YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 18

18
ဒါဝိဒ်၏အောင်မြင်ခြင်း
1ဒါဝိဒ်​သည် ရှောလု​မင်းကြီး​နှင့်​စကား​ပြောဆို​ပြီး​နောက်​တွင် ယောနသန်​၏​စိတ်​သည် ဒါဝိဒ်​၏​စိတ်​နှင့်​ငြိတွယ်​သွား​ပြီး ယောနသန်​သည် ကိုယ်​နှင့်အမျှ ဒါဝိဒ်​ကို​ချစ်​လေ​၏​။ 2ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​အား ဖခင်​အိမ်​သို့ ပြန်သွား​ခွင့်​မ​ပေး​တော့​ဘဲ ခေါ်ထား​လေ​၏​။
3ယောနသန်​သည် ဒါဝိဒ်​ကို ကိုယ်​နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​နှင့်​ကတိသစ္စာ​ပြု​လေ​၏​။ 4ထို့နောက် ယောနသန်​သည် မိမိ​ဝတ်​ထား​သော​ဝတ်လုံ​ကို​ချွတ်​ပြီး ဒါဝိဒ်​အား​ပေး​၏​။ စစ်ဝတ်တန်ဆာ​များ​၊ ဓား​၊ လေး​နှင့်​ခါးပန်း​တို့​ကို​လည်း ပေး​၏​။
5ဒါဝိဒ်​သည် ရှောလု​မင်းကြီး​စေခိုင်း​သမျှ​တို့​၌ အောင်မြင်​စွာ​လုပ်ဆောင်​နိုင်​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​အား စစ်သူရဲအုပ်​အရာ​၌​ခန့်ထား​ရာ စစ်သည်​အပေါင်း​တို့​သာမက ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​လည်း သူ့​ကို နှစ်သက်​သဘောကျ​ကြ​၏​။
6ဒါဝိဒ်​အပါအဝင် စစ်သည်​တို့​သည် ဖိလိတ္တိ​လူမျိုး​ကို နှိမ်နင်း​ရာ​မှ ပြန်လာ​သော​အချိန်​တွင် အစ္စရေး​မြို့​အသီးသီး​တို့​မှ အမျိုးသမီး​တို့​သည် ရှောလု​မင်းကြီး​ကို ကြိုဆို​ရန် ဝမ်းမြောက်​စွာ​ဖြင့် ပတ်သာ​၊ စောင်း​တို့​ကို တီးမှုတ်​၍ သီဆို​ကခုန်​လျက် ထွက်လာ​ကြ​၏​။ 7ထို​အမျိုးသမီး​တို့​သည် ကခုန်​လျက် “​ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​”​ဟု သီဆို​ကြ​၏​။
8ထိုသို့ သီဆို​သည်​ကို ရှောလု​မင်းကြီး​သည် ဘဝင်မကျ​ဘဲ အလွန်​အမျက်ထွက်​လျက် “​သူ​တို့​က ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း​ဟု ဆို​ကြ​လေ​ပြီ​။ ထို့​ထက်​ပို​လာ​လျှင် သူ့​အား နိုင်ငံ​တော်​ပေး​ရန်​သာ​ရှိ​တော့​သည်​”​ဟု ဆို​၏​။ 9ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို မနာလိုစိတ်​ဝင်​၍ စောင့်ကြည့်​နေ​လေ​၏​။
ဒါဝိဒ်ကိုသတ်ဖြတ်ရန် ရှောလုအားထုတ်ခြင်း
10နောက်တစ်နေ့​တွင် ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို ဝင်ပူး​သဖြင့် သူ​သည် နန်းတော်​အလယ်​တွင် အော်ဟစ်ရေရွတ်​နေ​၍ ဒါဝိဒ်​သည် ယခင်​နေ့​များ​ကဲ့သို့ပင် စောင်းတီး​ပေး​၏​။ ရှောလု​မင်းကြီး​သည် လှံ​ကို​လည်း ကိုင်​ထား​၏​။ 11ထိုအခါ ရှောလု​မင်းကြီး​က “​ဒါဝိဒ်​ကို နံရံ​ထုတ်ချင်းပေါက်​အောင် ငါ​ထိုးသတ်​မည်​”​ဟု ဆို​လျက် လှံ​ကို​ပစ်လွှတ်​လိုက်​၏​။ သို့သော် ဒါဝိဒ်​သည် နှစ်​ကြိမ်​တိုင်တိုင် ရှောင်တိမ်း​လိုက်​နိုင်​၏​။
12ထာဝရဘုရား​သည် ရှောလု​မင်းကြီး​ကို စွန့်ပယ်​၍ ဒါဝိဒ်​နှင့်အတူ ရှိ​နေ​သောကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ကြောက်​၏​။ 13ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို လူ​တစ်ထောင်အုပ်​အဖြစ်​ခန့်အပ်​ပြီး အထံ​တော်​မှ​ရွှေ့ပြောင်း​ပစ်​၏​။ ဒါဝိဒ်​သည်​လည်း စစ်သည်​တို့​ကို ဦးဆောင်​ရ​၏​။ 14ထာဝရဘုရား​သည် ဒါဝိဒ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​လုပ်ဆောင်​လေရာရာ​တို့​၌ အောင်မြင်​မှု​ရရှိ​လေ​၏​။ 15ထိုသို့ အရာရာ​၌​အောင်မြင်​မှု​ရရှိ​နေ​သည်​ကို ရှောလု​မင်းကြီး သိမြင်​လျှင် ဒါဝိဒ်​ကို ပို၍​ကြောက်​လေ​၏​။ 16သို့သော် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် စစ်ချီ​ရာ​တွင် သူ​တို့​ကို ဦးဆောင်​ပေး​သော​ဒါဝိဒ်​ကို ချစ်​ကြ​၏​။ 17ထို့ကြောင့် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​ကြည့်​လော့​။ ငါ့​သမီး​အကြီး​မေရပ်​ကို သင်​နှင့်​ပေးစား​မည်​။ ငါ​၏​စစ်သူရဲ​အဖြစ်​နေ​၍ ထာဝရဘုရား​အဖို့ တိုက်ပွဲ​ဝင်​ပါ​လော့​”​ဟု ဆို​၏​။ အကယ်စင်စစ် ရှောလု​မင်းကြီး​က “​ငါ့​လက်ချက်​နှင့် သူ​မ​သေ​။ ဖိလိတ္တိ​လူမျိုး​တို့​လက်ချက်​ဖြင့် သေ​ပါစေ​”​ဟု ကြံစည်​ခြင်း​ဖြစ်​၏​။
18သို့သော် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အစ္စရေး​လူမျိုး​တို့​တွင် အကျွန်ုပ်​အပါအဝင် အကျွန်ုပ်​၏​မိသားစု​နှင့် အကျွန်ုပ်​ဖခင်​၏​မျိုးနွယ်စု​ကား မည်သူ​များ​ဖြစ်​၍ အကျွန်ုပ်​သည် အရှင်မင်းကြီး​၏​သမက်​တော်​ဖြစ်​ရ​ပါ​မည်နည်း​”​ဟု ပြန်လျှောက်​၏​။ 19သို့သော် ရှောလု​မင်းကြီး​၏​သမီး​မေရပ်​ကို ဒါဝိဒ်​နှင့်​ပေးစား​မည့်​အချိန် ရောက်​သောအခါ​တွင်​မူ သူ့​အား မေဟောလသိ​မြို့သား အဒြေလ​နှင့် ပေးစား​နှင့်​လေ​ပြီ​။
မိခါလကို ဒါဝိဒ်လက်ထပ်ယူခြင်း
20ရှောလု​မင်းကြီး​၏​သမီး မိခါလ​သည် ဒါဝိဒ်​ကို ချစ်နှစ်သက်​နေ​ကြောင်း လျှောက်တင်​ကြ​သောအခါ ရှောလု​မင်းကြီး​စိတ်ကြိုက်​တွေ့​သွား​၏​။ 21ရှောလု​မင်းကြီး​က “​ငါ့​သမီး​ကို သူ​နှင့်​ပေးစား​မည်​။ သူ​သည် ဒါဝိဒ်​အဖို့ ထောင်ချောက်​ကဲ့သို့​ဖြစ်​၍ ဒါဝိဒ်​သည် ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ ရောက်​ရ​လိမ့်မည်​”​ဟု အကောက်ကြံ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​ယခုမှာ သင်​သည် ငါ့​သမက် ဖြစ်​ရ​တော့​မည်​”​ဟု ဒုတိယအကြိမ် ပြောပြန်​၏​။
22“ ‘​ရှင်ဘုရင်​သည် သင့်​ကို​နှစ်သက်​၏​။ မင်းမှုထမ်း​တို့​လည်း သင့်​ကို​သဘောကျ​၏​။ ထို့ကြောင့် ရှင်ဘုရင်​၏​သမက်​အဖြစ် လက်ခံ​ပါ​’​ဟူ၍ ဒါဝိဒ်​အား တိတ်တဆိတ်​ပြော​ကြ​လော့​”​ဟု ရှောလု​မင်းကြီး​က သူ​၏​အမှုထမ်း​တို့​အား မိန့်ဆို​၏​။
23ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း ထို​စကား​များ​ကို ဒါဝိဒ်​အား ပြောကြား​ကြ​၏​။ ထိုအခါ ဒါဝိဒ်​က သူ​တို့​အား “​ဂုဏ်မရှိ​သော​ဆင်းရဲသား​အကျွန်ုပ်​ကား ရှင်ဘုရင်​၏​သမက်​ဖြစ်​ရန် ဤမျှလောက်​လွယ်ကူ​မည်​ဟု သင်​တို့​ထင်​သလော​”​ဟု ပြန်ပြော​၏​။
24ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း ဒါဝိဒ်​ဆို​ခဲ့​သည့်​စကား​အတိုင်း ပြန်လျှောက်​ကြ​၏​။ 25ရှောလု​မင်းကြီး​က​လည်း “သင်​တို့​သည် ဒါဝိဒ်​အား ‘ရှင်ဘုရင်​၏​ရန်သူ​ဖြစ်​သော ဖိလိတ္တိ​လူမျိုး​တို့​ကို လက်တုံ့ပြန်​ရန် သူ​တို့​၏​ထိပ်ဖုံးအရေပြား​တစ်ရာ​မှတစ်ပါး မည်သည့်​မင်္ဂလာကြေး​ကို​မျှ ရှင်ဘုရင် အလို​မ​ရှိ​ပါ’​ဟူ၍ ပြောကြား​လော့”​ဟု ဆို​၏​။ ရှောလု​မင်းကြီး​၏​အကြံ​မှာ ဖိလိတ္တိ​လူမျိုး​တို့​လက်​ဖြင့် ဒါဝိဒ် ကျဆုံး​စေရန် ဖြစ်​၏​။
26ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​သည် ဒါဝိဒ်​အား ထို​စကား​တို့​ကို ပြန်​ပြောပြ​လျှင် ဒါဝိဒ်​သည် ဘုရင့်​သမက်​တော်​ဖြစ်​ရ​မည့်​အရေး​ကို နှစ်သက်​သဘောကျ​မိ​၏​။ ထို့ကြောင့် သတ်မှတ်​ချိန်​မ​ရောက်​မီ 27ဒါဝိဒ်​နှင့် သူ့​လူ​တို့​သည် ထ​သွား​၍ ဖိလိတ္တိ​လူမျိုး​အယောက်​နှစ်ရာ​ကို​သတ်​လေ​၏​။ ထို့နောက် ဒါဝိဒ်​သည် ထို​သူ​တို့​၏​ထိပ်ဖုံးအရေပြား​ကို​ယူလာ​၍ ဘုရင့်​သမက်​တော်​ဖြစ်​ရ​ဖို့ ရှင်ဘုရင်​အား အတိအကျ​ဆက်သ​လေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် မိမိ​သမီး မိခါလ​ကို ဒါဝိဒ်​နှင့် ပေးစား​လေ​၏​။ 28ရှောလု​မင်းကြီး​သည် ဒါဝိဒ်​နှင့်အတူ ထာဝရဘုရား ရှိ​တော်မူ​သည်​ကို​လည်းကောင်း​၊ မိမိ​သမီး​မိခါလ​သည် ဒါဝိဒ်​အား ချစ်မြတ်နိုး​သည်​ကို​လည်းကောင်း သိမြင်​၏​။ 29ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ပို၍​ပင်​ကြောက်ရွံ့​ကာ ဒါဝိဒ်​ကို ရန်သူ​အဖြစ် အစဉ်အမြဲ​မှတ်​လေ​၏​။
30ဖိလိတ္တိ​တပ်မှူး​တို့ ချီတက်​တိုက်ခိုက်​လေ​တိုင်း ဒါဝိဒ်​သည် ရှောလု​မင်းကြီး​၏​အမှုထမ်း​အပေါင်း​တို့​ထက် အောင်နိုင်​သဖြင့် နာမည်​ကျော်ကြား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ