပျက်ခဲ့သောအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုနေကြ၏။ 15ထိုသို့ပြောဆိုလျက်ဆွေးနွေးနေကြစဉ် ယေရှုကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူကြွတော်မူ၏။ 16သို့သော် သူတို့၏မျက်စိသည် ကာဆီးထားခြင်းခံရသဖြင့် သူတို့သည် ကိုယ်တော်ကိုမမှတ်မိကြချေ။ 17ကိုယ်တော်ကလည်း“သင်တို့သည် လမ်းသွားရင်း မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း”ဟု မေးတော်မူရာ သူတို့သည် မျက်နှာညှိုးငယ်လျက်ရပ်နေကြ၏။ 18ထို့နောက် ကလောဖအမည်ရှိသူက “သင်သည်ဂျေရုဆလင်မြို့၌ ဧည့်သည်အဖြစ်နေထိုင်လျက်ပင် ဤရက်များအတွင်း ထိုမြို့၌ဖြစ်ပျက်ခဲ့သောအရာများကို သင်တစ်ဦးတည်းသာမသိဘဲနေသလော”ဟု ဆို၏။ 19ကိုယ်တော်ကလည်း“မည်သည့်အရာများနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုနှင့်ပတ်သက်သောအရာများဖြစ်၏။ သူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့တွင် လုပ်ဆောင်မှုနှင့်ပြောဆိုမှုတို့၌ အစွမ်းသတ္တိနှင့်ပြည့်စုံသောပရောဖက်ဖြစ်၏။ 20သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ငါတို့ကိုအုပ်ချုပ်သူများသည် သူ့ကိုသေဒဏ်စီရင်ရန်အပ်နှံ၍ လက်ဝါးကပ်တိုင်ပေါ်၌ တင်ခဲ့ကြ၏။ 21ထိုအရှင်သည် အစ္စရေးလူမျိုးကို ရွေးနုတ်ကယ်တင်မည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့်ထားကြ၏။ ထိုမျှမက ဤအမှုအရာများဖြစ်ပျက်ခဲ့ပြီးနောက် ယခုသုံးရက်မြောက်ဖြစ်သောအခါ 22ငါတို့ထဲမှ အမျိုးသမီးအချို့တို့သည် ငါတို့ကိုအံ့ဩငေးမောစေကြ၏။ သူတို့သည် နံနက်စောစောသင်္ချိုင်းသို့သွားကြရာ 23ထိုအရှင်၏အလောင်းကိုမတွေ့ခဲ့ကြပေ။ သူတို့သည်ပြန်လာ၍ ထိုအရှင်အသက်ရှင်လျက်ရှိကြောင်းမြွက်ဆိုသည့်ကောင်းကင်တမန်များကို ဗျာဒိတ်ရူပါရုံ၌တွေ့မြင်ရကြောင်း ပြောပြကြ၏။ 24ငါတို့ထဲမှ လူအချို့တို့သည် သင်္ချိုင်းသို့သွားကြရာ အမျိုးသမီးများပြောခဲ့သည့်အတိုင်းဖြစ်ပြီး ထိုအရှင်ကိုမတွေ့ခဲ့ကြပါ”ဟု ဆိုကြ၏။ 25ထိုအခါ ကိုယ်တော်က“အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှတို့ကိုယုံကြည်ရန် စိတ်နှလုံးထိုင်းမှိုင်းသောသူတို့၊ 26ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။ 27ထို့နောက် ကိုယ်တော်သည် မောရှေနှင့်ပရောဖက်အပေါင်းတို့၏ကျမ်းများမှအစပြု၍ ကျမ်းစာတစ်ခုလုံးတွင် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အကြောင်းအရာတို့ကို သူတို့အား ရှင်းပြတော်မူ၏။
28သူတို့သွားနေသည့်ရွာအနီးသို့ရောက်ကြသောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန်ရှိသဖြင့် 29သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။
30သူတို့နှင့်အတူ စားပွဲ၌ထိုင်တော်မူသောအခါ ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူ၏။ 31ထိုစဉ် သူတို့၏မျက်စိသည်ပွင့်လာ၍ ကိုယ်တော်ဖြစ်ကြောင်းသိကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။ 32သူတို့ကလည်း “လမ်း၌ ငါတို့နှင့်စကားပြောတော်မူသောအခါ၌ဖြစ်စေ၊ ငါတို့အား ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၌ဖြစ်စေ ငါတို့၏စိတ်နှလုံးထဲတွင် မီးတောက်လောင်သကဲ့သို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု အချင်းချင်းပြောဆိုကြ၏။
33သူတို့သည် ချက်ချင်းထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြရာ တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့နှင့် သူတို့၏အပေါင်းအဖော်များ စုဝေးနေကြသည်ကိုတွေ့ရကြ၏။ 34ထိုသူအပေါင်းတို့က “သခင်ဘုရားသည် အမှန်ပင်ထမြောက်တော်မူ၍ ရှိမုန်ထံထင်ရှားပြတော်မူပြီ”ဟု ပြောဆိုနေကြ၏။ 35ထိုသူနှစ်ဦးတို့ကလည်း လမ်း၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့် မုန့်ကိုဖဲ့တော်မူစဉ် ကိုယ်တော်ဖြစ်ကြောင်းသိခဲ့ရပုံတို့ကို ပြောပြကြ၏။
ထမြောက်သောယေရှု၏ထင်ရှားတော်မူခြင်း
36ဤအကြောင်းအရာများကို သူတို့ပြောဆိုနေကြစဉ် ကိုယ်တော်သည် သူတို့အလယ်၌ရပ်လျက်“သင်တို့၌ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
37သို့သော် သူတို့သည် တစ္ဆေကိုမြင်နေကြသည်ဟုထင်မှတ်၍ ထိတ်လန့်ကြောက်ရွံ့ကြ၏။ 38ကိုယ်တော်ကလည်း“အဘယ်ကြောင့်တုန်လှုပ်ချောက်ချားကြသနည်း။ အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ သံသယဖြစ်ကြသနည်း။ 39ငါ့လက်နှင့်ငါ့ခြေတို့ကိုကြည့်ကြလော့။ ငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကိုတို့ထိစမ်းသပ်၍ ကြည့်ရှုကြလော့။ အကြောင်းမူကား တစ္ဆေ၌ အရိုး၊ အသားမရှိ။ ငါ၌မူကား သင်တို့မြင်ရသည့်အတိုင်း အရိုး၊ အသားရှိ၏”ဟု 40မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်နှင့်ခြေတော်တို့ကို သူတို့အား ပြတော်မူ၏။ 41သူတို့သည် ဝမ်းမြောက်သဖြင့် မယုံနိုင်သေးဘဲရှိ၍ အံ့ဩလျက်နေကြစဉ် ကိုယ်တော်က“ဤနေရာတွင် စားစရာတစ်စုံတစ်ခုရှိသလော”ဟု မေးတော်မူ၏။ 42ထိုအခါ သူတို့သည် ငါးကင်တစ်ပိုင်းကို ကိုယ်တော်အား ပေးကြရာ 43ကိုယ်တော်သည်ယူ၍ သူတို့ရှေ့တွင် သုံးဆောင်တော်မူ၏။ 44တစ်ဖန် ကိုယ်တော်က“သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။
45ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင် 46သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကျမ်းစာ၌ရေးထားသည်ကား ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရ၍ သုံးရက်မြောက်သောနေ့၌ သေသောသူတို့ထဲမှ ထမြောက်ရမည်။ 47ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။ 48သင်တို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ 49ငါသည် ငါ့ခမည်းတော်၏ကတိတော်ကို သင်တို့ထံသို့စေလွှတ်မည်။ သို့သော် သင်တို့သည် အထက်ကောင်းကင်မှတန်ခိုးဖြင့် လွှမ်းခြုံခြင်းခံရသည်အထိ ဂျေရုဆလင်မြို့၌ နေကြဦးလော့”ဟု မိန့်တော်မူ၏။
ကောင်းကင်သို့တက်ကြွတော်မူခြင်း
50ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။ 51ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။ 52သူတို့သည် ကိုယ်တော်ကိုရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ပြန်သွားကြကာ 53ဗိမာန်တော်၌ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြ၏။
ទើបបានជ្រើសរើសហើយ៖
ရှင်လုကာခရစ်ဝင် 24: MSBU
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative