ယေရမိအနာဂတ္တိကျမ်း 19
19
မြေအိုး
1ထာဝရဘုရားက “အိုးထိန်းသည်ထံသွား၍ မြေအိုးကိုဝယ်ယူပြီးလျှင် သက်ကြီးဝါကြီးလူအချို့၊ သက်ကြီးဝါကြီးယဇ်ပုရောဟိတ်အချို့တို့နှင့်အတူ 2အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။ 3‘အို ယုဒဘုရင်နှင့် ဂျေရုဆလင်မြို့သားတို့၊ ထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် ဤအရပ်၌ဘေးအန္တရာယ် ကျရောက်စေမည်။ ကြားရသူတိုင်း နားခါးလိမ့်မည်။ 4အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပယ်၍ ဤအရပ်ကို ညစ်ညမ်းစေပြီ။ သူတို့ကိုယ်တိုင်မသိ၊ ယုဒဘုရင်တို့လည်းမသိ၊ သူတို့၏ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြပြီ။ ဤအရပ်ကိုလည်း အပြစ်မဲ့သောသူတို့အားသတ်သောအပြစ်နှင့်ပြည့်စေပြီ။ 5ငါမိန့်မှာပြောဆိုခဲ့ခြင်း မရှိ၊ စိတ်ပင်မကူးခဲ့ဘဲလျက် သူတို့သည် ယဇ်ပလ္လင်များကိုတည်ဆောက်ကြပြီး သူတို့၏သားသမီးများကို မီးရှို့ရာယဇ်အဖြစ် ဗာလဘုရားအား ပူဇော်ကြ၏ဟု မိန့်တော်မူပြီ။
6သို့ဖြစ်၍ ထာဝရဘုရားက ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဗင်ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက် ရောက်လာလိမ့်မည်။ 7ဤအရပ်၌ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့၏အကြံအစည်များကို ပျက်ပြားစေမည်။ သူတို့ကို ရန်သူတို့ရှေ့တွင် ဓားဖြင့်ကျဆုံးစေမည်။ သူတို့၏အသက်ကို ရန်ရှာသောသူတို့လက်ဖြင့် ကျဆုံးစေမည်။ အလောင်းကောင်တို့ကို မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်စေမည်။ 8ဤမြို့ကို လူသူကင်းမဲ့ရာ၊ ကဲ့ရဲ့ပြစ်တင်စရာဖြစ်စေမည်။ ဤမြို့ခံရသောဘေးဒဏ်ကြောင့် ဤမြို့နား ဖြတ်သန်းသွားသောသူတိုင်း အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။ 9သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
10သင်နှင့်အတူလိုက်ပါသောလူတို့၏ရှေ့၌ မြေအိုးကိုခွဲပြီးလျှင် 11သူတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အိုးထိန်းသည် ပြန်ဆက်စပ်၍မရနိုင်အောင် မြေအိုးကိုခွဲသကဲ့သို့ ဤလူမျိုးနှင့်ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် သူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်ဟု မိန့်တော်မူပြီ။ 12တစ်ဖန် ထာဝရဘုရားက ဤမြို့နှင့်မြို့သားတို့ကို ထိုသို့ ငါပြုမည်။ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။ 13သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
14ထို့နောက် ပရောဖက်ပြုရန်ထာဝရဘုရားစေလွှတ်တော်မူသော ယေရမိသည် တောဖက်အရပ်မှပြန်လာပြီးလျှင် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်း၌ရပ်လျက် လူအပေါင်းတို့အား 15“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သူတို့သည် ခေါင်းမာ#19:15 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းမာ”။၍ ငါ့စကားကိုနားမထောင်ကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို ဤမြို့နှင့်ရွာရှိသမျှအပေါ် ကျရောက်စေမည်ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 19: MSBZ
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative