ဓမ္မရာဇဝင်ပထမစောင် 17
17
ဒါဝိဒ်နှင့်ဂေါလျတ်တို့ယှဉ်ပြိုင်ခြင်း
1ယခုတစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ရန် စစ်သည်တို့ကို စုစည်းကြ၏။ သူတို့သည် စောခေါမြို့တွင် စုဝေး၍ ယုဒပြည်၊ စောခေါမြို့နှင့် အဇေကာမြို့ကြားရှိဧဖက်ဒမိမ်အရပ်တွင် စခန်းချကြ၏။ 2ရှောလုမင်းကြီးနှင့် အစ္စရေးအမျိုးသားတို့မူကား ဧလာချိုင့်တွင် စုဝေးစခန်းချကြပြီး ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်ကြ၏။
3ဖိလိတ္တိလူမျိုးတို့သည် တောင်တစ်ဖက်တွင် တပ်ချ၍ အစ္စရေးလူမျိုးတို့သည် အခြားတောင်တစ်ဖက်တွင် တပ်ချကြ၏။ သူတို့ကြားတွင် ချိုင့်ဝှမ်းရှိ၏။ 4ဖိလိတ္တိတပ်စခန်းဘက်မှ ဂေါလျတ်ဟုအမည်ရှိ၍ အရပ်ခြောက်တောင်တစ်ထွာ#17:4 “117 လက်မ သို့မဟုတ် 292.5 စင်တီမီတာ”။ရှိသော ဂါသမြို့သား လူစွမ်းကောင်းတစ်ဦး ထွက်လာ၏။ 5သူသည် ခေါင်းတွင် ကြေးနီသံခမောက်ဆောင်းထား၍ သံချပ်အင်္ကျီကို ဝတ်ထား၏။ ထိုသံချပ်အင်္ကျီ၏အလေးချိန်မှာ ကြေးနီရှယ်ကယ်ငါးထောင်#17:5 “38 ပိဿာ သို့မဟုတ် 58 ကီလိုဂရမ်”။ခန့်ရှိ၏။ 6သူ၏ခြေထောက်တွင်လည်း ကြေးနီညို့သကျည်းကာပါရှိပြီး ပခုံးတွင်လည်း ကြေးနီလှံရှည် လွယ်ထား၏။ 7သူ၏လှံရိုးမှာ ရက်ကန်းလိပ်တုံးတမျှရှိ၍ လှံသွားအလေးချိန်မှာ သံရှယ်ကယ်ခြောက်ရာ#17:7 “4.5 ပိဿာ သို့မဟုတ် 6.9 ကီလိုဂရမ်”။ ရှိ၏။ သူ့ရှေ့တွင် ဒိုင်းလွှားကိုင်သူတစ်ဦး ပါရှိ၏။
8သူသည် ရပ်၍ အစ္စရေးစစ်သည်တို့အား “သင်တို့ အဘယ်ကြောင့် စစ်ခင်းကျင်းရန် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူမျိုးဖြစ်၏။ သင်တို့ကား ရှောလု၏အမှုထမ်းများမဟုတ်လော။ သင်တို့ထဲမှ လူတစ်ယောက်ကိုရွေးပြီး ငါ့ထံသို့လာစေပါ။ 9အကယ်၍ သူသည် ငါ့ကိုတိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့ထံ ကျွန်ခံမည်။ သို့မဟုတ် ငါသည် သူ့ကိုနိုင်၍ သတ်နိုင်လျှင် သင်တို့သည် ငါတို့ထံ ကျွန်ခံ၍ အလုပ်လုပ်ပေးရမည်”ဟု အော်ဟစ်ပြောဆို၏။ 10ထို့ပြင် ထိုဖိလိတ္တိပြည်သားက “ယနေ့ ငါသည် အစ္စရေးစစ်သည်တို့ကို စိန်ခေါ်၏။ ငါနှင့်တိုက်မည့်သူတစ်ဦးကို ငါ့ထံ လွှတ်လိုက်ပါ”ဟု ဆို၏။ 11ရှောလုမင်းကြီးနှင့်တကွ အစ္စရေးစစ်သည်အားလုံးတို့သည် ထိုဖိလိတ္တိပြည်သား၏စကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားလျက် အလွန်ကြောက်ရွံ့ကြကုန်၏။
12ဒါဝိဒ်သည် ယုဒပြည်၊ ဗက်လင်မြို့မှ ယေရှဲအမည်ရှိ ဧဖရတ်အမျိုးသားတစ်ဦး၏သား ဖြစ်၏။ ယေရှဲ၌ သားရှစ်ယောက်ရှိ၏။ သူသည် ရှောလုမင်းကြီးလက်ထက်တွင် အသက်ကြီး၍အိုမင်းလေပြီ။ 13ယေရှဲ၏သားအကြီးသုံးယောက်တို့သည် ရှောလုမင်းကြီးနောက်လိုက်သောစစ်မှုထမ်းများ ဖြစ်ကြ၏။ ထိုစစ်မှုထမ်းသော သားသုံးယောက်၏အမည်မှာ သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်နှင့် တတိယသားရှမ္မ ဖြစ်၏။ 14ဒါဝိဒ်သည် အငယ်ဆုံးသားဖြစ်၏။ သားအကြီးသုံးယောက်သည် ရှောလုမင်းကြီးနောက်သို့ လိုက်ကြသော်လည်း 15ဒါဝိဒ်သည် ဗက်လင်မြို့ရှိ ဖခင်၏သိုးများကိုထိန်းကျောင်းရသဖြင့် ရှောလုမင်းကြီးထံသွားလိုက် ဖခင်ထံပြန်လိုက်လုပ်နေရ၏။
16ထိုဖိလိတ္တိပြည်သားသည် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရက်လေးဆယ်ပတ်လုံး လူလုံးထွက်ပြလေ့ရှိ၏။ 17ယေရှဲက မိမိ၏သားဒါဝိဒ်အား “သင့်အစ်ကိုတို့အတွက် ဤမုန့်ဆန်းတစ်ဧဖာ#17:17 “22 လီတာ”။နှင့် မုန့်ဆယ်လုံးကိုယူ၍ သင့်အစ်ကိုတို့ရှိရာတပ်စခန်းသို့ အမြန်သွားလော့။ 18ဤဒိန်ခဲဆယ်ခဲကိုလည်း သူတို့၏လူတစ်ထောင်အုပ်အတွက် ယူသွားလော့။ သင့်အစ်ကိုတို့ အေးအေးချမ်းချမ်းရှိသည်ကို သင်မြင်တွေ့ခဲ့ရကြောင်း သက်သေယူလာပြလော့”ဟု မှာလိုက်လေ၏။ 19ရှောလုမင်းကြီးမှစ၍ ဒါဝိဒ်၏အစ်ကိုတို့နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ရန် ဧလာချိုင့်၌ စခန်းချနေကြ၏။
20ဒါဝိဒ်သည် နံနက်စောစောထ၍ မိမိသိုးအုပ်ကို သိုးထိန်းတစ်ဦးနှင့် အပ်ထားခဲ့ပြီးလျှင် ဖခင်ယေရှဲမှာလိုက်သည့်အတိုင်း စားစရာများကို ယူ၍ ထွက်သွား၏။ သူသည် တပ်စခန်းသို့ရောက်သောအခါ စစ်သည်တို့သည် စစ်မြေပြင်သို့ ချီတက်ပြီး စစ်ငြာသံပေးလျက် 21အစ္စရေးလူမျိုးနှင့် ဖိလိတ္တိလူမျိုးတို့သည် မျက်နှာချင်းဆိုင် စစ်ခင်းကျင်းနေကြ၏။ 22ဒါဝိဒ်သည် သူနှင့်အတူပါလာသောပစ္စည်းများကို ပစ္စည်းထိန်းလက်၌ အပ်ထားခဲ့ပြီး စစ်မြေပြင်သို့ပြေးသွားကာ အစ်ကိုတို့ကို သွား၍တွေ့ဆုံနှုတ်ဆက်၏။ 23ထိုသို့ သူသည် အစ်ကိုတို့နှင့်စကားပြောနေစဉ် ဂေါလျတ်အမည်ရှိသော ဖိလိတ္တိလူမျိုး၊ ဂါသမြို့သား၊ လူစွမ်းကောင်းတစ်ဦးသည် ဖိလိတ္တိတပ်ထဲမှထွက်လာ၍ ယခင်ကကဲ့သို့ စိန်ခေါ်သောစကားများကို ဒါဝိဒ်ကြားရ၏။ 24အစ္စရေးအမျိုးသားအပေါင်းတို့သည်လည်း ထိုသူကိုမြင်လျှင် အလွန်ကြောက်ရွံ့၍ ထွက်ပြေးကြ၏။
25အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။
26ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
27ထိုအခါ လူတို့က ယခင် ပြောဆိုခဲ့ကြသည့်အတိုင်း သူ့အား “ထိုသူကို သတ်နိုင်သောသူအား ထိုသို့ပြုပေးမည်”ဟု ပြောပြကြ၏။
28ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။
29ဒါဝိဒ်ကလည်း “ယခု အကျွန်ုပ် မည်သို့ပြုမိသနည်း။ ဤအကြောင်းအရာကို မေးခွင့်မရှိသလော”ဟု ပြန်ပြောပြီး 30ဧလျာဘထံမှ လှည့်ထွက်သွား၍ အခြားသူတို့အား ထိုအကြောင်းအရာကို မေးမြန်းရာ သူတို့က ယခင်ဖြေခဲ့သည့်အတိုင်း ပြန်ဖြေကြ၏။
31ဒါဝိဒ်ပြောသောစကားကိုကြားသောသူအချို့တို့က ရှောလုမင်းကြီးထံသို့ လျှောက်တင်ကြသဖြင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ဆင့်ခေါ်လေ၏။ 32ဒါဝိဒ်ကလည်း ရှောလုမင်းကြီးအား “ထိုသူကြောင့် မည်သူမျှစိတ်မပျက်ကြပါနှင့်။ အရှင့်အစေအပါးအကျွန်ုပ်သည် ထိုဖိလိတ္တိပြည်သားကို ထွက်တိုက်ပါမည်”ဟု လျှောက်တင်ရာ
33ရှောလုမင်းကြီးက ဒါဝိဒ်အား “ထိုဖိလိတ္တိပြည်သားကို သင်ထွက်တိုက်နိုင်မည်မဟုတ်။ သင်ကား လူငယ်မျှသာရှိသေး၏။ ထိုသူမှာမူ ငယ်ရွယ်စဉ်ကပင် စစ်သူရဲဖြစ်ခဲ့၏”ဟု ဆို၏။
34သို့သော် ဒါဝိဒ်က ရှောလုမင်းကြီးအား “အရှင့်အစေအပါးသည် ဖခင်၏သိုးများကို ထိန်းကျောင်းနေစဉ် ခြင်္သေ့၊ ဝက်ဝံတို့သည် လာ၍ သိုးအုပ်ထဲမှ သိုးသငယ်ကို ကိုက်ဆွဲပါ၏။ 35ထိုအခါ အကျွန်ုပ်သည် ခြင်္သေ့၊ ဝက်ဝံတို့ကို လိုက်၍ တိုက်ခိုက်ပြီး ထိုအကောင်တို့၏ပါးစပ်မှ သိုးတို့ကို ကယ်ခဲ့ပါ၏။ ထိုအကောင်က အကျွန်ုပ်ကို ပြန်လည်တိုက်ခိုက်လျှင် ထိုအကောင်၏မုတ်ဆိတ်ကိုဖမ်းဆွဲပြီး ရိုက်သတ်ပါ၏။ 36ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။ 37ထို့ပြင် ဒါဝိဒ်က “ခြင်္သေ့လက်၊ ဝက်ဝံလက်မှ အကျွန်ုပ်ကိုကယ်တင်တော်မူသောထာဝရဘုရားသည် ထိုဖိလိတ္တိပြည်သား၏လက်မှလည်း ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုလျှင် ရှောလုမင်းကြီးက ဒါဝိဒ်အား “သို့ဖြစ်လျှင် သွားပါလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသော”ဟု ဆိုပြီး
38ရှောလုမင်းကြီးသည် မိမိ၏စစ်ဝတ်တန်ဆာများကို ဒါဝိဒ်အား ဝတ်ဆင်စေ၏။ ဦးခေါင်းတွင် ကြေးနီခမောက်ကိုဆောင်းစေပြီး သံချပ်အင်္ကျီကို ဝတ်စေ၏။ 39ထို့နောက် ဒါဝိဒ်သည် စစ်ဝတ်တန်ဆာပေါ်၌ ဓားကိုသိုင်းလွယ်ထားပြီး လမ်းလျှောက်ကြည့်၏။ စစ်ဝတ်တန်ဆာကို တစ်ခါမျှ မဝတ်ဖူးသဖြင့် လျှောက်၍မရ။ ထို့ကြောင့် ဒါဝိဒ်က ရှောလုမင်းကြီးအား “အကျွန်ုပ်ဝတ်နေကျမဟုတ်သော ဤဝတ်စုံများနှင့် မသွားနိုင်ပါ”ဟု ဆိုပြီး ဒါဝိဒ်သည် ကိုယ်ပေါ်မှ စစ်ဝတ်တန်ဆာများကို ချွတ်ပစ်လေ၏။ 40ထို့နောက် သူ့တောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှ ကျောက်စရစ်ခဲငါးလုံးကိုရွေးယူပြီး မိမိ၏သိုးထိန်းလွယ်အိတ်ထဲထည့်၏။ ထို့နောက် လောက်လွှဲကို ကိုင်လျက် ဖိလိတ္တိပြည်သားထံ ချဉ်းကပ်သွား၏။
41ထိုဖိလိတ္တိပြည်သားသည် ဒါဝိဒ်ထံသို့ချဉ်းကပ်လာ၏။ ဒိုင်းလွှားကိုင်သူလည်း သူ့ရှေ့မှ သွား၏။ 42ထိုဖိလိတ္တိပြည်သားသည် ငယ်ရွယ်နုနယ်၍ နီမြန်းသောအသားအရေနှင့် ခန့်ညားသောရုပ်ရည်ရှိသောဒါဝိဒ်ကို မြင်သောအခါ အထင်သေးသောအကြည့်ဖြင့် ကြည့်၏။ 43ထို့နောက် ဖိလိတ္တိပြည်သားက ဒါဝိဒ်အား “သင်သည် တောင်ဝှေးမျှလောက်ဖြင့် ငါ့ထံလာသည်မှာ ငါသည် ခွေးဖြစ်၍လော”ဟု ဆိုလျက် ဖိလိတ္တိပြည်သားသည် မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲ၏။ 44ထို့ပြင် ထိုဖိလိတ္တိပြည်သားက ဒါဝိဒ်အား “ငါ့ထံသို့ လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်များ၊ တောတိရစ္ဆာန်များအား ကျွေးပစ်မည်”ဟု ဆို၏။ 45ဒါဝိဒ်ကလည်း ထိုဖိလိတ္တိပြည်သားအား “သင်သည် ဓား၊ လှံတို၊ လှံရှည်တို့ဖြင့် ငါ့ထံလာ၏။ ငါမူကား သင်စော်ကားပြောဆိုနေသော အစ္စရေးစစ်သည်တို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်ဖြင့် သင့်ထံလာ၏။ 46ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။ 47ထို့ပြင် ထာဝရဘုရားသည် ဓား၊ လှံအားဖြင့် ကယ်တင်သည်မဟုတ်ကြောင်းကို ဤလူထုကြီး သိရလိမ့်မည်။ စစ်မှုသည် ထာဝရဘုရား၏အရေးဖြစ်၍ ကိုယ်တော်သည် သင်တို့ကို ငါတို့လက်သို့ အပ်နှံတော်မူမည်”ဟု ဆို၏။
48ထိုအခါ ဖိလိတ္တိပြည်သားသည် ဒါဝိဒ်ကို တိုက်ခိုက်ရန် ရှေ့သို့တိုးလာရာ ဒါဝိဒ်သည်လည်း သူ့ကို ရင်ဆိုင်တိုက်ခိုက်ရန် အလျင်အမြန်ပြေးသွား၏။ 49ဒါဝိဒ်သည် အိတ်ထဲမှ ကျောက်တစ်လုံးကို နှိုက်ယူပြီး လွှဲပစ်လိုက်ရာ ဖိလိတ္တိပြည်သား၏နဖူးကို ထိမှန်၍ နဖူးပေါက်သွားသဖြင့် ထိုသူသည် မြေပေါ်သို့ မှောက်လျက်လဲကျသွားလေ၏။ 50ဤသို့ဖြင့် ဒါဝိဒ်သည် လောက်လွှဲတစ်ခု၊ ကျောက်တစ်လုံးဖြင့် ထိုဖိလိတ္တိပြည်သားကို အနိုင်ရခဲ့၏။ လက်ထဲတွင် ဓားမပါဘဲ ဒါဝိဒ်သည် ထိုဖိလိတ္တိပြည်သားကို တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့၏။ 51ဒါဝိဒ်သည် ပြေးသွား၍ ဖိလိတ္တိပြည်သားကို ဖိနင်းထား၏။ ထိုသူ၏ဓားကိုလည်း ဓားအိမ်မှဆွဲထုတ်ယူပြီးလျှင် ထိုဓားဖြင့် သူ့ကို သတ်ကာ ဦးခေါင်းကို ဖြတ်လေ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့၏လူစွမ်းကောင်း ကျဆုံးသည်ကိုမြင်လျှင် ထွက်ပြေးကြလေ၏။ 52ထိုအခါ အစ္စရေးအမျိုးသားနှင့်ယုဒအမျိုးသားတို့သည် ထ၍ကြွေးကြော်လျက် ဖိလိတ္တိလူမျိုးတို့ကို ချိုင့်ဝှမ်းတိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့တံခါးတိုင်အောင်လည်းကောင်း လိုက်လံတိုက်ခိုက်ကြရာ အသတ်ခံရသောဖိလိတ္တိလူမျိုးတို့သည် ရှာရိမ်မြို့မှစ၍ ဂါသမြို့နှင့်ဧကြုန်မြို့တိုင်အောင် လမ်းတစ်လျှောက်တွင် လဲကျလျက်ရှိနေကြ၏။
53အစ္စရေးအမျိုးသားတို့သည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာပြီး သူတို့၏တပ်စခန်းတို့ကိုလည်း ဝင်ရောက်လုယက်ကြ၏။ 54ဒါဝိဒ်သည်လည်း ထိုဖိလိတ္တိပြည်သား၏ဦးခေါင်းကို ယူပြီး ဂျေရုဆလင်မြို့သို့ ယူလာ၏။ ထိုသူ၏လက်နက်တို့ကိုမူ မိမိတဲ၌ထားလေ၏။
55ဖိလိတ္တိလူစွမ်းကောင်းကို တိုက်ခိုက်ရန် ထွက်သွားသောဒါဝိဒ်ကို ရှောလုမင်းကြီးကြည့်ပြီး စစ်သူကြီးအာဗနာအား “အာဗနာ၊ ဤလူငယ်သည် မည်သူ့သားနည်း”ဟု မေးလျှင် အာဗနာက “အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်မသိပါ”ဟု လျှောက်၏။ 56ထိုအခါ ရှင်ဘုရင်က “ဤလူငယ်သည် မည်သူ့သားဖြစ်ကြောင်း စုံစမ်းလော့”ဟု အမိန့်ပေး၏။
57ဒါဝိဒ်သည် ဖိလိတ္တိပြည်သားကိုသတ်ပြီး သူ၏လက်ထဲတွင် ထိုဖိလိတ္တိပြည်သား၏ဦးခေါင်းကို ကိုင်လျက် ပြန်လာစဉ် အာဗနာသည် သူ့ကိုခေါ်၍ ရှောလုမင်းကြီးရှေ့သို့ ခေါ်သွင်းလေ၏။ 58ထိုအခါ ရှောလုမင်းကြီးက သူ့အား “အချင်းလူငယ်၊ သင်သည် မည်သူ့သားနည်း”ဟု မေးလျှင် ဒါဝိဒ်က “အကျွန်ုပ်သည် အရှင့်အစေအပါး၊ ဗက်လင်မြို့သား ယေရှဲ၏သားဖြစ်ပါသည်”ဟု လျှောက်၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative