ရာဇဝင်ချုပ်ပထမစောင် 10
10
ရှောလုမင်းကြီးနှင့် သူ့သားများသေဆုံးကြခြင်း
1တစ်ချိန်တွင် ဖိလိတ္တိလူမျိုးတို့နှင့် အစ္စရေးလူမျိုးတို့ တိုက်ခိုက်ကြရာ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးကြရပြီး ဂိလဗောတောင်ပေါ်တွင် လဲကျသေဆုံးကြရ၏။ 2ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးနှင့် သူ့သားတို့နောက်သို့ ထက်ကြပ်မကွာလိုက်၍ ရှောလုမင်းကြီး၏သားများဖြစ်သော ယောနသန်၊ အဘိနဒပ်နှင့် မေလခိရွှတို့ကို ကွပ်မျက်လိုက်လေ၏။ 3ရှောလုမင်းကြီးသည်လည်း အပြင်းအထန်တိုက်ခိုက်ခံရပြီး လေးသည်တော်တို့နှင့်တိုးမိ၍ လေးသည်တော်တို့လက်ချက်ဖြင့် ဒဏ်ရာရသွား၏။ 4ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။ 5ရှောလုမင်းကြီး အနိစ္စရောက်သွားသည်ကိုမြင်လျှင် သူ၏လက်နက်ကိုင်လုလင်လည်း သူ့ဓားပေါ်လှဲချပြီး ရှောလုနှင့်အတူ သေလေ၏။ 6ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်အပါအဝင် သူ၏မိသားစုဝင်အပေါင်းတို့သည် အတူသေကြရလေ၏။
7အစ္စရေးအမျိုးသားများထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များ ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်၌နေသော အစ္စရေးအမျိုးသားအပေါင်းတို့ သိမြင်လျှင် သူတို့လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။
8နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကိုချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။ 9သူတို့သည် ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာကို ချွတ်ပြီး ဦးခေါင်းနှင့်တကွ စစ်ဝတ်တန်ဆာများကို ယူသွားကြ၏။ ထို့နောက် ဖိလိတ္တိပြည်တစ်ပြည်လုံးသို့ လူလွှတ်၍ သူတို့၏ရုပ်တုများနှင့် ပြည်သူပြည်သားများထံ၌ ထိုသတင်းကောင်းကိုကြေညာစေ၏။ 10ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို သူတို့၏ဘုရားဝတ်ကျောင်းတွင်ထားပြီး ဦးခေါင်းကိုမူ ဒါဂုန်ဝတ်ကျောင်းတွင် ချိတ်ဆွဲထားကြ၏။
11ရှောလုမင်းကြီးအပေါ် ဖိလိတ္တိလူမျိုးတို့ပြုခဲ့သမျှကို ယာဗက်ဂိလဒ်မြို့သားအပေါင်းတို့ ကြားသိသောအခါ 12စစ်သူရဲတစ်ယောက်မကျန်ထ၍ ရှောလုမင်းကြီးအလောင်းနှင့် သူ့သားတို့၏အလောင်းများကိုသွားယူပြီး ယာဗက်မြို့သို့ယူဆောင်လာကာ အရိုးများကို ယာဗက်မြို့ရှိ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ပြီးနောက် ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။
13ရှောလုမင်းကြီးသည် ထာဝရဘုရားအပေါ် သစ္စာမစောင့်၊ ထာဝရဘုရား၏စကားတော်ကို မနာခံ၊ နတ်ဝင်သည်ထံ မေးမြန်းတိုင်ပင်၍ 14ထာဝရဘုရားထံ မမေးလျှောက်သောကြောင့် ထာဝရဘုရားသည် သူ့ကိုကွပ်မျက်လိုက်သဖြင့် သူအနိစ္စရောက်လေ၏။ နိုင်ငံတော်ကိုလည်း ယေရှဲ၏သားဒါဝိဒ်လက်သို့ လွှဲအပ်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 10: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative