ရာဇဝင်ချုပ်ပထမစောင် 26
26
လေဝိလူမျိုးတံခါးစောင့်များ
1တံခါးစောင့်အဖွဲ့များတွင် ကောရအမျိုးထဲမှ အာသပ်၏မြေး၊ ကောရေ၏သား မေရှလေမိ၊ 2မေရှလေမိ၏သားများမှာ သားဦးဇာခရိ၊ ဒုတိယသား ယေဒယေလ၊ တတိယသား ဇေဗဒိ၊ စတုတ္ထသား ယာသနေလ၊ 3ပဉ္စမသား ဧလံ၊ ဆဋ္ဌမသား ယေဟောဟနန်၊ သတ္တမသား ဧလဲဩနဲ တို့ဖြစ်ကြ၏။ 4ဩဗဒေဒုံ၏သားများမှာ သားဦး ရှေမာယ၊ ဒုတိယသား ယဟောဇဗဒ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဉ္စမသား နာသနေလ၊ 5ဆဋ္ဌမသား အမျေလ၊ သတ္တမသား ဣသခါ၊ အဋ္ဌမသား ပုလသဲ တို့ဖြစ်ကြ၏။ သူတို့သည် ဩဗဒေဒုံအား ဘုရားသခင်ပေးတော်မူသောကောင်းချီးများ ဖြစ်၏။ 6ဩဗဒေဒုံ၏သားဖြစ်သော ရှေမာယ၏သားများသည် ရဲစွမ်းသတ္တိရှိသူများဖြစ်သောကြောင့် သူတို့၏ဘိုးဘေးအိမ်ထောင်စုတွင် ခေါင်းဆောင်များဖြစ်ကြ၏။ 7ရှေမာယ၏သားများမှာ ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလဇာဗဒ်နှင့် ရဲစွမ်းသတ္တိထက်မြက်သည့် သူတို့၏ညီအစ်ကိုများဖြစ်သော ဧလိဟုနှင့်သေမခိ တို့ဖြစ်ကြ၏။ 8ဤသူအားလုံးတို့သည် ဩဗဒေဒုံ၏သားမြေးများ ဖြစ်ကြ၏။ သူတို့၏သားများ ညီအစ်ကိုများသည် အမှုတော်လုပ်ငန်းတွင် ရဲစွမ်းသတ္တိထက်မြက်၍ ခွန်အားကြီးသောသူများဖြစ်၏။ ဩဗဒေဒုံ၌ သားမြေးပေါင်း ခြောက်ဆယ့်နှစ်ယောက် ရှိ၏။ 9မေရှလေမိ၌ ရဲစွမ်းသတ္တိထက်မြက်သော သားများနှင့်ညီအစ်ကိုပေါင်း တစ်ဆယ့်ရှစ်ယောက် ရှိ၏။ 10မေရာရိ၏သားမြေးများတွင် ဟောသ၏သားရှိမရိသည် သားဦးမဟုတ်သော်လည်း သူ့ဖခင်သည် သူ့ကို သားဦးအရာ၌ ထား၏။ 11ဒုတိယသားမှာ ဟိလခိ၊ တတိယသားမှာ တေဗလိ၊ စတုတ္ထသားမှာ ဇာခရိ တို့ဖြစ်၏။ ဟောသ၌ သားများနှင့်ညီအစ်ကိုပေါင်း တစ်ဆယ့်သုံးယောက် ရှိ၏။ 12ဤတံခါးစောင့်များအဖွဲ့တွင် ခေါင်းဆောင်လုပ်သူများသည်လည်း ညီအစ်ကိုများနည်းတူ ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ကိုထမ်းဆောင်ရ၏။ 13သူတို့၏ဘိုးဘေးအိမ်ထောင်စုအလိုက် လူကြီးလူငယ်မရွေး တံခါးတစ်ခုစီတွင် တာဝန်ကျမည့်သူများကိုမဲချခွဲဝေပေး၏။ 14မဲချရာတွင် ရှေလမိသည် အရှေ့ဘက်တံခါး၌ မဲကျ၏။ အကြံကောင်းဉာဏ်ကောင်းပေးနိုင်သူ၊ ရှေလမိ၏သားဇာခရိသည် မြောက်ဘက်တံခါး၌ မဲကျ၏။ 15ဩဗဒေဒုံသည် တောင်ဘက်တံခါးတွင် မဲကျ၏။ သူ့သားတို့မူကား သိုလှောင်ရုံတံခါး၌ မဲကျ၏။ 16ရှုပိမ်နှင့်ဟောသတို့သည် အနောက်ဘက်တောင်ပေါ်တက်သွားသောလမ်းပေါ်ရှိ ရှလ္လေခက်တံခါး၌ မဲကျပြီး အစောင့်တို့သည် တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်လျက် စောင့်ရ၏။ 17အရှေ့ဘက်၌ လေဝိအမျိုးသားခြောက်ယောက်၊ မြောက်ဘက်၌ တစ်ရက်တွင် လေးယောက်၊ တောင်ဘက်၌ တစ်ရက်တွင် လေးယောက်နှင့် သိုလှောင်ရုံများ၌ နှစ်ယောက်စီ စောင့်ကြပ်ကြရ၏။ 18အိမ်တော်ဝင်းအနောက်ဘက်တွင် လမ်းမပေါ်၌ လေးယောက်၊ အိမ်တော်ဝင်းတွင် နှစ်ယောက် စောင့်ကြပ်ရ၏။ 19ဤသူတို့သည် ကောရ၏သားမြေးများနှင့် မေရာရိ၏သားမြေးများမှ တံခါးစောင့်အဖွဲ့ဝင်များ ဖြစ်ကြ၏။
လေဝိလူမျိုးဘဏ္ဍာထိန်းများနှင့် အခြားအရာရှိများ
20လေဝိအမျိုးတွင် အဟိယသည် ဘုရားသခင်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်တို့ကို စောင့်ကြပ်ရ၏။ 21ဂေရရှုန်၏သားမြေးဖြစ်သော လာဒန်၏သားမြေးတို့တွင် ဂေရရှုန်အမျိုးလာဒန်မှဆင်းသက်သော လာဒန်၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးမှာ ယေဟေလိဖြစ်၏။ 22ယေဟေလိ၏သားများမှာ ဇေသံနှင့် သူ့ညီယောလ ဖြစ်၏။ သူတို့သည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို စောင့်ကြပ်ကြရ၏။
23အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုး အချို့တို့လည်း ပါကြ၏။ 24မောရှေ၏မြေး၊ ဂေရရှုံ၏သား ရှေဗွေလသည် ဘဏ္ဍာတိုက်ကို ကြီးကြပ်အုပ်ချုပ်သူ ဖြစ်၏။ 25ရှေဗွေလ၏ညီအစ်ကိုများမှာ ဧလျေဇာ၏သား ရေဟဘိ၊ ရေဟဘိ၏သား ယေရှာယ၊ ယေရှာယ၏သား ယောရံ၊ ယောရံ၏သား ဇိခရိ၊ ဇိခရိ၏သား ရှေလောမုတ် တို့ဖြစ်ကြ၏။ 26ရှေလောမုတ်နှင့် သူ့ညီအစ်ကိုတို့သည် ဒါဝိဒ်မင်းကြီးနှင့် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သော ထောင်တပ်မှူး၊ ရာတပ်မှူးများ၊ စစ်ဗိုလ်ချုပ်များ ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်အလုံးစုံကို စောင့်ကြပ်ရ၏။ 27စစ်ပွဲမှရလာသောတိုက်ရာပါပစ္စည်းအချို့ကို ထာဝရဘုရား၏အိမ်တော်ပြုပြင်ရန်အတွက် ဆက်ကပ်ထား၏။ 28စိတ်အာရုံရသူရှမွေလ၊ ကိရှ၏သားရှောလု၊ နေရ၏သားအာဗနာ၊ ဇေရုယာ၏သားယွာဘတို့ ဆက်ကပ်ထားသောပစ္စည်းအားလုံးအပါအဝင် လူတို့ဆက်ကပ်ထားသောပစ္စည်းမှန်သမျှတို့ကို ရှေလောမိတ်နှင့် သူ့ညီအစ်ကိုတို့ စောင့်ကြပ်ရ၏။
29ဣဇဟာအမျိုးဖြစ်သော ခေနနိနှင့်သူ၏သားများမူကား အိမ်တော်ပြင်ပအလုပ်ဖြစ်သော အစ္စရေးလူမျိုးတို့ကို ကြီးကြပ်အုပ်ချုပ်ရသူများ၊ တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်ရ၏။ 30ဟေဗြုန်အမျိုးဖြစ်သော ဟာရှဘိနှင့် ရဲစွမ်းသတ္တိရှိသော သူ့ညီအစ်ကိုတစ်ထောင့်ခုနစ်ရာတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဝန်းကျင်ရှိ အစ္စရေးလူမျိုးတို့ကို တာဝန်ယူအုပ်ချုပ်ရ၏။ သူတို့သည် ထာဝရဘုရား၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်ရ၏။ 31ဟေဗြုန်အမျိုးဖြစ်သော ယေရိယသည် ဘိုးဘေးအိမ်ထောင်စု၏ဆွေစဉ်မျိုးဆက်အရ ဟေဗြုန်အမျိုး၏အကြီးအမှူးဖြစ်၏။ ဒါဝိဒ်မင်းကြီးနန်းစံအနှစ်လေးဆယ်အတွင်း ရဲစွမ်းသတ္တိရှိသူများကို ရှာဖွေရာ သူတို့ကို ဂိလဒ်ပြည်၊ ယာဇာမြို့တွင် တွေ့ခဲ့၏။ 32ယေရိယ၏ညီအစ်ကိုများတွင် ရဲစွမ်းသတ္တိရှိသူနှစ်ထောင့်ခုနစ်ရာရှိ၍ သူတို့သည် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးက သူတို့ကို ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ကို အုပ်ချုပ်စေပြီး ဘုရားသခင်၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်စေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 26: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative