YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 12

12
ဒါဝိဒ်ကို ပထမဆုံးထောက်ခံသူများ
1ဒါဝိဒ်​သည် ကိရှ​၏​သား​ရှောလု​မင်းကြီး​ကို ဇိကလတ်​မြို့​၌ ရှောင်တိမ်း​နေစဉ် သူ့​ထံသို့​လာ​၍​စစ်ကူတိုက်​ပေး​သော သူရဲကောင်း​များ​မှာ ဤ​သူ​တို့​ဖြစ်​ကြ​၏​။ 2လေး​ဖြင့် ကျောက်ခဲ​နှင့်​မြား​တို့​ကို လက်ယာ​လက်​၊ လက်ဝဲ​လက်​မရွေး ပစ်ခတ်​နိုင်​သော ဗင်္ယာမိန်​အမျိုး​မှ ရှောလု​မင်းကြီး​၏​ဆွေမျိုးသားချင်း​လေးသည်တော်​များ​၊ 3ဂိဗာ​မြို့သား ရှေမာ​၏​သား​များ​ဖြစ်​သော အကြီးအမှူး​အဟေဇာ​နှင့် ယောရှ​၊ အာဇမာဝက်​၏​သား​များ​ဖြစ်​သော ယေဇေလ​နှင့် ပေလက်​၊ အာနသုတ်​မြို့သား​ဗေရာခ​နှင့် ယေဟု​၊ 4စစ်သူရဲ​အယောက်​သုံးဆယ်​တွင်​ပါဝင်​၍ ထို​စစ်သူရဲ​အယောက်​သုံးဆယ်​ကို အုပ်​ရ​သူ ဂိဗောင်​မြို့သား ဣရှမာယ​၊ ယေရမိ​၊ ယဟာဇေလ​၊ ယောဟနန်​၊ ဂေဒရ​မြို့သား ယောဇဗဒ်​၊ 5ဧလုဇဲ​၊ ယေရိမုတ်​၊ ဗာလျာ​၊ ရှေမရိ​၊ ဟရုဖိ​လူမျိုး​ရှေဖတိ​၊ 6ကောရ​အမျိုး​များ​ဖြစ်​သော ဧလကာန​၊ ဣရှိယ​၊ အာဇရေလ​၊ ယောဇာ​၊ ယာရှောဗံ​၊ 7ဂေဒေါ်​မြို့သား ယေရောဟံ​၏​သား​များ​ဖြစ်​သော ယောလာ​နှင့်​ဇေဗဒိ တို့​ဖြစ်​ကြ​၏​။
8ဂဒ်​အမျိုး​အချို့​တို့​သည် တောကန္တာရ​ရှိ ဒါဝိဒ်​ခိုလှုံ​ရာ​နေရာ​သို့ လာရောက်​ပူးပေါင်း​ကြ​၏​။ သူ​တို့​သည် ဒိုင်းလွှား​၊ လှံ​တို့​ကို ကိုင်ဆောင်​နိုင်​ပြီး ရဲစွမ်းသတ္တိ​ရှိ​၍ စစ်ရေး​လေ့ကျင့်​ထား​သော​သူ​များ​၊ ခြင်္သေ့​ကဲ့သို့​ရဲရင့်​သော​မျက်နှာ​ရှိ​၍ တောင်​ပေါ်​သမင်​ကဲ့သို့ လျင်မြန်​သူ​များ ဖြစ်​ကြ​၏​။
9ဧဇာ​သည် အကြီးအမှူး ဖြစ်​ပြီး
ဒုတိယ ဩဗဒိ​၊ တတိယ ဧလျာဘ​၊
10စတုတ္ထ မိရှမန္န​၊ ပဉ္စမ ယေရမိ​၊
11ဆဋ္ဌမ အတ္တဲ​၊ သတ္တမ ဧလျေလ​၊
12အဋ္ဌမ ယောဟနန်​၊ နဝမ ဧလဇာဗဒ်​၊
13ဒသမ ယေရမိ​၊ ဧကာဒသမ မာခဗာနဲ တို့​ဖြစ်​ကြ​၏​။
14ဤ​သူ​တို့​မှာ ဂဒ်​အမျိုးသား​စစ်ဗိုလ်ချုပ်​များ ဖြစ်​၏​။ သူ​တို့​တွင် အငယ်ဆုံး​သူ​သည် လူ​တစ်ရာ​နှင့်​လည်းကောင်း​၊ အကြီးဆုံး​သူ​သည် လူ​တစ်ထောင်​နှင့်​လည်းကောင်း အား​ညီမျှ​၏​။ 15သူ​တို့​သည် ဂျော်ဒန်​မြစ်​ကမ်းပါး​တစ်လျှောက် ရေလျှံ​နေ​ချိန်​ဖြစ်​သော ပထမ​လ​တွင် မြစ်​ကို​ကူး​ပြီး ချိုင့်ဝှမ်းလွင်ပြင်​၌​နေထိုင်​သူ​အားလုံး​ကို အရှေ့​အနောက် တကွဲတပြားစီ​ဖြစ်​အောင် နှင်ထုတ်​ပစ်​၏​။
16အချို့​သော​ဗင်္ယာမိန်​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​သည်​လည်း ဒါဝိဒ်​ခိုလှုံ​ရာ​နေရာ​သို့ ရောက်လာ​ကြ​၏​။ 17ဒါဝိဒ်​က​လည်း သူ​တို့​ကို​ထွက်တွေ့​ပြီး “​သင်​တို့​သည် ငါ့​ကို ကူညီ​လို​၍ ကောင်းကောင်းမွန်မွန်​ရောက်လာ​ခြင်း​ဖြစ်လျှင် ငါ​သည် သင်​တို့​နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်​၏​။ သို့သော် အမှား​မ​ပြု​မိ​သော​ငါ့​ကို ရန်သူ​တို့​လက်​သို့ အပ်​ဖို့ သင်​တို့​လာ​ခြင်း​ဖြစ်လျှင် ငါ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို စီရင်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။
18ထိုအခါ စစ်သူရဲ​သုံးဆယ်​အုပ် အာမသဲ​အပေါ် ဝိညာဉ်​တော်​သက်ရောက်​လာ​ပြီး “​အို ဒါဝိဒ်​၊ အကျွန်ုပ်​တို့​ကို အသင်​ပိုင်​ပါ​၏​။ ယေရှဲ​၏​သား​၊ သင်​နှင့်အတူ အကျွန်ုပ်​တို့ ရှိ​ပါ​၏​။ သင်​၌ ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ သင့်​ကို ကူညီ​သူ​တို့​လည်း ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ သင်​၏​ဘုရားသခင်​သည် သင့်​ကို မစ​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။ ထိုအခါ ဒါဝိဒ်​သည် သူ​တို့​ကို​လက်ခံ​ပြီး စစ်ဗိုလ်​များ​အဖြစ် ခန့်ထား​လေ​၏​။
19ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​ကို စစ်တိုက်​သွား​သောအခါ ဒါဝိဒ်​လည်း လိုက်ပါ​ရာ မနာရှေ​အမျိုး​အချို့​တို့​သည် ဒါဝိဒ်​ထံ​ရောက်လာ​ကြ​၏​။ သို့သော် ဖိလိတ္တိ​မင်းကြီး​တို့​က “​သူ​သည် သူ့​သခင်​ရှောလု​မင်းကြီး​နှင့် ပြန်ပေါင်း​ပြီး ငါ​တို့​ခေါင်း​ကို အပ်​ကောင်း​အပ်​လိမ့်မည်​”​ဟု အချင်းချင်း​တိုင်ပင်​ကြ​ပြီး ဒါဝိဒ်​ကို​ပြန်လွှတ်​လိုက်​သဖြင့် ဒါဝိဒ်​သည် သူ​တို့​ကို စစ်ကူ​မ​တိုက်​ဖြစ်​ခဲ့​ဘဲ 20ဇိကလတ်​မြို့​သို့​ပြန်လာ​ရာ မနာရှေ​အမျိုး​ထဲမှ လူ​တစ်ထောင်​အုပ်​များ​ဖြစ်​သော အာဒန​၊ ယောဇဗဒ်​၊ ယေဒယေလ​၊ မိက္ခေလ​၊ ယောဇဗဒ်​၊ ဧလိဟု​၊ ဇိလသဲ တို့​သည် လာရောက်​ပူးပေါင်း​ကြ​၏​။ 21သူ​တို့​အားလုံး​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သူ​များ​ဖြစ်​သောကြောင့် ဓားပြ​တို့​ကို နှိမ်နင်း​ရာ​တွင် ဒါဝိဒ်​ကို ကူညီ​ကြ​၏​။ သူ​တို့​သည် နောင်တွင် စစ်ဗိုလ်​များ ဖြစ်လာ​ကြ​၏​။ 22နေ့စဉ်နေ့တိုင်း ဒါဝိဒ်​ကို​ကူညီ​ရန် ဝင်ရောက်​လာ​သူ​များလာ​သဖြင့် ဘုရားသခင်​၏​တပ်​ကဲ့သို့ အင်အားကြီးမား​သော​စစ်တပ်​ကြီး​ဖြစ်လာ​လေ​၏​။
ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီး၏စစ်သည်များ
23ထာဝရဘုရား​၏​နှုတ်ထွက်စကား​အတိုင်း နိုင်ငံ​တော်​ကို ရှောလု​မင်းကြီး​မှ ဒါဝိဒ်​ထံ​လွှဲအပ်​မည်​ဖြစ်​သောကြောင့် ဟေဗြုန်​မြို့​ရှိ​ဒါဝိဒ်​ထံသို့ ဝင်ရာက်​လာ​သော​လက်နက်ကိုင်​စစ်သည်​အကြီးအကဲ​တို့​၏​အရေအတွက်​မှာ 24ယုဒ​အမျိုးသား​တွင် ဒိုင်းလွှား​လှံ​စသော​လက်နက်ကိုင်​စစ်သည် အယောက်​ခြောက်​ထောင်​ရှစ်​ရာ​၊ 25ရှိမောင်​အမျိုးသား​တွင် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သည် အယောက်​ခုနစ်​ထောင့်​တစ်ရာ​၊ 26လေဝိ​အမျိုးသား​တွင် လူ​အယောက်​လေး​ထောင့်​ခြောက်​ရာ​၊ 27အာရုန်​အမျိုး​ကို​ဦးဆောင်​ပေး​ရ​သူ ယောယဒ​နှင့် သူ​၏​လူ​အယောက်​သုံး​ထောင်​ခုနစ်​ရာ​၊ 28ရဲစွမ်းသတ္တိ​ထက်မြက်​သော​လူငယ် ဇာဒုတ်​နှင့် သူ့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး နှစ်ဆယ့်​နှစ်​ယောက်​၊ 29ယခင်က ရှောလု​အိမ်​တော်​သား​အပေါ် သစ္စာစောင့်သိ​သူ ဗင်္ယာမိန်​အနွယ် ရှောလု​၏​ဆွေမျိုးသားချင်း အယောက်​သုံး​ထောင်​၊ 30ဧဖရိမ်​အမျိုးသား​တွင် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ထဲမှ နာမည်​ကျော်စော​ပြီး ရဲစွမ်းသတ္တိ​ထက်မြက်​သူ​စစ်သူရဲ အယောက်​နှစ်သောင်း​ရှစ်​ရာ​၊ 31ဒါဝိဒ်​ကို မင်းမြှောက်​ဖို့ရန် မနာရှေ​အမျိုး​တစ်ဝက်​တွင် နာမည်​စာရင်းဝင်​သူ​အယောက်​တစ်သောင်းရှစ်ထောင်​၊ 32ဣသခါ​အမျိုးသား​တွင် အစ္စရေး​လူ​တို့​ပြု​ရ​မည့်​အမှု​ကို အခြေအနေ​အချိန်အခါ​အလိုက် သိ​နားလည်​သူ အကြီးအမှူး​အယောက်​နှစ်ရာ​နှင့် သူ​တို့​၏​အမိန့်​ကို​နာခံ​သော​ဆွေမျိုး​အားလုံး​၊ 33ဇာဗုလုန်​အမျိုး​တွင် ဒါဝိဒ်​ကို​ကူညီ​ရန် စိတ်​မ​ထွေပြား​ဘဲ စစ်လက်နက်​အပြည့်အစုံ​နှင့်တကွ တိုက်ပွဲဝင်​ရန်​အသင့်ရှိ​သူ​၊ စစ်မှုထမ်း​နိုင်​သူ စစ်သည်​အယောက်​ငါးသောင်း​၊ 34နဿလိ​အမျိုး​မှ တပ်မှူး​အယောက်​တစ်ထောင်​နှင့် ဒိုင်း​လှံ​လက်နက်ကိုင်ဆောင်​သူ​တပ်သား​အယောက်​သုံးသောင်း​ခုနစ်​ထောင်​၊ 35ဒန်​အမျိုး​တွင် တိုက်ပွဲဝင်​ရန်​အသင့်​ဖြစ်​သူ စစ်သည်​အယောက်​နှစ်သောင်းရှစ်ထောင့်​ခြောက်​ရာ​၊ 36အာရှာ​အမျိုး​တွင် တိုက်ပွဲ​ဝင်​ရန်​အသင့်​ဖြစ်​သူ​၊ စစ်မှုထမ်း​နိုင်​သူ စစ်သည်​အယောက်​လေးသောင်း​၊ 37ဂျော်ဒန်​မြစ်​အရှေ့ဘက်​မှ ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​တွင် စစ်လက်နက်​အပြည့်အစုံ​နှင့် စစ်သည်​အယောက်​တစ်သိန်းနှစ်သောင်း ရှိ​၏​။
38ဤ​စစ်သူရဲ​အားလုံး​တို့​သည် စစ်မြေပြင်​တွင် အမိန့်​ကို စိတ်နှလုံး​အကြွင်းမဲ့​နာခံ​တတ်​သူ​များ ဖြစ်​၏​။ ဒါဝိဒ်​ကို အစ္စရေး​တစ်မျိုးနွယ်လုံး​၏​ဘုရင်​အဖြစ် တင်မြှောက်​ရန် ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​သူ​များ​လည်း ဖြစ်​၏​။ ကျန်​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ဒါဝိဒ်​ကို မင်းမြှောက်​ရန် တစ်စိတ်တစ်သဘောတည်း​ရှိ​ကြ​၏​။ 39အမျိုးသားချင်း​တို့ ပြင်ဆင်​ကျွေးမွေး​သဖြင့် ထို​နေရာ​တွင် သူ​တို့​သည် ဒါဝိဒ်​နှင့်အတူ သုံး​ရက်​တိုင်တိုင်​စားသောက်ပွဲ​များ ကျင်းပ​ကြ​၏​။ 40ရပ်နီး​နေ​သူ​များ​သာမက ရပ်ဝေး​နေ​သူ​များ​ဖြစ်​သော ဣသခါ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ နဿလိ​အမျိုး တို့​သည်​လည်း မုန့်ညက်​နှင့်​လုပ်​သော​အစားအစာ​များ​၊ သဖန်းပျဉ်​များ​၊ စပျစ်သီးခြောက်​များ​၊ စပျစ်ဝိုင်​၊ ဆီ​၊ နွားသား​၊ သိုးသား စသော​အစားအစာ​များ​ကို မြည်း​၊ ကုလားအုတ်​၊ လား​၊ နွား တို့​ဖြင့် အမြောက်အမြား​တင်ဆောင်​လာ​ကြ​၏​။ ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့ အလွန်​ဝမ်းမြောက်ဝမ်းသာ​ကြ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ