ရာဇဝင်ချုပ်ဒုတိယစောင် 36
36
ယုဒဘုရင်ယောခတ်မင်းကြီး
1ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော်ယောခတ်အား ဂျေရုဆလင်မြို့တွင် ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
2ယောခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်သုံးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။ 3အီဂျစ်ဘုရင်သည် သူ့ကို ဂျေရုဆလင်မြို့တွင်နန်းချပြီး တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ#36:3 “2200 ပိဿာ သို့မဟုတ် 3400 ကီလိုဂရမ်”။၊ ရွှေတစ်တာလန်#36:3 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။ ဒဏ်တပ်လေ၏။
ယုဒဘုရင်ယောယကိမ်မင်းကြီး
4ထို့နောက် အီဂျစ်ဘုရင်သည် ယောခတ်မင်းကြီး၏ညီတော်ဧလျာကိမ်ကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အုပ်စိုးစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ နောင်တော်ယောခတ်မင်းကြီးကိုမူကား နေခေါမင်းကြီးသည် အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။
5ယောယကိမ် နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
6ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။ 7နေဗုခဒ်နေဇာမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အချို့တို့ကိုလည်း ဘေဘီလုံပြည်သို့ယူဆောင်သွားပြီး ဘေဘီလုံမြို့ရှိမိမိဗိမာန်တွင် ထားရှိလေ၏။ 8ကျန်ရှိနေသောယောယကိမ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများ၊ သူ၏ဆိုးယုတ်မှုများကို အစ္စရေးနှင့် ယုဒဘုရင်တို့၏ရာဇဝင်ကျမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယုဒဘုရင်ယေခေါနိမင်းကြီး
9ယောယခိမ်နန်းတက်သောအခါ သက်တော်ရှစ်နှစ်#36:9 “တစ်ဆယ့်ရှစ်နှစ်” (၄ရာ 24:8)။ရှိ၏။ ဂျေရုဆလင်မြို့တွင် သုံးလ၊ ဆယ်ရက် စိုးစံ၏။ သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။ 10နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော်#36:10 “ဖခင်၏ညီတော်” (၄ရာ 24:17)။ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။
ယုဒဘုရင်ဇေဒကိမင်းကြီး
11ဇေဒကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်တစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ 12သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင့်ဆိုသောပရောဖက်ယေရမိရှေ့တွင် မိမိကိုယ်ကိုနှိမ့်ချခြင်းမရှိ။ 13သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာ#36:13 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။လျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။ 14ယဇ်ပုရောဟိတ်အကြီးအကဲအပေါင်းတို့နှင့် ပြည်သူပြည်သားတို့သည်လည်း လူမျိုးခြားတို့ပြုသည့်စက်ဆုပ်ရွံရှာဖွယ်အမှုများအတိုင်း ဖောက်ပြန်မှားယွင်းကြ၏။ ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားသန့်ရှင်းစေတော်မူခဲ့သောအိမ်တော်ကိုလည်း ညစ်ညူးစေကြ၏။
ဂျေရုဆလင်ဖျက်ဆီးခံရခြင်း
15ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့် ကိန်းဝပ်တော်မူရာအရပ်ကို ညှာတာထောက်ထားလျက် သူတို့ထံသို့ တမန်များကို အကြိမ်ကြိမ်စေလွှတ်တော်မူခဲ့၏။ 16သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။ 17ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ 18ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။ 19သူတို့သည် ဘုရားသခင်၏အိမ်တော်ကို မီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်၏။ နန်းတော်တစ်ခုလုံးကိုလည်း မီးရှို့ပြီး အဖိုးတန်အသုံးအဆောင်အားလုံးကိုလည်း ဖျက်ဆီးပစ်ကြ၏။
20ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။ 21အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ကုရုမင်းကြီး၏အမိန့်တော်
22ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင်ကုရုမင်းကြီး နန်းစံပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံအားလုံးသို့ လိုက်လံကြေညာစေ၍ ထိုစကားကို စာဖြင့်လည်း မှတ်တမ်းတင်ထားလေ၏။
23ပါးရှားဘုရင်ကုရုမင်းကြီးမိန့်ဆိုသောစကားမှာ “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။ ကိုယ်တော်၏လူမျိုးတော်အဝင်ဖြစ်သောသူအားလုံး တစ်ယောက်မကျန် သူတို့နှင့်အတူ သူတို့၏ဘုရားသခင်ထာဝရဘုရားပါရှိလျက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြစေ”ဟူ၍ ဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 36: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative