ဓမ္မရာဇဝင်ပထမစောင် 19
19
ရှောလုမင်းကြီးလက်မှ ဒါဝိဒ်လွတ်မြောက်ခြင်း
1ရှောလုမင်းကြီးသည် မိမိသားတော်ယောနသန်နှင့် အမှုထမ်းတို့အား ဒါဝိဒ်ကိုသတ်ပစ်ရန် အမိန့်ပေးထား၏။ သို့သော် ရှောလုမင်းကြီး၏သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်ခင်နှစ်သက်၏။ 2ထို့ကြောင့် ယောနသန်က ဒါဝိဒ်အား “ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်ကို သတ်ရန်အခွင့်ရှာနေပါ၏။ သို့ဖြစ်၍ သတိထားလော့။ မနက်ဖြန်နံနက်အထိ လုံခြုံရာ၌ပုန်းနေပါလော့။ 3ငါသည် ခမည်းတော်နှင့်အတူ သင်ပုန်းနေရာတောထဲသို့ လာ၍ သင့်အကြောင်းကို ခမည်းတော်နှင့် ပြောဆိုမည်။ အကြောင်းထူးရှိလျှင် သင့်ကို ပြောမည်”ဟု ဆို၏။
4ထို့နောက် ယောနသန်သည် ခမည်းတော်ရှောလုမင်းကြီးအား ဒါဝိဒ်၏ကောင်းကြောင်းကို ပြောပြလျက် “အရှင်မင်းကြီး၊ အရှင်၏အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနှင့်။ သူသည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သူလုပ်ဆောင်သမျှသည် အရှင့်အဖို့ အကျိုးကြီးလှပါ၏။ 5သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။
6ထိုအခါ ရှောလုမင်းကြီးသည် ယောနသန်၏စကားကို နားထောင်၍ “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သူအသတ်ခံရမည်မဟုတ်”ဟု ကျိန်ဆို၏။ 7ယောနသန်သည် ဒါဝိဒ်ကိုခေါ်၍ ထိုအကြောင်းအရာအလုံးစုံကိုပြောပြပြီးလျှင် ဒါဝိဒ်ကို ရှောလုမင်းကြီးထံပြန်ခေါ်ဆောင်လာ၍ ယခင်ကကဲ့သို့ပင် အခစားဝင်စေ၏။
8စစ်ပွဲတစ်ဖန်ဖြစ်လာပြန်သောအခါ ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးတို့ကို သွားရောက်တိုက်ခိုက်၏။ ပြင်းထန်စွာတိုက်ခိုက်သတ်ဖြတ်သဖြင့် ဖိလိတ္တိလူမျိုးတို့ ထွက်ပြေးကြရလေ၏။
9တစ်ဖန် ရှောလုမင်းကြီးသည် နန်းတော်တွင် လှံကိုကိုင်လျက် ထိုင်နေစဉ် ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကိုဝင်ပူးသဖြင့် ဒါဝိဒ်သည် စောင်းတီးပေးလျက်နေ၏။ 10ထိုအခါ ရှောလုမင်းကြီးသည် ဒါဝိဒ်ကို လှံနှင့် နံရံထုတ်ချင်းပေါက်အောင် ထိုးလိုက်လေ၏။ သို့သော် ရှောလုမင်းကြီးကို ဒါဝိဒ်ရှောင်တိမ်းလိုက်နိုင်သဖြင့် လှံသည် နံရံထဲ စိုက်ဝင်သွား၏။ ထိုညတွင်ပင် ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွား၏။ 11ရှောလုမင်းကြီးသည် နံနက်ရောက်လျှင် ဒါဝိဒ်ကိုသတ်ရန် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်၏အိမ်ကို စောင့်ကြည့်စေ၏။ ထိုအခါ ဒါဝိဒ်၏မယားမိခါလက “ယခုညတွင် သင်အသက်လွတ်အောင်မပြေးလျှင် မနက်ဖြန်တွင် သင်အသတ်ခံရလိမ့်မည်”ဟု ပြော၏။ 12ထို့ကြောင့် မိခါလသည် ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှောချပေးသဖြင့် ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွား၏။ 13ထို့နောက် မိခါလသည် တေရပ်ရုပ်တုကိုယူ၍ အိပ်ရာပေါ်တင်ထားပြီး ဆိတ်မွေးခေါင်းအုံး အုံးစေကာ အဝတ်နှင့်လွှမ်းထား၏။ 14ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ဖမ်းဆီးရန် တမန်တို့ကို စေလွှတ်သောအခါ မိခါလက “သူ နေမကောင်းပါ”ဟု ပြောလွှတ်လိုက်၏။
15သို့သော် ရှောလုမင်းကြီးက “သူ့ကိုအိပ်ရာနှင့်တကွ ငါ့ထံသို့ ခေါ်လာခဲ့ပါ။ သူ့ကို ငါသတ်မည်”ဟု ဆိုပြီး ဒါဝိဒ်ကို သွားကြည့်ရန် တမန်တို့ကို စေလွှတ်ပြန်၏။ 16တမန်တို့သည် အိမ်ထဲသို့ဝင်ကြည့်ကြရာ အိပ်ရာထက်တွင် ဆိတ်မွေးခေါင်းအုံး အုံးထားသောတေရပ်ရုပ်တုကိုသာ တွေ့ရကြ၏။
17ထိုအခါ ရှောလုမင်းကြီးက မိခါလအား “အဘယ်ကြောင့် ငါ့ကို ဤသို့လှည့်စား၍ ငါ့ရန်သူလွတ်မြောက်အောင် လွှတ်ပေးသနည်း”ဟု ဆိုလျှင် မိခါလက ရှောလုအား “သူက ‘ငါ့ကို လွှတ်ပါ။ အဘယ်ကြောင့် သင့်ကို ငါသတ်ရမည်နည်း’ဟု အကျွန်ုပ်အား ဆိုပါ၏”ဟု ပြန်ပြော၏။
18ဒါဝိဒ်သည် ထွက်ပြေးလွတ်မြောက်သွား၍ ရှမွေလရှိရာ ရာမမြို့သို့ရောက်လာပြီး မိမိအား ရှောလုပြုခဲ့သမျှကို ရှမွေလအား ပြောပြ၏။ ထို့နောက် ရှမွေလနှင့်ဒါဝိဒ်သည် နာယုတ်အရပ်၌ သွားနေကြ၏။
19“ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်အရပ်၌ ရောက်နေ၏”ဟု ရှောလုမင်းကြီးအား ကြားလျှောက်လျှင် 20ရှောလုမင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်ကို ဖမ်းဆီးစေ၏။ သို့သော် ရှမွေလဦးဆောင်သည့်ပရောဖက်တစ်စု ပရောဖက်ပြုနေကြသည်ကိုသာ တွေ့ရ၏။ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလုမင်းကြီး၏လူတို့အပေါ် သက်ရောက်သဖြင့် သူတို့လည်း ပရောဖက်ပြုကြလေ၏။ 21ထိုအကြောင်းကို ရှောလုမင်းကြီးကြားသိသောအခါ နောက်ထပ် တမန်တို့ကိုစေလွှတ်ပြန်ရာ ထိုသူတို့သည်လည်း ပရောဖက်ပြုကြ၏။ ရှောလုမင်းကြီးသည် တတိယအကြိမ် တမန်တို့ကိုစေလွှတ်ပြန်ရာ သူတို့သည်လည်း ပရောဖက်ပြုကြ၏။ 22နောက်ဆုံး ရှောလုမင်းကြီးကိုယ်တိုင် ရာမမြို့သို့သွား၏။ စေခုအရပ်ရှိ ရေတွင်းကြီးအနားသို့ရောက်သောအခါ “ရှမွေလနှင့် ဒါဝိဒ် အဘယ်မှာရှိသနည်း”ဟု မေးလျှင် “ရာမမြို့၊ နာယုတ်အရပ်၌ရှိပါ၏”ဟု လျှောက်ကြ၏။
23ထို့ကြောင့် သူသည် ရာမမြို့၊ နာယုတ်အရပ်သို့သွား၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်ရောက်လာသဖြင့် သူသည် ပရောဖက်ပြုလျက် ရာမမြို့၊ နာယုတ်အရပ်ရောက်သည်အထိ သွား၏။ 24သူသည် မင်းဝတ်တန်ဆာများကို ချွတ်၍ ရှမွေလရှေ့တွင် ပရောဖက်ပြုလေ၏။ ထိုနေ့တစ်နေ့လုံး၊ ထိုညတစ်ညလုံး သူသည် အဝတ်အချည်းစည်းဖြင့် လှဲနေ၏။ ထို့ကြောင့် “ရှောလုမင်းကြီးသည်လည်း ပရောဖက် တစ်ပါးပေလော”ဟု ဆိုစမှတ်ရှိလေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 19: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative