YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 36

36
ယုဒဘုရင်ယောခတ်မင်းကြီး
1ထို့နောက် ပြည်သူပြည်သား​တို့​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ယောခတ်​အား ဂျေရုဆလင်​မြို့​တွင် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။
2ယောခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။ 3အီဂျစ်​ဘုရင်​သည် သူ့​ကို ဂျေရုဆလင်​မြို့​တွင်​နန်းချ​ပြီး တိုင်းပြည်​ကို​လည်း ငွေ​တာလန်​တစ်ရာ#36:3 “2200 ပိဿာ သို့မဟုတ် 3400 ကီလိုဂရမ်”။​၊ ရွှေ​တစ်တာလန်#36:3 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။ ဒဏ်တပ်​လေ​၏​။
ယုဒဘုရင်ယောယကိမ်မင်းကြီး
4ထို့နောက် အီဂျစ်​ဘုရင်​သည် ယောခတ်​မင်းကြီး​၏​ညီ​တော်​ဧလျာကိမ်​ကို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ် အုပ်စိုး​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ နောင်တော်​ယောခတ်​မင်းကြီး​ကို​မူကား နေခေါ​မင်းကြီး​သည် အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။
5ယောယကိမ် နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။
6ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ချီလာ​၍ သူ့​ကို​တိုက်ခိုက်​ပြီး ကြေးနီ​ကြိုး​များ​ဖြင့် ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ 7နေဗုခဒ်နေဇာ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​အချို့​တို့​ကို​လည်း ဘေဘီလုံ​ပြည်​သို့​ယူဆောင်​သွား​ပြီး ဘေဘီလုံ​မြို့​ရှိ​မိမိ​ဗိမာန်​တွင် ထားရှိ​လေ​၏​။ 8ကျန်ရှိ​နေ​သော​ယောယကိမ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​၊ သူ​၏​ဆိုးယုတ်မှု​များ​ကို အစ္စရေး​နှင့် ယုဒ​ဘုရင်​တို့​၏​ရာဇဝင်ကျမ်း​များ​တွင် ရေးမှတ်​ထား​၏​။ သူ​၏​သား​တော်​ယောယခိမ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။
ယုဒဘုရင်ယေခေါနိမင်းကြီး
9ယောယခိမ်​နန်းတက်​သောအခါ သက်တော်​ရှစ်​နှစ်#36:9 “တစ်ဆယ့်ရှစ်နှစ်” (၄ရာ 24:8)။​ရှိ​၏​။ ဂျေရုဆလင်​မြို့​တွင် သုံး​လ​၊ ဆယ်​ရက် စိုးစံ​၏​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို ပြု​၏​။ 10နှစ်​လည်​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် ရဲမက်​များ​ကို​စေလွှတ်​၍ ယောယခိမ်​မင်းကြီး​ကို ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​လာ​စေ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​မှ​အဖိုးတန်​အသုံးအဆောင်​များ​ကို​လည်း သိမ်းယူ​လာ​စေ​၏​။ ထို့ပြင် ယောယခိမ်​မင်းကြီး​၏​ညီ​တော်#36:10 “ဖခင်၏ညီတော်” (၄ရာ 24:17)။​ဇေဒကိ​ကို မင်းမြှောက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို အုပ်စိုး​စေ​၏​။
ယုဒဘုရင်ဇေဒကိမင်းကြီး
11ဇေဒကိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​တစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။ 12သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​၏​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဆင့်ဆို​သော​ပရောဖက်​ယေရမိ​ရှေ့​တွင် မိမိကိုယ်ကို​နှိမ့်ချ​ခြင်း​မ​ရှိ​။ 13သူ့​အား ဘုရားသခင်​ထံ​တိုင်တည်ကျိန်ဆို​စေ​ခဲ့​သော​နေဗုခဒ်နေဇာ​မင်းကြီး​ကို​လည်း ပုန်ကန်​၏​။ သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လှည့်​၊ ခေါင်းမာ#36:13 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​လျက်​၊ စိတ်နှလုံး​မာကျော​လျက်​သာ နေ​၏​။ 14ယဇ်ပုရောဟိတ်​အကြီးအကဲ​အပေါင်း​တို့​နှင့် ပြည်သူပြည်သား​တို့​သည်​လည်း လူမျိုးခြား​တို့​ပြု​သည့်​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​အတိုင်း ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​သန့်ရှင်း​စေ​တော်မူ​ခဲ့​သော​အိမ်​တော်​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။
ဂျေရုဆလင်ဖျက်ဆီးခံရခြင်း
15ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​နှင့် ကိန်းဝပ်​တော်မူ​ရာ​အရပ်​ကို ညှာတာထောက်ထား​လျက် သူ​တို့​ထံသို့ တမန်​များ​ကို အကြိမ်ကြိမ်​စေလွှတ်​တော်မူ​ခဲ့​၏​။ 16သို့သော် လူမျိုး​တော်​အပေါ် ထာဝရဘုရား​အမျက်​တော်​ထွက်​၍ ချမ်းသာ​မ​ပေး​နိုင်​သည့်​တိုင်အောင် သူ​တို့​သည် ဘုရားသခင်​စေလွှတ်​သော​တမန်​များ​ကို လှောင်ပြောင်​ကြ​၏​။ စကား​တော်​ကို မထီမဲ့မြင်ပြု​ကြ​၏​။ ပရောဖက်​တို့​ကို ပြက်ရယ်ပြု​ကြ​၏​။ 17ထို့ကြောင့် ဘုရားသခင်​သည် ခါလဒဲ​ဘုရင်​ကို သူ​တို့​ထံသို့ ချီလာ​စေ​တော်မူ​၏​။ ထို​ဘုရင်​သည် လူငယ်​တို့​ကို သူ​တို့​၏​သန့်ရှင်းရာဌာန​တော်​တွင်​ပင် ဓား​နှင့်​ကွပ်မျက်​၏​။ လူပျို​အပျို​နှင့် သက်ကြီး​လူအို​များ​ပါ​မကျန် အားလုံး​ကို နှမြော​ခြင်း​မ​ရှိ​၊ ထို​ဘုရင်​လက်​သို့ အပ်လိုက်​တော်မူ​၏​။ 18ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​အကြီး​အသေး​ရှိသမျှ​၊ ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာ​များ​၊ ရှင်ဘုရင်​နှင့် မှူးမတ်​တို့​၏​ဘဏ္ဍာ​များ​အားလုံး​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​၏​။ 19သူ​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မီးရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို ဖြိုချ​ပစ်​၏​။ နန်းတော်​တစ်ခုလုံး​ကို​လည်း မီး​ရှို့​ပြီး အဖိုးတန်​အသုံးအဆောင်​အားလုံး​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​၏​။
20ခါလဒဲ​ဘုရင်​သည် ဓားဘေး​မှ​လွတ်​၍​ကြွင်းကျန်သူ​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ပြီး ပါးရှား​နိုင်ငံ​တော်​မ​ပေါ်ထွန်း​မီ​တိုင်အောင် သူ​တို့​ကို သူ​နှင့်​သူ့​သားမြေး​တို့​၏​အစေအပါး​အဖြစ် ထားရှိ​၏​။ 21အစ္စရေး​မြေ​သည် မိမိ​၏​ဥပုသ်နေ့​များ​ကို​မွေ့လျော်​ရ​မည်​ဟူသော ယေရမိ​၏​နှုတ်​အားဖြင့် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား အမှန်​ပြည့်စုံ​လာ​၍ လူသူကင်းမဲ့​သော​ကာလ​ပတ်လုံး အနှစ်​ခုနစ်ဆယ်​စေ့​သည်​အထိ ငြိမ်ဝပ်​စွာ​နေ​ရ​၏​။
ကုရုမင်းကြီး၏အမိန့်တော်
22ယေရမိ​၏​နှုတ်​အားဖြင့် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား ပြည့်စုံ​စေရန် ပါးရှား​ဘုရင်​ကုရု​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင် ထာဝရဘုရား​သည် ပါးရှား​ဘုရင်​ကုရု​မင်းကြီး​၏​စိတ်​ကို နှိုးဆော်​တော်မူ​သဖြင့် သူ​သည် မိမိ​နိုင်ငံ​အားလုံး​သို့ လိုက်လံကြေညာ​စေ​၍ ထို​စကား​ကို စာ​ဖြင့်​လည်း မှတ်တမ်းတင်​ထား​လေ​၏​။
23ပါးရှား​ဘုရင်​ကုရု​မင်းကြီး​မိန့်ဆို​သော​စကား​မှာ “​ကောင်းကင်ဘုံရှင် ဘုရားသခင်​ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အလုံးစုံ​ကို ငါ့​အား ပေး​တော်မူ​ပြီ​။ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​တွင် ကိုယ်တော့်​အဖို့ အိမ်​တော်​ကို​တည်​ရန် ငါ့​ကို ခန့်ထား​တော်မူ​ပြီ​။ ကိုယ်တော်​၏​လူမျိုး​တော်​အဝင်​ဖြစ်​သော​သူ​အားလုံး တစ်ယောက်မကျန် သူ​တို့​နှင့်အတူ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပါရှိ​လျက် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​စေ​”​ဟူ၍ ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 36: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ