ရာဇဝင်ချုပ်ဒုတိယစောင် 12
12
ရှိရှက်၏ကျူးကျော်နယ်ချဲ့ခြင်း
1ရောဗောင်မင်းကြီးသည် နိုင်ငံတော်တည်မြဲ၍ အင်အားကြီးမားလာသောအခါ သူနှင့်အစ္စရေးလူမျိုးတစ်မျိုးလုံး ထာဝရဘုရား၏ပညတ်တော်များကို စွန့်ပယ်ကြလေ၏။ 2ဤသို့ ထာဝရဘုရားကိုသစ္စာမဲ့သောကြောင့် ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီလာ၏။ 3သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။ 4ထိုမင်းကြီးသည် ယုဒပြည်ရှိ ခံတပ်မြို့များကို သိမ်းပိုက်ပြီး ဂျေရုဆလင်မြို့တိုင်အောင် ဆက်လက်ချီတက်၏။
5ထိုအခါ ရှိရှက်မင်းကြီးကြောင့် ဂျေရုဆလင်မြို့တွင် စုဝေးနေကြသော ရောဗောင်မင်းကြီးနှင့် ယုဒခေါင်းဆောင်များထံသို့ ပရောဖက်ရှေမာယရောက်လာ၍ သူတို့အား “ ‘သင်တို့သည် ငါ့ကိုစွန့်ပယ်ခဲ့သောကြောင့် ငါသည်လည်း သင်တို့ကိုစွန့်ပြီး ရှိရှက်မင်းကြီးလက်သို့ အပ်လိုက်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
6ထိုအခါ ရှင်ဘုရင်နှင့် အစ္စရေးအကြီးအကဲတို့က မိမိကိုယ်ကိုနှိမ့်ချပြီး “ထာဝရဘုရား ဖြောင့်မတ်တော်မူပါ၏”ဟု ဆိုကြ၏။
7ဤသို့ မိမိကိုယ်ကိုနှိမ့်ချကြသည်ကို ထာဝရဘုရားမြင်တော်မူလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှေမာယထံရောက်လာပြန်၍ “သူတို့သည် မိမိကိုယ်ကိုနှိမ့်ချကြသောကြောင့် သူတို့ကို ငါမဖျက်ဆီး။ အသက်ချမ်းသာခွင့်ကိုကား ငါပေးမည်။ ရှိရှက်မင်းကြီးအားဖြင့် ငါ့အမျက်တော်ကို ဂျေရုဆလင်မြို့ပေါ်သို့ ငါသွန်ချမည်မဟုတ်။ 8သို့သော် ငါ့ထံ အမှုထမ်းခြင်းနှင့် တိုင်းနိုင်ငံများထံ အမှုထမ်းခြင်းကို ခွဲခြားသိမြင်နိုင်ရန် သူတို့ကို ရှိရှက်မင်းကြီးထံ ကျွန်ခံစေမည်”ဟု မိန့်ဆိုစေ၏။
9အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ဂျေရုဆလင်မြို့ကို လာရောက်တိုက်ခိုက်သောအခါ ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ယူဆောင်သွား၏။ ထိုအရာအားလုံးကိုယူဆောင်သွားသည့်အပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သော ရွှေဒိုင်းလွှားများကိုလည်း ယူဆောင်သွား၏။ 10ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့ အပ်၏။ 11ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။ 12ရောဗောင်မင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချသောကြောင့် ထာဝရဘုရား၏အမျက်တော်သည် သူ့ထံမှလွှဲသွားလေ၏။ အကုန်အစင်ဖျက်ဆီးခြင်းကို မခံရ။ ထို့ကြောင့် ယုဒပြည်အေးချမ်းသာယာသွားလေ၏။
ရောဗောင်မင်းကြီး၏နောက်ဆုံးနေ့ရက်များ
13ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အာဏာကိုတည်မြဲစေပြီး ဆက်လက်အုပ်စိုး၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသော ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ်စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။ 14ရောဗောင်မင်းကြီးသည် ထာဝရဘုရားကို ရှာလိုသောစိတ်မရှိဘဲ မကောင်းမှုများကိုသာ ပြုခဲ့၏။
15ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏#12:15 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။ 16ရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သားတော်အဘိယ#12:16 “အဘိယံ” (၃ရာ 14:31)။သည် သူ့အရိုက်အရာကို ဆက်ခံ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative