ရာဇဝင်ချုပ်ဒုတိယစောင် 7
7
ဆက်ကပ်ခြင်းပွဲတော်
1ထိုသို့ ရှောလမုန်မင်းကြီးဆုတောင်းပြီးသောအခါ ကောင်းကင်မှမီးကျလာ၍ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာတို့ကို လောင်ကျွမ်းလေ၏။ ထာဝရဘုရား၏ဘုန်းအသရေတော်သည်လည်း အိမ်တော်ကို ဖုံးလွှမ်းလေ၏။ 2ထိုသို့ ထာဝရဘုရားအိမ်တော်ကို ထာဝရဘုရား၏ဘုန်းအသရေတော် ဖုံးလွှမ်းသဖြင့် ယဇ်ပုရောဟိတ်တို့ပင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဝင်၍မရချေ။ 3ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။
4ထို့နောက် ရှင်ဘုရင်နှင့်တကွ လူထုအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော်ကြလေ၏။ 5ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ယဇ်ပူဇော်၏။ ရှင်ဘုရင်နှင့် လူထုအပေါင်းတို့သည် ဘုရားသခင်၏အိမ်တော်ကို ဆက်ကပ်ရာတွင် 6ယဇ်ပုရောဟိတ်တို့သည် မိမိတို့တာဝန်ကျရာနေရာတွင် ရပ်နေရ၏။ လေဝိအမျိုးတို့ကလည်း ဒါဝိဒ်မင်းကြီးရေးဖွဲ့ခဲ့သော ထာဝရဘုရားအားချီးမွမ်းခြင်းသီချင်းကို ထာဝရဘုရားထံ ချီးမွမ်းသီဆိုရန် တူရိယာများဖြင့် ရပ်နေကြ၏။ သူတို့က “ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏”ဟု သီဆိုသောအခါ မျက်နှာချင်းဆိုင်တွင်ရပ်နေသော ယဇ်ပုရောဟိတ်တို့သည် တံပိုးများကိုမှုတ်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့မူကား မတ်တတ်ရပ်လျက်နေကြ၏။ 7ရှောလမုန်မင်းကြီးတည်ထားသောကြေးနီယဇ်ပလ္လင်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကို သန့်ရှင်းစေ၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
8ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးအမြောက်အမြားနှင့်အတူ ခုနစ်ရက်တိုင်တိုင် ပွဲတော်ကျင်းပလေ၏။ 9ယဇ်ပလ္လင်ဆက်ကပ်ပွဲကို ခုနစ်ရက်ကျင်းပပြီး ပွဲတော်ကို နောက်ထပ်ခုနစ်ရက် ကျင်းပ၏။ ရှစ်ရက်မြောက်သောနေ့တွင် ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပ၏။ 10သတ္တမလ၊ နှစ်ဆယ့်သုံးရက်နေ့တွင် လူတို့ကို မိမိတို့အိမ်သို့ပြန်လွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၊ ရှောလမုန်မင်းကြီးမှစ၍ မိမိလူမျိုးတော်အစ္စရေးအတွက် ထာဝရဘုရားပြုပေးသော ကောင်းကျိုးချမ်းသာများကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ပြန်သွားကြ၏။
11ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် မိမိ၏နန်းတော်ကိုတည်ဆောက်ရာတွင် စိတ်ထဲ၌ပေါ်လာသမျှအတိုင်း တည်ဆောက်ခဲ့၏။ ထိုသို့ ထာဝရဘုရား၏အိမ်တော်နှင့် ရှင်ဘုရင်၏နန်းတော်တို့ကို အောင်မြင်စွာတည်ဆောက်ပြီးစီးသွားသောအခါ
ထာဝရဘုရားကိုယ်ထင်ရှားပြခြင်း
12ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်ထင်ရှားပြတော်မူ၍ “သင့်ဆုတောင်းသံကို ငါနားညောင်းပြီ။ ဤနေရာကို ငါ့အဖို့ ယဇ်ပူဇော်ရာအိမ်အဖြစ် ငါရွေးချယ်ပြီ။ 13ငါသည် မိုးကောင်းကင်ကိုပိတ်ထားပြီး မိုးခေါင်စေသောအခါ၊ ပြည်ထွက်သီးနှံကိုဝါးမျိုရန် နှံကောင်များကို အမိန့်ပေးသောအခါ၊ ငါ့လူမျိုးတော်တို့တွင် ကပ်ဘေးကျရောက်စေသောအခါ၊ 14ငါ့နာမဖြင့်သမုတ်သောငါ့လူမျိုးတော်တို့သည် မိမိတို့၏ဆိုးညစ်သောလမ်းမှပြန်လှည့်ပြီး ကိုယ်ကိုနှိမ့်ချလျက် ငါ့မျက်နှာကိုရှာပြီး ဆုတောင်းလျှင် ကောင်းကင်ဘုံမှ ငါနားညောင်းမည်။ သူတို့၏အပြစ်များကိုလည်း ခွင့်လွှတ်ပြီး သူတို့ပြည်ကို ချမ်းသာစေမည်။ 15ငါသည် မျက်စိကိုဖွင့်လျက် ဤအရပ်မှ ဆုတောင်းသံကို နားညောင်းမည်။ 16ငါ့နာမ အစဉ်တည်စေရန် ဤအိမ်တော်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
17သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး အသက်ရှင်လျှောက်လှမ်းခဲ့သည့်အတိုင်း သင်သည် ငါ့ရှေ့၌အသက်ရှင်လျှောက်လှမ်း၍ သင့်အား ငါမိန့်မှာထားသမျှအတိုင်း လုပ်ဆောင်ပြီး ငါ၏ပညတ်ချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းလျှင် 18‘အစ္စရေးလူမျိုးကိုအုပ်ချုပ်သောသင့်မျိုးဆက် မပြတ်ရ’ဟု သင့်ခမည်းတော်ဒါဝိဒ်မင်းကြီးနှင့် ပဋိညာဉ်ဖွဲ့ခဲ့သည့်အတိုင်း သင့်နိုင်ငံ၏ရာဇပလ္လင်ကို တည်မြဲစေမည်။
19သို့သော် သင်တို့သည် ငါ့ထံမှကျောခိုင်းသွား၍ သင်တို့အား ငါမိန့်မှာထားသော ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို စွန့်ပစ်ပြီး အခြားဘုရားများကို သွား၍ဝတ်ပြုကိုးကွယ်မည်ဆိုလျှင် 20သူတို့ကို ငါပေးထားသောပြည်မှ ဖယ်ထုတ်ပစ်မည်။ ငါ့နာမအဖို့ ငါသန့်ရှင်းစေသောဤအိမ်တော်ကိုလည်း ငါ့ရှေ့မှောက်မှ ဖယ်ရှားပြီး လူမျိုးတကာတို့အလယ်တွင် ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်စေမည်။ 21ဤသန့်ရှင်းမြင့်မြတ်သောအိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရားဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။ 22ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် သူတို့ကို ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative