ရာဇဝင်ချုပ်ဒုတိယစောင် 11
11
ဂျေရုဆလင်မြို့သို့ရောက်လာသော ရောဗောင်မင်းကြီး
1ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ပြီး ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်နှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။ 2သို့ရာတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယထံသို့ရောက်လာ၍ 3“ရှောလမုန်မင်းကြီး၏သားတော် ယုဒဘုရင်ရောဗောင်မင်းကြီးမှစ၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်ရှိ အစ္စရေးလူမျိုးအပေါင်းတို့အား 4ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကိုတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ယေရောဗောင်မင်းကြီးထံ စစ်ချီရာမှ လှည့်ပြန်သွားကြလေ၏။
ယုဒဘုရင်ရောဗောင်မင်းကြီး
5ထို့နောက်တွင် ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင်စံမြန်းပြီး ယုဒပြည်တွင် ခံတပ်မြို့များကို တည်ဆောက်၏။
6ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊
7ဗက်ဇုရမြို့၊ စောခေါမြို့၊ အဒုလံမြို့၊
8ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊
9အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊
10ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။ 11သူသည် ခံတပ်မြို့များကို ခိုင်ခံ့အောင်လုပ်ပြီး ထိုနေရာတွင် အုပ်ချုပ်သူများကို ခန့်ထားကာ စားနပ်ရိက္ခာများ၊ သံလွင်ဆီများ၊ စပျစ်ဝိုင်များကို သိုလှောင်ထား၏။ 12မြို့တိုင်းတွင် ဒိုင်းလွှားများ၊ လှံများ ထားရှိပြီး တောင့်တင်းခိုင်မာအောင်ပြု၏။ ဤသို့ဖြင့် ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်ကို အုပ်ချုပ်လေ၏။
13အစ္စရေးပြည်တစ်ပြည်လုံးရှိယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်နေရပ်အသီးသီးမှ ရောဗောင်မင်းကြီးထံသို့ လာကြ၏။ 14ယေရောဗောင်မင်းကြီးနှင့် သူ၏သားတို့သည် လေဝိအမျိုးတို့ကို ထာဝရဘုရားအမှုတော်ဆောင်သောယဇ်ပုရောဟိတ်အဖြစ်မှ ရပ်စဲသွားစေသောကြောင့် လေဝိအမျိုးတို့သည် မိမိတို့စားကျက်မြေများအပါအဝင် ပိုင်ဆိုင်ရာများကိုစွန့်ပြီး ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ လာကြ၏။ 15ယေရောဗောင်မင်းကြီးသည် အထွတ်အမြတ်ထားရာနေရာများ၊ ဆိတ်ရုပ်တုများ၊ မိမိကိုယ်တိုင်လုပ်သောနွားသငယ်ရုပ်တုများအဖို့ ယဇ်ပုရောဟိတ်များကို ခန့်ထား၏။ 16ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုရှာရန် စိတ်ပိုင်းဖြတ်ထားသောသူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ယဇ်ပူဇော်ရန် လေဝိအမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်လာကြ၏။ 17သူတို့သည် သုံးနှစ်ပတ်လုံး ရှောလမုန်မင်းကြီး၏သားတော် ရောဗောင်မင်းကြီးကို ထောက်မကူညီကြပြီး ယုဒပြည်ကိုခိုင်ခံ့စေခဲ့၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်မင်းကြီးနှင့် ရှောလမုန်မင်းကြီးတို့ လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်ကြ၏။
18ရောဗောင်မင်းကြီးသည် ဒါဝိဒ်မင်းကြီး၏မြေးတော်၊ ယေရိမုတ်၏သမီးတော်မဟာလတ်ကို မိဖုရားမြှောက်၏။ မယ်တော်ကား ယေရှဲ၏မြေး ဧလျာဘ၏သမီး အဘိဟဲလဖြစ်၏။ 19မဟာလတ်သည် သားတော် ယုရှ၊ ရှေမရိ၊ ဇာဟံ တို့ကို မွေးဖွား၏။ 20ထို့ပြင် အဗရှလုံ၏သမီးတော်မာခါကိုလည်း မိဖုရားမြှောက်၏။ မာခါသည် အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကို မွေးဖွား၏။ 21ရောဗောင်မင်းကြီးသည် အဗရှလုံ၏သမီးတော်မာခါကို အခြားသောမိဖုရား၊ မောင်းမမိဿံတို့ထက် ချစ်မြတ်နိုး၏။ သူ၌ မိဖုရားတစ်ဆယ့်ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိပြီး သားတော် နှစ်ဆယ့်ရှစ်ယောက်၊ သမီးတော် အယောက်ခြောက်ဆယ်ရှိ၏။
22ရောဗောင်မင်းကြီးသည် မာခါ၏သားတော်အဘိယကို မင်းမြှောက်ရန် အကြံအစည်ရှိသဖြင့် မင်းညီမင်းသားများထဲတွင် သူ့ကို ခေါင်းဆောင်အဖြစ် ခန့်ထား၏။ 23ရောဗောင်မင်းကြီးသည် ဉာဏ်ပြေးသူဖြစ်၏။ သူ၏သားတော်များကို ယုဒနယ်၊ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးရှိ ခံတပ်မြို့တို့တွင် ပို့ထားပြီး စားနပ်ရိက္ခာအပြည့်အစုံနှင့် မယားအများအပြားကိုလည်း ရှာပေး၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative