ရာဇဝင်ချုပ်ပထမစောင် 12
12
ဒါဝိဒ်ကို ပထမဆုံးထောက်ခံသူများ
1ဒါဝိဒ်သည် ကိရှ၏သားရှောလုမင်းကြီးကို ဇိကလတ်မြို့၌ ရှောင်တိမ်းနေစဉ် သူ့ထံသို့လာ၍စစ်ကူတိုက်ပေးသော သူရဲကောင်းများမှာ ဤသူတို့ဖြစ်ကြ၏။ 2လေးဖြင့် ကျောက်ခဲနှင့်မြားတို့ကို လက်ယာလက်၊ လက်ဝဲလက်မရွေး ပစ်ခတ်နိုင်သော ဗင်္ယာမိန်အမျိုးမှ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းလေးသည်တော်များ၊ 3ဂိဗာမြို့သား ရှေမာ၏သားများဖြစ်သော အကြီးအမှူးအဟေဇာနှင့် ယောရှ၊ အာဇမာဝက်၏သားများဖြစ်သော ယေဇေလနှင့် ပေလက်၊ အာနသုတ်မြို့သားဗေရာခနှင့် ယေဟု၊ 4စစ်သူရဲအယောက်သုံးဆယ်တွင်ပါဝင်၍ ထိုစစ်သူရဲအယောက်သုံးဆယ်ကို အုပ်ရသူ ဂိဗောင်မြို့သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရမြို့သား ယောဇဗဒ်၊ 5ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိလူမျိုးရှေဖတိ၊ 6ကောရအမျိုးများဖြစ်သော ဧလကာန၊ ဣရှိယ၊ အာဇရေလ၊ ယောဇာ၊ ယာရှောဗံ၊ 7ဂေဒေါ်မြို့သား ယေရောဟံ၏သားများဖြစ်သော ယောလာနှင့်ဇေဗဒိ တို့ဖြစ်ကြ၏။
8ဂဒ်အမျိုးအချို့တို့သည် တောကန္တာရရှိ ဒါဝိဒ်ခိုလှုံရာနေရာသို့ လာရောက်ပူးပေါင်းကြ၏။ သူတို့သည် ဒိုင်းလွှား၊ လှံတို့ကို ကိုင်ဆောင်နိုင်ပြီး ရဲစွမ်းသတ္တိရှိ၍ စစ်ရေးလေ့ကျင့်ထားသောသူများ၊ ခြင်္သေ့ကဲ့သို့ရဲရင့်သောမျက်နှာရှိ၍ တောင်ပေါ်သမင်ကဲ့သို့ လျင်မြန်သူများ ဖြစ်ကြ၏။
9ဧဇာသည် အကြီးအမှူး ဖြစ်ပြီး
ဒုတိယ ဩဗဒိ၊ တတိယ ဧလျာဘ၊
10စတုတ္ထ မိရှမန္န၊ ပဉ္စမ ယေရမိ၊
11ဆဋ္ဌမ အတ္တဲ၊ သတ္တမ ဧလျေလ၊
12အဋ္ဌမ ယောဟနန်၊ နဝမ ဧလဇာဗဒ်၊
13ဒသမ ယေရမိ၊ ဧကာဒသမ မာခဗာနဲ တို့ဖြစ်ကြ၏။
14ဤသူတို့မှာ ဂဒ်အမျိုးသားစစ်ဗိုလ်ချုပ်များ ဖြစ်၏။ သူတို့တွင် အငယ်ဆုံးသူသည် လူတစ်ရာနှင့်လည်းကောင်း၊ အကြီးဆုံးသူသည် လူတစ်ထောင်နှင့်လည်းကောင်း အားညီမျှ၏။ 15သူတို့သည် ဂျော်ဒန်မြစ်ကမ်းပါးတစ်လျှောက် ရေလျှံနေချိန်ဖြစ်သော ပထမလတွင် မြစ်ကိုကူးပြီး ချိုင့်ဝှမ်းလွင်ပြင်၌နေထိုင်သူအားလုံးကို အရှေ့အနောက် တကွဲတပြားစီဖြစ်အောင် နှင်ထုတ်ပစ်၏။
16အချို့သောဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားတို့သည်လည်း ဒါဝိဒ်ခိုလှုံရာနေရာသို့ ရောက်လာကြ၏။ 17ဒါဝိဒ်ကလည်း သူတို့ကိုထွက်တွေ့ပြီး “သင်တို့သည် ငါ့ကို ကူညီလို၍ ကောင်းကောင်းမွန်မွန်ရောက်လာခြင်းဖြစ်လျှင် ငါသည် သင်တို့နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်၏။ သို့သော် အမှားမပြုမိသောငါ့ကို ရန်သူတို့လက်သို့ အပ်ဖို့ သင်တို့လာခြင်းဖြစ်လျှင် ငါတို့ဘိုးဘေးတို့၏ဘုရားသခင်သည် သင်တို့ကို စီရင်တော်မူပါစေသော”ဟု ဆို၏။
18ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
19ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးကို စစ်တိုက်သွားသောအခါ ဒါဝိဒ်လည်း လိုက်ပါရာ မနာရှေအမျိုးအချို့တို့သည် ဒါဝိဒ်ထံရောက်လာကြ၏။ သို့သော် ဖိလိတ္တိမင်းကြီးတို့က “သူသည် သူ့သခင်ရှောလုမင်းကြီးနှင့် ပြန်ပေါင်းပြီး ငါတို့ခေါင်းကို အပ်ကောင်းအပ်လိမ့်မည်”ဟု အချင်းချင်းတိုင်ပင်ကြပြီး ဒါဝိဒ်ကိုပြန်လွှတ်လိုက်သဖြင့် ဒါဝိဒ်သည် သူတို့ကို စစ်ကူမတိုက်ဖြစ်ခဲ့ဘဲ 20ဇိကလတ်မြို့သို့ပြန်လာရာ မနာရှေအမျိုးထဲမှ လူတစ်ထောင်အုပ်များဖြစ်သော အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲ တို့သည် လာရောက်ပူးပေါင်းကြ၏။ 21သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သူများဖြစ်သောကြောင့် ဓားပြတို့ကို နှိမ်နင်းရာတွင် ဒါဝိဒ်ကို ကူညီကြ၏။ သူတို့သည် နောင်တွင် စစ်ဗိုလ်များ ဖြစ်လာကြ၏။ 22နေ့စဉ်နေ့တိုင်း ဒါဝိဒ်ကိုကူညီရန် ဝင်ရောက်လာသူများလာသဖြင့် ဘုရားသခင်၏တပ်ကဲ့သို့ အင်အားကြီးမားသောစစ်တပ်ကြီးဖြစ်လာလေ၏။
ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီး၏စစ်သည်များ
23ထာဝရဘုရား၏နှုတ်ထွက်စကားအတိုင်း နိုင်ငံတော်ကို ရှောလုမင်းကြီးမှ ဒါဝိဒ်ထံလွှဲအပ်မည်ဖြစ်သောကြောင့် ဟေဗြုန်မြို့ရှိဒါဝိဒ်ထံသို့ ဝင်ရာက်လာသောလက်နက်ကိုင်စစ်သည်အကြီးအကဲတို့၏အရေအတွက်မှာ 24ယုဒအမျိုးသားတွင် ဒိုင်းလွှားလှံစသောလက်နက်ကိုင်စစ်သည် အယောက်ခြောက်ထောင်ရှစ်ရာ၊ 25ရှိမောင်အမျိုးသားတွင် ရဲစွမ်းသတ္တိထက်မြက်သောစစ်သည် အယောက်ခုနစ်ထောင့်တစ်ရာ၊ 26လေဝိအမျိုးသားတွင် လူအယောက်လေးထောင့်ခြောက်ရာ၊ 27အာရုန်အမျိုးကိုဦးဆောင်ပေးရသူ ယောယဒနှင့် သူ၏လူအယောက်သုံးထောင်ခုနစ်ရာ၊ 28ရဲစွမ်းသတ္တိထက်မြက်သောလူငယ် ဇာဒုတ်နှင့် သူ့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူး နှစ်ဆယ့်နှစ်ယောက်၊ 29ယခင်က ရှောလုအိမ်တော်သားအပေါ် သစ္စာစောင့်သိသူ ဗင်္ယာမိန်အနွယ် ရှောလု၏ဆွေမျိုးသားချင်း အယောက်သုံးထောင်၊ 30ဧဖရိမ်အမျိုးသားတွင် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုထဲမှ နာမည်ကျော်စောပြီး ရဲစွမ်းသတ္တိထက်မြက်သူစစ်သူရဲ အယောက်နှစ်သောင်းရှစ်ရာ၊ 31ဒါဝိဒ်ကို မင်းမြှောက်ဖို့ရန် မနာရှေအမျိုးတစ်ဝက်တွင် နာမည်စာရင်းဝင်သူအယောက်တစ်သောင်းရှစ်ထောင်၊ 32ဣသခါအမျိုးသားတွင် အစ္စရေးလူတို့ပြုရမည့်အမှုကို အခြေအနေအချိန်အခါအလိုက် သိနားလည်သူ အကြီးအမှူးအယောက်နှစ်ရာနှင့် သူတို့၏အမိန့်ကိုနာခံသောဆွေမျိုးအားလုံး၊ 33ဇာဗုလုန်အမျိုးတွင် ဒါဝိဒ်ကိုကူညီရန် စိတ်မထွေပြားဘဲ စစ်လက်နက်အပြည့်အစုံနှင့်တကွ တိုက်ပွဲဝင်ရန်အသင့်ရှိသူ၊ စစ်မှုထမ်းနိုင်သူ စစ်သည်အယောက်ငါးသောင်း၊ 34နဿလိအမျိုးမှ တပ်မှူးအယောက်တစ်ထောင်နှင့် ဒိုင်းလှံလက်နက်ကိုင်ဆောင်သူတပ်သားအယောက်သုံးသောင်းခုနစ်ထောင်၊ 35ဒန်အမျိုးတွင် တိုက်ပွဲဝင်ရန်အသင့်ဖြစ်သူ စစ်သည်အယောက်နှစ်သောင်းရှစ်ထောင့်ခြောက်ရာ၊ 36အာရှာအမျိုးတွင် တိုက်ပွဲဝင်ရန်အသင့်ဖြစ်သူ၊ စစ်မှုထမ်းနိုင်သူ စစ်သည်အယောက်လေးသောင်း၊ 37ဂျော်ဒန်မြစ်အရှေ့ဘက်မှ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေမျိုးနွယ်တစ်ဝက်တို့တွင် စစ်လက်နက်အပြည့်အစုံနှင့် စစ်သည်အယောက်တစ်သိန်းနှစ်သောင်း ရှိ၏။
38ဤစစ်သူရဲအားလုံးတို့သည် စစ်မြေပြင်တွင် အမိန့်ကို စိတ်နှလုံးအကြွင်းမဲ့နာခံတတ်သူများ ဖြစ်၏။ ဒါဝိဒ်ကို အစ္စရေးတစ်မျိုးနွယ်လုံး၏ဘုရင်အဖြစ် တင်မြှောက်ရန် ဟေဗြုန်မြို့သို့ ရောက်လာကြသူများလည်း ဖြစ်၏။ ကျန်အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ဒါဝိဒ်ကို မင်းမြှောက်ရန် တစ်စိတ်တစ်သဘောတည်းရှိကြ၏။ 39အမျိုးသားချင်းတို့ ပြင်ဆင်ကျွေးမွေးသဖြင့် ထိုနေရာတွင် သူတို့သည် ဒါဝိဒ်နှင့်အတူ သုံးရက်တိုင်တိုင်စားသောက်ပွဲများ ကျင်းပကြ၏။ 40ရပ်နီးနေသူများသာမက ရပ်ဝေးနေသူများဖြစ်သော ဣသခါအမျိုး၊ ဇာဗုလုန်အမျိုး၊ နဿလိအမျိုး တို့သည်လည်း မုန့်ညက်နှင့်လုပ်သောအစားအစာများ၊ သဖန်းပျဉ်များ၊ စပျစ်သီးခြောက်များ၊ စပျစ်ဝိုင်၊ ဆီ၊ နွားသား၊ သိုးသား စသောအစားအစာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွား တို့ဖြင့် အမြောက်အမြားတင်ဆောင်လာကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့ အလွန်ဝမ်းမြောက်ဝမ်းသာကြလေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative