YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 19

19
ရှောလုမင်းကြီးလက်မှ ဒါဝိဒ်လွတ်မြောက်ခြင်း
1ရှောလု​မင်းကြီး​သည် မိမိ​သား​တော်​ယောနသန်​နှင့် အမှုထမ်း​တို့​အား ဒါဝိဒ်​ကို​သတ်ပစ်​ရန် အမိန့်ပေး​ထား​၏​။ သို့သော် ရှောလု​မင်းကြီး​၏​သား​တော် ယောနသန်​သည် ဒါဝိဒ်​ကို အလွန်​ချစ်ခင်​နှစ်သက်​၏​။ 2ထို့ကြောင့် ယောနသန်​က ဒါဝိဒ်​အား “​ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​သည် သင့်​ကို သတ်​ရန်​အခွင့်ရှာ​နေ​ပါ​၏​။ သို့ဖြစ်၍ သတိထား​လော့​။ မနက်ဖြန်​နံနက်​အထိ လုံခြုံ​ရာ​၌​ပုန်း​နေ​ပါ​လော့​။ 3ငါ​သည် ခမည်းတော်​နှင့်အတူ သင်​ပုန်းနေရာ​တော​ထဲသို့ လာ​၍ သင့်​အကြောင်း​ကို ခမည်းတော်​နှင့် ပြောဆို​မည်​။ အကြောင်းထူး​ရှိ​လျှင် သင့်​ကို ပြော​မည်​”​ဟု ဆို​၏​။
4ထို့နောက် ယောနသန်​သည် ခမည်းတော်​ရှောလု​မင်းကြီး​အား ဒါဝိဒ်​၏​ကောင်း​ကြောင်း​ကို ပြောပြ​လျက် “​အရှင်မင်းကြီး​၊ အရှင်​၏​အမှုထမ်း​ဒါဝိဒ်​ကို မ​ပြစ်မှား​ပါ​နှင့်​။ သူ​သည် အရှင်မင်းကြီး​ကို မ​ပြစ်မှား​ပါ​။ သူ​လုပ်ဆောင်​သမျှ​သည် အရှင့်​အဖို့ အကျိုး​ကြီး​လှ​ပါ​၏​။ 5သူ​သည် အသက်​ကို​ရင်း​ပြီး ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ခဲ့​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အတွက် အောင်ပွဲ​ကြီး​ကို ဆောင်ကြဉ်း​ပေး​ခဲ့​သည်​ကို​လည်း အရှင်မင်းကြီး​မြင်​၍ ဝမ်းမြောက်​ခဲ့​ပါ​၏​။ သို့ဖြစ်လျက် ဒါဝိဒ်​ကို အကြောင်းမရှိ​ဘဲ သတ်ဖြတ်​ပြီး အပြစ်မဲ့​သော​သူ​ကို အဘယ်ကြောင့် ပြစ်မှား​ရ​မည်နည်း​”​ဟု ဆို​၏​။
6ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​၏​စကား​ကို နားထောင်​၍ “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သူ​အသတ်ခံရ​မည်​မ​ဟုတ်​”​ဟု ကျိန်ဆို​၏​။ 7ယောနသန်​သည် ဒါဝိဒ်​ကို​ခေါ်​၍ ထို​အကြောင်းအရာ​အလုံးစုံ​ကို​ပြောပြ​ပြီးလျှင် ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ​ပြန်​ခေါ်ဆောင်​လာ​၍ ယခင်က​ကဲ့သို့ပင် အခစားဝင်​စေ​၏​။
8စစ်ပွဲ​တစ်ဖန်​ဖြစ်လာ​ပြန်​သောအခါ ဒါဝိဒ်​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို သွားရောက်​တိုက်ခိုက်​၏​။ ပြင်းထန်​စွာ​တိုက်ခိုက်​သတ်ဖြတ်​သဖြင့် ဖိလိတ္တိ​လူမျိုး​တို့ ထွက်ပြေး​ကြ​ရ​လေ​၏​။
9တစ်ဖန် ရှောလု​မင်းကြီး​သည် နန်းတော်​တွင် လှံ​ကို​ကိုင်​လျက် ထိုင်​နေ​စဉ် ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို​ဝင်ပူး​သဖြင့် ဒါဝိဒ်​သည် စောင်းတီး​ပေး​လျက်​နေ​၏​။ 10ထိုအခါ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို လှံ​နှင့် နံရံ​ထုတ်ချင်းပေါက်​အောင် ထိုး​လိုက်​လေ​၏​။ သို့သော် ရှောလု​မင်းကြီး​ကို ဒါဝိဒ်​ရှောင်တိမ်း​လိုက်​နိုင်​သဖြင့် လှံ​သည် နံရံ​ထဲ စိုက်ဝင်​သွား​၏​။ ထို​ည​တွင်ပင် ဒါဝိဒ် ထွက်ပြေး​လွတ်မြောက်​သွား​၏​။ 11ရှောလု​မင်းကြီး​သည် နံနက်​ရောက်​လျှင် ဒါဝိဒ်​ကို​သတ်​ရန် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​၏​အိမ်​ကို စောင့်ကြည့်​စေ​၏​။ ထိုအခါ ဒါဝိဒ်​၏​မယား​မိခါလ​က “​ယခု​ည​တွင် သင်​အသက်လွတ်​အောင်​မ​ပြေး​လျှင် မနက်ဖြန်​တွင် သင်​အသတ်​ခံရ​လိမ့်မည်​”​ဟု ပြော​၏​။ 12ထို့ကြောင့် မိခါလ​သည် ဒါဝိဒ်​ကို ပြတင်းပေါက်​မှ လျှောချ​ပေး​သဖြင့် ဒါဝိဒ် ထွက်ပြေး​လွတ်မြောက်​သွား​၏​။ 13ထို့နောက် မိခါလ​သည် တေရပ်ရုပ်တု​ကို​ယူ​၍ အိပ်ရာ​ပေါ်​တင်ထား​ပြီး ဆိတ်မွေး​ခေါင်းအုံး အုံး​စေ​ကာ အဝတ်​နှင့်​လွှမ်း​ထား​၏​။ 14ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ဖမ်းဆီး​ရန် တမန်​တို့​ကို စေလွှတ်​သောအခါ မိခါလ​က “​သူ နေမကောင်း​ပါ​”​ဟု ပြောလွှတ်​လိုက်​၏​။
15သို့သော် ရှောလု​မင်းကြီး​က “သူ့​ကို​အိပ်ရာ​နှင့်တကွ ငါ့​ထံသို့ ခေါ်လာ​ခဲ့​ပါ​။ သူ့​ကို ငါ​သတ်​မည်​”​ဟု ဆို​ပြီး ဒါဝိဒ်​ကို သွားကြည့်​ရန် တမန်​တို့​ကို စေလွှတ်​ပြန်​၏​။ 16တမန်​တို့​သည် အိမ်​ထဲသို့​ဝင်ကြည့်​ကြ​ရာ အိပ်ရာ​ထက်​တွင် ဆိတ်မွေး​ခေါင်းအုံး အုံး​ထား​သော​တေရပ်ရုပ်တု​ကို​သာ တွေ့​ရ​ကြ​၏​။
17ထိုအခါ ရှောလု​မင်းကြီး​က မိခါလ​အား “​အဘယ်ကြောင့် ငါ့​ကို ဤသို့​လှည့်စား​၍ ငါ့​ရန်သူ​လွတ်မြောက်​အောင် လွှတ်ပေး​သနည်း​”​ဟု ဆို​လျှင် မိခါလ​က ရှောလု​အား “သူ​က ‘​ငါ့​ကို လွှတ်​ပါ​။ အဘယ်ကြောင့် သင့်​ကို ငါ​သတ်​ရ​မည်နည်း​’​ဟု အကျွန်ုပ်​အား ဆို​ပါ​၏​”​ဟု ပြန်ပြော​၏​။
18ဒါဝိဒ်​သည် ထွက်ပြေး​လွတ်မြောက်​သွား​၍ ရှမွေလ​ရှိ​ရာ ရာမ​မြို့​သို့​ရောက်လာ​ပြီး မိမိ​အား ရှောလု​ပြု​ခဲ့​သမျှ​ကို ရှမွေလ​အား ပြောပြ​၏​။ ထို့နောက် ရှမွေလ​နှင့်​ဒါဝိဒ်​သည် နာယုတ်​အရပ်​၌ သွား​နေ​ကြ​၏​။
19“ဒါဝိဒ်​သည် ရာမ​မြို့​၊ နာယုတ်​အရပ်​၌ ရောက်​နေ​၏”​ဟု ရှောလု​မင်းကြီး​အား ကြားလျှောက်​လျှင် 20ရှောလု​မင်းကြီး​သည် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​ကို ဖမ်းဆီး​စေ​၏​။ သို့သော် ရှမွေလ​ဦးဆောင်​သည့်​ပရောဖက်​တစ်စု ပရောဖက်ပြု​နေ​ကြ​သည်​ကို​သာ တွေ့​ရ​၏​။ ထို့ပြင် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​၏​လူ​တို့​အပေါ် သက်ရောက်​သဖြင့် သူ​တို့​လည်း ပရောဖက်ပြု​ကြ​လေ​၏​။ 21ထို​အကြောင်း​ကို ရှောလု​မင်းကြီး​ကြားသိ​သောအခါ နောက်ထပ် တမန်​တို့​ကို​စေလွှတ်​ပြန်​ရာ ထို​သူ​တို့​သည်​လည်း ပရောဖက်ပြု​ကြ​၏​။ ရှောလု​မင်းကြီး​သည် တတိယ​အကြိမ် တမန်​တို့​ကို​စေလွှတ်​ပြန်​ရာ သူ​တို့​သည်​လည်း ပရောဖက်ပြု​ကြ​၏​။ 22နောက်ဆုံး ရှောလု​မင်းကြီး​ကိုယ်တိုင် ရာမ​မြို့​သို့​သွား​၏​။ စေခု​အရပ်​ရှိ ရေတွင်း​ကြီး​အနား​သို့​ရောက်​သောအခါ “​ရှမွေလ​နှင့် ဒါဝိဒ် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​လျှင် “​ရာမ​မြို့​၊ နာယုတ်​အရပ်​၌​ရှိ​ပါ​၏​”​ဟု လျှောက်​ကြ​၏​။
23ထို့ကြောင့် သူ​သည် ရာမ​မြို့​၊ နာယုတ်​အရပ်​သို့​သွား​၏​။ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​ရောက်လာ​သဖြင့် သူ​သည် ပရောဖက်ပြု​လျက် ရာမ​မြို့​၊ နာယုတ်​အရပ်​ရောက်​သည်​အထိ သွား​၏​။ 24သူ​သည် မင်းဝတ်တန်ဆာ​များ​ကို ချွတ်​၍ ရှမွေလ​ရှေ့​တွင် ပရောဖက်ပြု​လေ​၏​။ ထို​နေ့​တစ်နေ့လုံး​၊ ထို​ည​တစ်ညလုံး သူ​သည် အဝတ်အချည်းစည်း​ဖြင့် လှဲ​နေ​၏​။ ထို့ကြောင့် “​ရှောလု​မင်းကြီး​သည်​လည်း ပရောဖက် တစ်​ပါး​ပေလော​”​ဟု ဆိုစမှတ်​ရှိ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ