YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 11

11
ဒါဝိဒ်ကို ဘုရင်အဖြစ်ဘိသိက်သွန်းခြင်း
1အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ဟေဗြုန်​မြို့​ရှိ ဒါဝိဒ်​ထံ၌ စုရုံး​ကြ​ပြီး “​ကြည့်​လော့​။ အကျွန်ုပ်​တို့​သည် အရှင်​၏​အရိုး​၊ အရှင်​၏​အသား​များ ဖြစ်​ကြ​ပါ​၏​။ 2ယခင် ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။
3အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့​ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် ရှမွေလ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။
ဂျေရုဆလင်မြို့ကို ဒါဝိဒ်မင်းကြီးသိမ်းယူခြင်း
4တစ်ခါသော် ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ပြည်သားရင်း​ယေဗုသိ​လူမျိုး​တို့​နေထိုင်​ရာ ယေဗုတ်​ဟု​ခေါ်​သော​ဂျေရုဆလင်​မြို့​သို့ ချီတက်​ကြ​၏​။ 5ယေဗုတ်​မြို့သား​တို့​က ဒါဝိဒ်​မင်းကြီး​အား “​သင်​သည် ဤ​မြို့​ထဲသို့ မ​ဝင်​ရ​”​ဟု ဆို​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။
6ထို့နောက် ဒါဝိဒ်​မင်းကြီး​က “​ယေဗုသိ​လူမျိုး​ကို ဦးစွာ​တိုက်ခိုက်​နိုင်​သူ​အား ဗိုလ်ချုပ်ကြီး​ရာထူး​ပေး​မည်​”​ဟု မိန့်ဆို​လျှင် ဇေရုယာ​၏​သား​ယွာဘ​သည် ဦးစွာ​သွား​တိုက်​၏​။ ထို့ကြောင့် သူ​သည် ဗိုလ်ချုပ်ကြီး ဖြစ်လာ​လေ​၏​။
7ဒါဝိဒ်​မင်းကြီး​သည် ရဲတိုက်​တွင်​နေ​သည်​ကို​အစွဲပြု​၍ ထို​ရဲတိုက်​ကို ဒါဝိဒ်​မြို့ ဟု​ခေါ်ဆို​ကြ​၏​။ 8ဒါဝိဒ်​မင်းကြီး​သည် မိလ္လော#11:8 “အဓိပ္ပာယ်မသေချာပါ။ ခံတပ်၊ သို့မဟုတ် ကတုတ်၊ သို့မဟုတ် မြို့ ဖြစ်နိုင်သည်”။​နှင့် ဝန်းကျင်​ပတ်ပတ်လည်​တွင် မြို့​ကို​တည်ဆောက်​၏​။ မြို့​၏​ကျန်​အပိုင်း​ကို ယွာဘ​က ပြန်လည်​ပြုပြင်​၏​။ 9ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ရှိ​တော်မူ​သည်​ဖြစ်​၍ သူ​သည် အားကြီးသည်ထက်ကြီး​လာ​လေ​၏​။
စွန့်စားသောဒါဝိဒ်မင်းကြီး၏စစ်သူရဲများ
10အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ဒါဝိဒ်​ကို မင်းမြှောက်​၍ နိုင်ငံ​တော်​တည်ထောင်​ရာ​တွင် သူ့​ကို​ဝိုင်းဝန်းကူညီ​ပေး​သော စစ်သူရဲ​အကြီးအကဲ​များ​ရှိ​ခဲ့​ကြ​၏​။ 11ဒါဝိဒ်​မင်းကြီး​၌​ရှိ​သော စာရင်းဝင်​သူရဲကောင်း​များ​မှာ ဤ​သူ​တို့​ဖြစ်​၏​။ တပ်မှူး​သုံးဆယ်​ကို​ဦးစီး​ရ​သော ဟခမောနိ​အမျိုး ယာရှောဗံ​သည် လှံ​ကို​ဝှေ့ယမ်း​လိုက်​သည်​နှင့် တစ်ချိန်တည်း​မှာ​ပင် လူ​အယောက်​သုံး​ရာ​ကို သတ်ဖြတ်​နိုင်​ခဲ့​သူ​ဖြစ်​၏​။
12နောက်တစ်ဦး​မှာ သူရဲကောင်း​သုံး​ဦး​အဝင်​ဖြစ်​သော အဟောဟိ​လူမျိုး ဒေါဒေါ​၏​သား ဧလာဇာ ဖြစ်​၏​။ 13ဧလာဇာ​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ပါသဒမ္မိမ်​အရပ်​ရှိ မုယောစပါး​အပြည့်​စိုက်​ထား​သော​လယ်ကွက်​၌​နေ​စဉ် ဖိလိတ္တိ​လူမျိုး​တို့ စစ်တိုက်​ရန် စုဝေး​ချီတက်​လာ​ကြ​၏​။ ကျန်စစ်သည်​များ ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကုန်​သော်လည်း 14ဧလာဇာ​သည် လယ်ကွက်​အလယ်​တွင်​ရပ်​လျက် ဖိလိတ္တိ​လူမျိုး​တို့​ကို ခုခံ​တိုက်ခိုက်​ရာ ထာဝရဘုရား​သည် ကြီးမား​သော​အောင်ပွဲ​ကို ရ​စေ​တော်မူ​၏​။
15စစ်သူရဲ​သုံးဆယ်​ထဲမှ သုံး​ဦး​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ အဒုလံ​လိုဏ်ဂူ​ကျောက်ဆောင်​သို့ ဆင်းသွား​ကြ​၏​။ ဖိလိတ္တိ​တပ်​မူကား ရေဖိမ်​ချိုင့်ဝှမ်း​တွင် စခန်းချ​လျက်​ရှိ​၏​။ 16ထို​အချိန်​က ဒါဝိဒ်​မင်းကြီး​သည် ခံတပ်​တွင်​စံမြန်း​လျက်​ရှိ​ပြီး ဖိလိတ္တိ​မြို့စောင့်တပ်​မူကား ဗက်လင်​မြို့​၌ တပ်စွဲ​ထား​လျက်​ရှိ​၏​။ 17ဒါဝိဒ်​မင်းကြီး​က “ဗက်လင်​မြို့​တံခါး​အနီး​ရှိ ရေတွင်း​မှ​ရေ​ကို ငါ့​အတွက် တစ်ယောက်ယောက်​ခပ်ပေး​လျှင် ကောင်း​ပေ​မည်”​ဟု တောင့်တ​၍ ဆို​မိ​လျှင် 18ထို​သူရဲကောင်း​သုံး​ဦး​သည် ဖိလိတ္တိ​တပ်စခန်း​ကို ထိုးဖောက်​ပြီး ဗက်လင်​မြို့​တံခါး​အနီး​ရှိ​ရေတွင်း​မှ ရေ​ကို​ခပ်ယူ​ကာ ဒါဝိဒ်​မင်းကြီး​ထံ ယူဆောင်​လာ​ပေး​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထို​ရေ​ကို​မ​သောက်​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် သွန်း​လျက် 19“​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဤ​အမှု​သည် အကျွန်ုပ်​နှင့်​ဝေး​ပါစေသော​။ ဤ​ရေ​သည် သူ​တို့​၏​အသွေး​ဖြစ်​ပါ​၏​။ သူ​တို့​အသက်​နှင့်​ရင်း​၍​ရလာ​သော​ရေ​ကို အကျွန်ုပ်​သောက်​ရ​ပါ​မည်လော​။ သူ​တို့​သည် အသက်​ကို​ရင်း​၍ ဤ​ရေ​များ​ကို ခပ်လာ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​လျက် ထို​ရေ​ကို မ​သောက်​ဘဲ နေ​၏​။ သူရဲကောင်း​သုံး​ဦး​တို့​သည် ဤသို့​စွမ်းဆောင်​ပေး​ခဲ့​လေ​၏​။
20ဇေရုယာ​၏​သား​၊ ယွာဘ​၏​ညီ အဘိရှဲ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကို ဦးဆောင်​ရ​၏​။ သူ​သည် လှံ​ကို​ဝှေ့ယမ်း​ပြီး လူ​အယောက်​သုံး​ရာ​ကို တိုက်ခိုက်​သတ်ဖြတ်​၏​။ ထို့ကြောင့် သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကဲ့သို့ နာမည်​ကျော်စော​၏​။ 21သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​တို့​ထက် နှစ်ဆ​အစွမ်းထက်​သောကြောင့် သူ​တို့​၏​အကြီးအကဲ​ဖြစ်​ရ​၏​။ သို့သော် ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။
22ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့​တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။ 23သူ​သည် အရပ်​ငါး​တောင်#11:23 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​ရှိ​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ ရက်ကန်းလိပ်တုံး​တမျှ​ကြီး​သော​လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။ 24ယောယဒ​၏​သား ဗေနာယ​သည် ထိုသို့​ပြု​ခဲ့​သောကြောင့် သူရဲကောင်း​သုံး​ဦး​ကဲ့သို့ပင် သူ​သည်​လည်း နာမည်​ကျော်စော​၏​။ 25သူ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​ထက် အစွမ်းထက်​သော်လည်း ပထမ​သူရဲကောင်း​သုံး​ဦး​ကို​မ​မီ​။ ဒါဝိဒ်​မင်းကြီး​သည် သူ့​အား ကိုယ်ရံတော်မှူး​အဖြစ် ခန့်အပ်​ထား​၏​။ 26အခြား​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​များ​မှာ
ယွာဘ​၏​ညီ အာသဟေလ​၊ ဗက်လင်​မြို့သား ဒေါဒေါ​၏​သား ဧလဟာနန်​၊
27ဟာရုတ်​မြို့သား ရှမ္မုတ်​၊ ပေလော​မြို့သား ဟေလက်​၊
28တေကော​မြို့သား ဣကေရှ​၏​သား ဣရ​၊ အနေသောသိ​လူမျိုး အဗျေဇာ​၊
29ဟုရှသိ​လူမျိုး သိဗေခဲ​၊ အဟောဟိ​လူမျိုး ဣလဲ​၊
30နေတောဖာသိ​လူမျိုး မဟာရဲ​၊ နေတောဖာသိ​လူမျိုး ဗာနာ​၏​သား ဟေလက်​၊
31ဂိဗာ​မြို့​မှ ဗင်္ယာမိန်​သားမြေး ရိဘဲ​၏​သား အိတ္တဲ​၊ ပိရသုန်​မြို့သား ဗေနာယ​၊
32ဂါရှ​ချိုင့်ဝှမ်း​မှ ဟုရဲ​၊ အာဗသိ​လူမျိုး အဗျေလ​၊
33ဗာဟုမိ​လူမျိုး အာဇမာဝက်​၊ ရှာလဗောနိ​လူမျိုး ဧလျာဘ​၊
34ဂိဇောနိ​လူမျိုး ဟာရှင်​၏​သား​များ​၊ ဟာရရိ​လူမျိုး ရှာဂဲ​၏​သား ယောနသန်​၊
35ဟာရရိ​လူမျိုး စာကာ​၏​သား အဟိအံ​၊ ဥရ​၏​သား ဧလိဖလ​၊
36မေခေရသိ​လူမျိုး ဟေဖာ​၊ ပေလောနိ​လူမျိုး အဟိယ​၊
37ကရမေလိ​လူမျိုး ဟေဇရဲ​၊ ဧဇဗဲ​၏​သား နာရဲ​၊
38နာသန်​၏​ညီ ယောလ​၊ ဟာဂရိ​၏​သား မိဗဟာ​၊
39အမ္မုန်​လူမျိုး ဇေလက်​၊ ဇေရုယာ​၏​သား ယွာဘ​၏​လက်နက်ကိုင် ဗေရောသိ​လူမျိုး နဟာရဲ​၊
40ဣသရိ​လူမျိုး ဣရ​၊ ဣသရိ​လူမျိုး ဂါရက်​၊
41ဟိတ္တိ​လူမျိုး ဥရိယ​၊ အာလဲ​၏​သား ဇာဗဒ်​၊
42ရုဗင်​အနွယ်​တွင် လူ​အယောက်​သုံးဆယ်​ကို ကြီးစိုး​သော ရုဗင်​အမျိုး​၏​အကြီးအမှူး ရှိဇ​၏​သား အဒိန​၊
43မာခါ​၏​သား ဟာနန်​၊ မိသနိ​လူမျိုး ယောရှာဖတ်​၊
44အာရှတယောသိ​လူမျိုး ဩဇိ​၊ အာရောရိ​လူမျိုး ဟောသံ​၏​သား​များ​ဖြစ်​သော ရှာမ​၊ ယေယေလ​၊
45ရှိမရိ​၏​သား ယေဒယေလ​နှင့် သူ့​ညီ တိဇိ​လူမျိုး ယောဟ​၊
46မဟာဝိ​လူမျိုး ဧလျေလ​၊ ဧလနန်​၏​သား ယေရိဗဲ​နှင့် ယောရှဝိ​၊ မောဘ​လူမျိုး ဣသမ​၊
47ဧလျေလ​၊ ဩဗက်​၊ မေဇောဗိတ်​လူမျိုး ယာသေလ တို့​ဖြစ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ