မဿဲ 5

5
တောင်ပေါ်​ဒေသနာ
1တစ်နေ့​၌ ယေရှု​သည် လူထုပရိသတ်များ​ကို မြင်တော်မူ​လျှင် တောင်ပေါ်​သို့​တက်​၍ ထိုင်တော်မူ၏။ တပည့်တော်တို့​သည် ကိုယ်တော်​ထံသို့ စုဝေးလာကြ၏။ 2ထိုအခါ ကိုယ်တော်​သည် သူတို့​ကို စတင်​၍ သွန်သင်တော်မူ၏။
မင်္ဂလာ​တရားတော်
3ယေရှု​က
“စိတ်​အားငယ်​၍ ဘုရားသခင်​ကို လိုအပ်ကြောင်း​သိမြင်သော​သူတို့#5:3 မူရင်း​ဂရိကျမ်း​တွင် “စိတ်ဝိညာဉ်​ဆင်းရဲနွမ်းပါးသောသူ” ဟု ပါရှိသည်။​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်​နိုင်ငံတော်​သည် ထို​သူတို့​၏​နိုင်ငံ​ဖြစ်​သောကြောင့်ပင်။
4ငိုကြွေးမြည်တမ်းသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် နှစ်သိမ့်ခြင်း​ကို ခံကြရမည်​ဖြစ်​သောကြောင့်ပင်။
5စိတ်​နူးညံ့သိမ်မွေ့သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို အမွေခံကြရမည်​ဖြစ်​သောကြောင့်ပင်။
6ဖြောင့်မတ်ခြင်း​ကို ငတ်မွတ်​တောင့်တသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အလိုဆန္ဒ​ပြည့်စုံကြ​ရမည်​ဖြစ်​သောကြောင့်ပင်။
7သနားကြင်နာတတ်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် သနားကြင်နာခြင်း​ကို ခံကြရမည်​ဖြစ်​သောကြောင့်ပင်။
8စိတ်နှလုံး​ဖြူစင်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် ဘုရားသခင်​ကို တွေ့မြင်ကြရမည်​ဖြစ်​သောကြောင့်ပင်။
9ခိုက်ရန်ဖြစ်ခြင်း​ကို ပြေငြိမ်းစေသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် ဘုရားသခင်​၏ သားသမီးများ​ဟု ခေါ်ခံကြရမည်​ဖြစ်​သောကြောင့်ပင်။
10ဖြောင့်မတ်စွာ​လုပ်ဆောင်ခြင်း​ကြောင့် ညှဉ်းပန်းနှိပ်စက်​ခံရသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်​နိုင်ငံတော်​သည် ထို​သူတို့​၏​နိုင်ငံ​ဖြစ်​သောကြောင့်ပင်။
11ငါ့​ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် မဟုတ်မမှန်ဘဲ​အမျိုးမျိုး​စွပ်စွဲ​ပြောဆိုခြင်းတို့​ကို ခံရ​သောအခါ သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ 12ထို​အရာ​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​၌ သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ၏။ ရှေး​ပရောဖက်များ​သည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
ဆား​နှင့် အလင်း​အကြောင်း သွန်သင်တော်မူခြင်း
13သင်တို့​သည် ဤ​လောက​၏​ဆား ဖြစ်ကြ၏။ သို့ရာတွင် ဆား​သည် အငန်ဓာတ်​ပျောက်ဆုံး​လျှင် ငန်သော​အရသာ​ကို မည်သို့​ပြန်ရနိုင်မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံးမဝင်တော့ဘဲ အပြင်​သို့ ပစ်လိုက်​သဖြင့် လူတို့​၏​နင်းခြေခြင်း​ကို ခံရ​ရုံသာ ရှိပေမည်။
14သင်တို့​သည် ဤ​လောက​၏ အလင်း​ဖြစ်ကြ၏။ တောင်ထိပ်​၌ တည်သော​မြို့​ကို ဖုံးကွယ်ထား​၍ မရနိုင်။ 15မည်သူ​မျှ ဆီမီးခွက်​ကို ထွန်း​၍ တောင်း​အောက်​၌ ထားလေ့​မရှိ။ အိမ်သူအိမ်သားတို့ အလင်းရောင်​ရ​စေရန် ဆီမီးတိုင်​ပေါ်တွင် တင်ထားလေ့ရှိကြ၏။ 16ထိုနည်းတူ​ပင် ကောင်းမှုများ​ပြုခြင်း​ဖြင့် သင်တို့​၏ အလင်း​ကို သူတစ်ပါး​ရှေ့​၌ ထွန်းလင်းစေကြလော့။ လူတို့​သည် သင်တို့​၏ ကောင်းသော​အကျင့်​ကို မြင်​၍ ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဖ​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။
ပညတ်တရား​အကြောင်း သွန်သင်တော်မူခြင်း
17ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​ကို ပယ်ဖျက်​ရန် ငါ​လာသည်​ဟု မထင်ကြနှင့်။ ပယ်ဖျက်​ရန် လာသည်​မဟုတ်။ ထို​ကျမ်းများ​တွင် ဖော်ပြထားသည့်​အတိုင်း ဖြစ်လာ​စေရန် ငါ​လာ၏။ 18သင်တို့​အား ငါ​အမှန် ဆိုရ​လျှင် ကောင်းကင်​နှင့်​မြေကြီး မကွယ်ပျောက်မချင်း ဘုရားသခင်​၏ ပညတ်ကျမ်း​ထဲ​၌​ရှိသည့် အသေးငယ်ဆုံးသော အက္ခရာ​တစ်လုံး​မျှ မကွယ်ပျောက်ရ။ ထို​ကျမ်း​တွင် ဖော်ပြ​သမျှသော​အရာတို့​သည် ဖြစ်လာ​ရမည်။ 19အသေးနုပ်ဆုံးသော​ပညတ်တော်​ကို ချိုးဖောက်​၍ သူတစ်ပါး​ကို ထို​နည်းတူ ချိုးဖောက်​ရန် သွန်သင်သော​သူ​သည် ကောင်းကင်​နိုင်ငံတော်​၌ အသေးနုပ်ဆုံးသောသူ​ဖြစ်​လိမ့်မည်။ သို့ရာတွင် ဘုရားသခင်​၏ ပညတ်တော်တို့​ကို လိုက်နာ​၍ သူတစ်ပါး​ကို သွန်သင်သော​သူ​သည် ကောင်းကင်​နိုင်ငံတော်​၌ ကြီးမြတ်သောသူ ဖြစ်​လိမ့်မည်။
20သင်တို့​၏ ဖြောင့်မတ်ခြင်း​သည် ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့​၏ ဖြောင့်မတ်ခြင်း​ထက် မသာ​လျှင် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်​လိမ့်မည်​မဟုတ်​ဟု ငါ​သတိပေး၏။
အမျက်ဒေါသ​အကြောင်း သွန်သင်တော်မူခြင်း
21‘လူ့​အသက်​ကို မသတ်နှင့်။ လူ့​အသက်​ကို သတ်သောသူ​သည် အပြစ်စီရင်ခံရ​လိမ့်မည်’#5:21 ထွ ၂၀:၁၃၊ တရား ၅:၁၇။ ဟု ဘိုးဘေးတို့​ကို ပညတ်ထားကြောင်း သင်တို့​ကြားကြရ၏။ 22သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ တစ်စုံတစ်ဦး​အပေါ် အမျက်ဒေါသထွက်​သူ​သည်#5:22 အချို့​လက်ရေးမူကျမ်းများ​တွင် “အကြောင်း​မရှိဘဲ အမျက်ဒေါသထွက်​သူ​သည်” ဟု ဖော်ပြထားသည်။ အပြစ်​စီရင်​ခံရမည်။ တစ်စုံတစ်ဦး​ကို အသုံးမကျသော​သူ​ဟု ပြောဆို​လျှင် တရားလွှတ်တော်​၌ အပြစ်ပေး​ခံရမည်။ တစ်စုံတစ်ဦး​ကို အရူး​ဟု ခေါ်ဆို​လျှင် သူ​သည် ငရဲ​သို့​ချ​ခံရမည်။
23ထို့ကြောင့် သင်​သည် ယဇ်ပလ္လင်​ရှေ့​တွင် ပူဇော်စရာ​ကို ဆက်သ​သောအခါ တစ်စုံတစ်ဦး​၌ သင့်​အား မကျေနပ်စရာ​အကြောင်း​ရှိသည်​ကို သတိရမိ​လျှင် 24ထို​ပူဇော်စရာ​ကို ယဇ်ပလ္လင်​ရှေ့တွင် ချထား​၍ ထို​သူ​ထံသို့ သွားလော့။ သူ​နှင့် ပြန်လည်​သင့်မြတ်​ရန် ဦးစွာ​လုပ်ဆောင်​ပြီးနောက် ပြန်လာ​၍ ပူဇော်စရာ​ကို ဘုရားသခင်​ထံ ဆက်သလော့။
25သင်​သည် တရားလို​နှင့်အတူ တရားရုံး​သို့ သွား​သောအခါ ထို​သူ​နှင့် အမှု​ကျေအေး​စေရန် လမ်း​၌​ပင် အလျင်အမြန်​လုပ်ဆောင်လော့။ ထိုသို့​မဟုတ်​လျှင် တရားလို​သည် သင့်​ကို တရားသူကြီး​လက်​သို့ အပ်​လိမ့်မည်။ ထို​တရားသူကြီး​သည်လည်း အရာရှိ​ထံသို့​အပ်​သဖြင့် သင်​သည် ထောင်ချ​ခံရ​လိမ့်မည်။ 26ထိုသို့​ဖြစ်လျှင် သင်​ဆပ်ရမည့်​ငွေ​ကို အကုန်အစင်​မဆပ်​သရွေ့#5:26 မူရင်း​ဂရိကျမ်း​တွင် “နောက်ဆုံး​ကွတ်ရန်တေး​ကို သင်​ပြန်မဆပ်​သရွေ့” ဟု တွေ့ရှိရသည်။ “ကွတ်ရန်တေး” သည် ရောမ​ကြေးဒင်္ဂါး​တစ်မျိုး​ဖြစ်သည်။ ထို​ကြေးဒင်္ဂါး​တစ်ပြား​သည် ဒေနာရိ ခြောက်ဆယ့်လေးပုံ​တစ်ပုံ​နှင့် ညီမျှ​ပြီး တန်ဖိုး​အလွန်​နည်းသော ကြေးဒင်္ဂါး​ဖြစ်သည်။ ထောင်​မှ လုံးဝ​လွတ်နိုင်မည်​မဟုတ်။
သူတစ်ပါး​သားမယား​ကို ပြစ်မှားခြင်း​အကြောင်း သွန်သင်တော်မူခြင်း
27‘သူတစ်ပါး​သားမယား​ကို မပြစ်မှားနှင့်’#5:27 ထွ ၂၀:၁၄၊ တရား ၅:၁၈။ ဟူသော ပညတ်တော်​ကို သင်တို့​ကြားရပြီ။ 28သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ အမျိုးသမီး​တစ်ဦး​ကို တဏှာစိတ်​ဖြင့် ကြည့်သော​သူ​သည် စိတ်ထဲ​၌ ထို​အမျိုးသမီး​ကို ပြစ်မှားပြီ။ 29ထို့ကြောင့် သင်​၏ လက်ယာ​မျက်စိ​သည် ထို​တဏှာစိတ်​ကို ဖြစ်စေ​ပါက ထုတ်ယူ​၍ လွှင့်ပစ်လော့။ ခန္ဓာ​တစ်ခုလုံး ငရဲ​သို့ ချခံရခြင်း​ထက် အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​ကို ဆုံးရှုံးရခြင်း​သည် ပို​၍ ကောင်း၏။ 30ထိုနည်းတူ လက်ယာ​လက်​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်​၍ လွှင့်ပစ်လော့။ ခန္ဓာ​တစ်ခုလုံး ငရဲ​သို့ ချခံရခြင်း​ထက် အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​ကို ဆုံးရှုံးရခြင်း​သည် ပို​၍ ကောင်း၏။
ကွာရှင်းခြင်း​အကြောင်း သွန်သင်တော်မူခြင်း
31‘မိမိ​ဇနီးမယား​ကို ကွာရှင်းလိုသူ​သည် ကွာရှင်းစာချုပ်​ကို ပေးရမည်’#5:31 တရား ၂၄:၁။ ဟု ပညတ်ကျမ်း​တွင် ဖော်ပြထားသည်​ကို သင်တို့ ကြားရပြီ။ 32သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဇနီးဖြစ်သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​မရှိ​သော်လည်း ခင်ပွန်းဖြစ်သူ​က ထို​ဇနီး​ကို ကွာရှင်း​လျှင် သူ​သည် မိမိ​ဇနီး​ကို အိမ်ထောင်ရေး​ဖောက်ပြန်မှု ကျူးလွန်စေရာ​ရောက်၏။ ကွာရှင်းထားသော​အမျိုးသမီး​ကို လက်ထပ်သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။
ကတိသစ္စာ​အကြောင်း သွန်သင်တော်မူခြင်း
33ထို့ပြင် ‘မဟုတ်​မမှန်ဘဲ​မကျိန်ဆိုရ။ ကတိသစ္စာပြုသည့်​အတိုင်း ထာဝရဘုရား​ရှေ့တော်​၌ ဆောင်ရွက်ရမည်’#5:33 တော ၃၀:၂။ ဟု ဘိုးဘေးတို့​အား ပြောခဲ့သည်​ကိုလည်း သင်တို့​ကြားရပြီ။ 34သို့သော် သင်တို့​ကို ငါ​ပြောဆိုသည်​မှာ လုံးဝ မကျိန်ဆိုရ။ ကောင်းကင်ဘုံ​သည် ဘုရားသခင်​၏​ရာဇပလ္လင်တော် ဖြစ်​သောကြောင့် ကောင်းကင်ဘုံ​ကို တိုင်တည်​၍ မကျိန်ဆိုရ။ 35မြေကြီး​သည် ဘုရားသခင်​၏ ခြေတင်ရာခုံ​ဖြစ်​သောကြောင့် မြေကြီး​ကို တိုင်တည်​၍ မကျိန်ဆိုရ။ ဂျေရုဆလင်မြို့​သည် ကြီးမြတ်သော​ဘုရင်​၏ မြို့တော်​ဖြစ်​သောကြောင့် ထို​မြို့​ကို တိုင်တည်​၍လည်း မကျိန်ဆိုရ။ 36သင်​သည် ဆံချည်​တစ်မျှင်​ကိုပင် ဖြူ​စေရန်၊ နက်​စေရန် မစွမ်းဆောင်နိုင်​သောကြောင့် သင်​၏ ဦးခေါင်း​ကို တိုင်တည်​၍ မကျိန်ဆိုရ။ 37သင်တို့​သည် ဟုတ်သည်​ကို ‘ဟုတ်၏၊’ မဟုတ်သည်​ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထို​စကားတို့​ထက် ပိုသော​စကား​သည် မာရ်နတ်​ထံမှ လာသော​စကား ဖြစ်၏။
လက်တုံ့ပြန်ခြင်း​အကြောင်း သွန်သင်တော်မူခြင်း
38‘မျက်စိ​အတွက်​မျက်စိ၊ သွား​အတွက်​သွား’#5:38 ထွ ၂၁:၂၄၊ ဝတ် ၂၄:၂၀၊ တရား ၁၉:၂၁။ ဟူသော​ပညတ်တော်​ကို သင်တို့​ကြားရပြီ။ 39သို့သော်လည်း သင်တို့​အား ငါ​ပြောဆိုသည်​မှာ မကောင်းသော​သူ​ကို အတိုက်အခံ​မပြုကြနှင့်။ သင်​၏ ပါး​တစ်ဖက်​ကို ရိုက်သော​သူ​အား အခြား​တစ်ဖက်​ကိုလည်း လှည့်ပေးလော့။ 40သင့်​ကို တရားစွဲ​၍ သင်​၏​အတွင်း​အင်္ကျီ​ကို ရယူ​လိုသောသူ​အား ဝတ်ရုံ​ကိုပါ ပေးလော့။ 41တစ်စုံတစ်ဦး​သည် သင့်​ကို အတင်းအကျပ်ပြု​၍ ခရီး​တစ်မိုင်​သွားစေ​လျှင် ထို​သူ​နှင့်အတူ ခရီး​နှစ်မိုင်​သွားလော့။ 42တောင်းသော​သူ​ကို ပေးကမ်းလော့။ ချေးငှားလို​သူ​ကိုလည်း မငြင်းပယ်နှင့်။
ရန်သူ​ကို ချစ်​ရန် သွန်သင်တော်မူခြင်း
43‘ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့။#5:43 ဝတ် ၁၉:၁၈။ ရန်သူ​ကို မုန်းလော့’ ဟူသည့် ပညတ်တော်​ကို သင်တို့​ကြားရပြီ။ 44သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏​ရန်သူ​ကို ချစ်​၍ သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူများ​အတွက် ဆုတောင်းမေတ္တာ​ပို့လော့။ 45ထိုသို့ ပြု​လျှင် သင်တို့​သည် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဖ​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကောင်းသော​သူ​နှင့် မကောင်းသော​သူ အပေါ်​တွင် နေ​ကို ထွက်ပေါ်စေတော်မူ​သောကြောင့်​ဖြစ်၏။ ဖြောင့်မတ်သောသူ​နှင့် မဖြောင့်မတ်သောသူ အပေါ်​၌ မိုး​ကို ရွာစေတော်မူ၏။ 46သင်တို့​အား ချစ်သော​သူတို့​ကို​သာ သင်တို့​ပြန်​၍ ချစ်​လျှင် ဘုရားသခင်​ထံမှ မည်သည့်​အကျိုးကျေးဇူး​ကို ရထိုက်မည်နည်း။ အကျင့်ပျက်သော​အခွန်ကောက်သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။ 47ထို့ပြင် သင်တို့​၏ မိတ်ဆွေများ#5:47 မူရင်း​ဂရိကျမ်း​တွင် “ညီအစ်ကို” ဟု ပါရှိသည်။​ကိုသာ နှုတ်ဆက်​လျှင် အခြားသူများ​နှင့် မည်သို့​ခြားနားမှု​ရှိမည်နည်း။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။ 48ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့​၏​အဖ​သည် ပြီးပြည့်စုံတော်မူ​သကဲ့သို့ သင်တို့​သည်လည်း ပြီးပြည့်စုံသော​သူများ ဖြစ်ကြလော့။

Terpilih Sekarang Ini:

မဿဲ 5: BCB

Highlight

Kongsi

Salin

None

Ingin menyimpan sorotan merentas semua peranti anda? Mendaftar atau log masuk