YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 35

35
ယောရှိမင်းကြီး ပသခါပွဲကိုကျင်းပခြင်း
1ယောရှိ​မင်းကြီး​သည် ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ဂျေရုဆလင်​မြို့​တွင် ကျင်းပ​၏​။ ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​တွင် ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။ 2ယဇ်ပုရောဟိတ်​များ​ကို​လည်း တာဝန်ကိုယ်စီ​ခွဲခန့်​ထား​၍ ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို​ထမ်းရွက်​ကြ​ရန် တိုက်တွန်း​အားပေး​၏​။ 3အစ္စရေး​တစ်မျိုးနွယ်လုံး​ကို သွန်သင်​သော​သူ​များ​ဖြစ်​၍ ထာဝရဘုရား​အဖို့ သန့်ရှင်း​သူ​များ​ဖြစ်​သော​လေဝိ​အမျိုးသား​တို့​ကို​လည်း “​သန့်ရှင်း​သော​သေတ္တာ​တော်​ကို ဒါဝိဒ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​တည်ဆောက်​ခဲ့​သော အိမ်​တော်​တွင် ထား​ကြ​လော့​။ သင်​တို့​ပခုံး​ဖြင့် ထမ်းသွားစရာ​မ​လို​တော့​ပေ​။ ယခုမှာ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် သူ​၏​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ အမှု​တော်​ကို​ထမ်း​ကြ​ပါ​လော့​။
4အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​နှင့် သား​တော်​ရှောလမုန်​မင်းကြီး​တို့ ရေးမှတ်​ထား​ခဲ့​သည့်​အတိုင်း သင်​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် အလှည့်ကျ​အသင့်ရှိ​စေ​ကြ​လော့​။ 5ဘိုးဘေး​အိမ်ထောင်စု​အလိုက် အုပ်စု​ခွဲ​ထား​သော​ညီအစ်ကိုချင်း​ပြည်သူပြည်သား​များ​နှင့် ဘိုးဘေး​အိမ်ထောင်စု​အလိုက် အဖွဲ့ခွဲ​ထား​သော​လေဝိ​အမျိုးသား​တို့​၊ သန့်ရှင်းရာဌာန​တွင် နေရာယူ​ကြ​လော့​။ 6ပသခါသိုးသငယ်​ကို​သတ်​၍ မိမိတို့ကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​ကြ​လော့​။ မောရှေ​မှတစ်ဆင့်​ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ကိုယ့်​ညီအစ်ကိုချင်း​တို့​လိုက်နာ​ဆောင်ရွက်​နိုင်​ရန် သူ​တို့​အဖို့ ပြင်ဆင်​ပေး​ကြ​လော့​”​ဟု မှာကြား​၏​။
7ယောရှိ​မင်းကြီး​သည် ထို​နေရာ​တွင်​ရှိ​နေ​သော ပြည်သူပြည်သား​တို့​အဖို့ ပသခါယဇ်​အဖြစ် သိုးသငယ်​၊ ဆိတ်သငယ်​စုစုပေါင်း​အကောင်ရေ​သုံးသောင်း​၊ နွား​အကောင်ရေ​သုံးထောင်​တို့​ကို ရှင်ဘုရင်​ပိုင်ဆိုင်​ရာ​ထဲမှ လှူဒါန်း​ပေး​လေ​၏​။
8ဘုရင့်​မှူးမတ်​တို့​လည်း ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​အား စေတနာ​အလျောက်​ပေးလှူ​ကြ​၏​။ ဘုရားသခင်​၏​အိမ်တော်အုပ်​များ​ဖြစ်​ကြ​သော ဟိလခိ​၊ ဇာခရိ​နှင့် ယေဟေလ​တို့​လည်း ယဇ်ပုရောဟိတ်​တို့​အဖို့ ပသခါယဇ်​အဖြစ် သိုးသငယ်​၊ ဆိတ်သငယ်​အကောင်ရေ​နှစ်ထောင့်​ခြောက်​ရာ​နှင့် နွား​အကောင်ရေ​သုံး​ရာ​တို့​ကို ပေးလှူ​ကြ​၏​။ 9လေဝိ​အကြီးအကဲ​များ​ဖြစ်​ကြ​သော ကောနနိ​၊ ရှေမာယ​၊ နာသနေလ​တို့​ညီအစ်ကို​များ​နှင့် ဟာရှဘိ​၊ ယေယေလ​၊ ယောဇဗဒ်​တို့​လည်း လေဝိ​အမျိုး​တို့​အဖို့ ပသခါယဇ်​အဖြစ် သိုးသငယ်​၊ ဆိတ်သငယ်​အကောင်ရေ​ငါး​ထောင်​နှင့် နွား​အကောင်ရေ​ငါး​ရာ​တို့​ကို ပေးလှူ​ကြ​၏​။
10ဤသို့ဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ပွဲတော်​ကို​ပြင်ဆင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် ကိုယ်စီ​နေရာယူ​ကြ​၏​။ လေဝိ​အမျိုး​တို့​သည်​လည်း အဖွဲ့လိုက်​နေရာယူ​ကြ​၏​။ 11ထို့နောက် သူ​တို့​သည် ပသခါသိုးသငယ်​ကို​သတ်​ပြီး သိုးသငယ်​အရေခွံ​ကို လေဝိ​အမျိုး​တို့​ဆုတ်​နေ​ချိန်​တွင် ယဇ်ပုရောဟိတ်​တို့​သည် သိုးသငယ်​သွေး​ကို ယူ​၍​ဖျန်း​ကြ​၏​။ 12ထို့နောက် မောရှေ​ကျမ်း​တွင်​ရေးသား​ထား​သည့်​အတိုင်း ထာဝရဘုရား​ထံ​ယဇ်ပူဇော်​ရန် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် အုပ်စု​ခွဲထား​သော​ပြည်သူပြည်သား​တို့​အား မီးရှို့ရာယဇ်​ကို ခွဲဝေ​ပေး​ကြ​၏​။ နွား​များ​ကို​လည်း ထိုနည်းတူ​ပြု​ကြ​၏​။ 13ထို့နောက် စီရင်ထုံးဖွဲ့ချက်​အတိုင်း ပသခါယဇ်ကောင်​ကို မီး​ကင်​၍ သန့်ရှင်းသောယဇ်​များ​ကို​လည်း အိုး​များ​၊ ဒယ်စောက်​များ​၊ ဒယ်အိုး​များ​တွင် ပြုတ်​ပြီးလျှင် ပြည်သူပြည်သား​တို့​အား အလျင်အမြန်​ဝေပေး​၏​။ 14ထို့နောက်မှ မိမိ​တို့​အဖို့​နှင့် ယဇ်ပုရောဟိတ်​တို့​အဖို့ ပြင်ဆင်​ကြ​၏​။ အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​တို့​သည် မီးရှို့ရာယဇ်​နှင့် အဆီ​တို့​ကို ည​ရောက်​သည်​အထိ ပူဇော်​ရ​သဖြင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​အဖို့​နှင့် အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​တို့​အဖို့ ပြင်ဆင်​ပေး​ရ​၏​။
15အာသပ်​သားမြေး​သီချင်းသည်​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် အာသပ်​၊ ဟေမန်​၊ ရှင်ဘုရင်​၏​ဗျာဒိတ်ဆရာ​ယေဒုသုန်​တို့ စီစဉ်ညွှန်ကြား​ထား​ခဲ့​သည့်​အတိုင်း ကိုယ့်​နေရာ​တွင် ရပ်​နေ​ကြ​၏​။ တံခါးစောင့်​တို့​သည်​လည်း မိမိ​တို့ တံခါး​တိုင်​တွင် ရပ်​နေ​ကြ​ရ​၏​။ သူ​တို့​၏​ညီအစ်ကိုချင်း​ဖြစ်​သော​လေဝိ​အမျိုး​တို့​သည် သူ​တို့​အဖို့​ကို​လည်း ပြင်ဆင်​ပေး​သောကြောင့် မိမိ​တို့​တာဝန်ကျ​သော​နေရာ​မှ ထွက်သွားစရာ​မ​လို​ပေ​။
16ဤသို့ဖြင့် ယောရှိ​မင်းကြီး​၏​အမိန့်​တော်​အတိုင်း ပသခါ​ပွဲတော်ကြီး​ကို ကျင်းပ​ရန်​နှင့် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​အပေါ်​၌ မီးရှို့ရာယဇ်​ကို​ပူဇော်​ရန်​အတွက် ထာဝရဘုရား​နှင့်ဆိုင်သော​ဝတ်​အလုံးစုံ​တို့​ကို ထို​နေ့​တွင် အဆင်သင့်​ပြင်ဆင်​ကြ​၏​။ 17ထို​အချိန်​၌ ပသခါပွဲတော်​သို့ ရောက်​လာ​သော​အစ္စရေး​အမျိုးသား​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​ကို ခုနစ်​ရက်​တိုင်တိုင်​ကျင်းပ​ကြ​၏​။ 18ပရောဖက်​ရှမွေလ​လက်ထက်​မှစ၍ အစ္စရေး​ပြည်​တွင် ဤကဲ့သို့သော​ပသခါပွဲ​မျိုး တစ်ခါမျှ​မ​ကျင်းပ​ဖူး​ချေ​။ ယောရှိ​မင်းကြီး​နှင့်အတူ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​လူမျိုး​များ​နှင့် အစ္စရေး​လူမျိုး​အပါအဝင် ယုဒ​လူမျိုး​အားလုံး​မှစ၍ ဂျေရုဆလင်​မြို့သား​တို့ စုပေါင်း​၍​ပြုလုပ်​သော​ပသခါပွဲ​မျိုး အစ္စရေး​ဘုရင်​အပေါင်း​တို့​လက်ထက်​တွင် တစ်ခါမျှ​မ​ကျင်းပ​ခဲ့​ဖူး​ချေ​။ 19ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင်​မှ ဤကဲ့သို့သော​ပသခါပွဲ​ကို ကျင်းပ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။
ယောရှိမင်းကြီး နောက်ဆုံးလုပ်ဆောင်ခဲ့သောအရာများနှင့် ယောရှိမင်းကြီးအနိစ္စရောက်ခြင်း
20ဤသို့ ယောရှိ​မင်းကြီး အိမ်​တော်​ကို​ပြင်ဆင်​ပြီး​သည့်​နောက်​တွင် အီဂျစ်​ဘုရင်​နေခေါ​မင်းကြီး​သည် ယူဖရေးတီး​မြစ်​နား​ရှိ ကာခေမိတ်​မြို့​ကို ချီတက်​တိုက်ခိုက်​ရာ ယောရှိ​မင်းကြီး​သည် သူ​နှင့်​ရင်ဆိုင်​ရန် စစ်ချီထွက်​ခဲ့​၏​။ 21သို့သော် နေခေါ​မင်းကြီး​က ယောရှိ​မင်းကြီး​ထံ တမန်​ကို​လွှတ်​၍ “​အို ယုဒ​ဘုရင်​၊ သင်​နှင့် အကျွန်ုပ် မည်သို့​ဆိုင်​သနည်း​။ ယခု သင်​နှင့်​စစ်တိုက်​ရန် အကျွန်ုပ်​ချီလာ​သည်​မ​ဟုတ်​။ အကျွန်ုပ်​နှင့်​စစ်​ဖြစ်​နေ​သော​လူမျိုး​ကို​သာ​တိုက်​ရန် ချီလာ​၏​။ ဘုရားသခင်​သည် အကျွန်ုပ်​အား စစ်​အမြန်​တိုက်​စေ​ပြီ​ဖြစ်​၍ အကျွန်ုပ်​နှင့်အတူ​ရှိ​သော​ဘုရားသခင်​ကို ဆန့်ကျင်​၍​ဆီးတား​မ​နေ​ပါ​နှင့်​။ သို့မဟုတ်လျှင် သင့်​ကို​ဖျက်ဆီး​တော်မူ​မည်​”​ဟု မှာကြား​လိုက်​၏​။
22သို့သော် ယောရှိ​မင်းကြီး​သည် နောက်ပြန်​မ​လှည့်​ဘဲ နေခေါ​မင်းကြီး​ကို ရင်ဆိုင်တိုက်ခိုက်​၏​။ နေခေါ​မင်းကြီး​အား ဘုရားသခင်​မိန့်​တော်မူ​သော​စကား​ကို နား​မ​ထောင်​ဘဲ ရုပ်ဖျက်​ကာ မေဂိဒ္ဒေါ​လွင်ပြင်​သို့ ချီတက်​၍ စစ်ပွဲ​သို့​ဝင်​၏​။ 23လေးသည်တော်​တို့​ပစ်လိုက်​သော​မြား​သည် ယောရှိ​မင်းကြီး​အား ထိမှန်​သောအခါ မင်းကြီး​က ရဲမက်​တို့​အား “​ငါ့​ကို ခေါ်ထုတ်​သွား​ပါ​။ ငါ​ဒဏ်ရာ​အပြင်းအထန်​ရ​ပြီ​”​ဟု မိန့်ဆို​၏​။ 24ထို့ကြောင့် ရဲမက်​တို့​သည် သူ့​ကို စစ်ရထား​ပေါ်မှ​ချ​၍ အခြား​စစ်ရထား​တစ်​ခု​ပေါ်သို့​တင်​ကာ ဂျေရုဆလင်​မြို့​သို့ ပြန်​ခေါ်ဆောင်​လာ​၏​။ မင်းကြီး​အနိစ္စရောက်​၍ ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ယောရှိ​မင်းကြီး​အတွက် ငိုကြွေးမြည်တမ်း​ကြ​လေ​၏​။ 25ယေရမိ​သည် ယောရှိ​မင်းကြီး​အတွက် ငိုချင်း​ကို ဖွဲ့​ခဲ့​၏​။ သီချင်းသည်​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည်​လည်း ယောရှိ​မင်းကြီး​အတွက် ငိုချင်း​များ​ကို ယနေ့​တိုင် သီဆို​နေ​ကြ​၏​။ ထို​ငိုချင်း​တို့​ကို အစ္စရေး​ပြည်​၏​ဓလေ့ထုံးတမ်း​တစ်​ခု​အဖြစ်​ထားရှိ​ပြီး မြည်တမ်းစာ​၌​ရေးမှတ်​ထား​ကြ​၏​။
26ကျန်ရှိ​နေ​သော​ယောရှိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ ထာဝရဘုရား​၏​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း မေတ္တာ​ဖြင့်​လုပ်ဆောင်​ခဲ့​ပုံ​၊ 27သူ​၏​လုပ်ဆောင်မှု​အစ​အဆုံး​တို့​ကို အစ္စရေး​နှင့် ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​များ​တွင် ရေးမှတ်​ထား​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 35: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ