ရာဇဝင်ချုပ်ဒုတိယစောင် 6
6
ရှောလမုန်မင်းကြီး၏ဗိမာန်တော်ဆက်ကပ်ခြင်း
1ထိုအခါ ရှောလမုန်မင်းကြီးက “တိမ်ထုကြီးထဲတွင် စံမြန်းတော်မူမည်ဟု ထာဝရဘုရားမိန့်ဆိုပြီ။ 2ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။ 3ထို့နောက် ရှင်ဘုရင်သည် ရပ်လျက်နေကြသောအစ္စရေးလူထုအပေါင်းတို့ဘက်သို့လှည့်၍ အစ္စရေးလူထုတစ်ရပ်လုံးကို ကောင်းချီးပေးပြီးလျှင် 4“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။ 5ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် မည်သူ့ကိုမျှ ငါမရွေးချယ်ခဲ့။ 6သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။ 7အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုတည်ဆောက်ရန် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး စိတ်ဆန္ဒရှိခဲ့၏။ 8သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင်စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။ 9သို့သော် အိမ်တော်ကို သင်မတည်ဆောက်ရ။ သင့်ရင်သွေး၊ သင့်သားသာလျှင် ငါ့နာမအဖို့ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ဟု မိန့်ဆိုခဲ့၏။ 10ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။ 11အစ္စရေးလူမျိုးတို့နှင့်ဖွဲ့ခဲ့သော ထာဝရဘုရား၏ပဋိညာဉ်ပါသေတ္တာတော်ကို ထိုအိမ်တော်တွင်ထားရှိပြီ”ဟု မြွက်ဆိုလေ၏။
ရှောလမုန်မင်းကြီး၏ဆုတောင်းချက်
12ထို့နောက် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့၊ အစ္စရေးလူထုအပေါင်းတို့ရှေ့တွင်ရပ်လျက် လက်ကိုဖြန့်တော်မူ၏။ 13ရှောလမုန်မင်းကြီးသည် ဝင်းတော်အလယ်၌ မိမိဆောက်လုပ်၍တည်ထားသော အလျားငါးတောင်#6:13 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။၊ အနံငါးတောင်၊ အမြင့်သုံးတောင်#6:13 “54 လက်မ သို့မဟုတ် 135 စင်တီမီတာ”။ရှိသည့် ကြေးနီစင်မြင့်ပေါ်သို့တက်ပြီး အစ္စရေးလူထုအပေါင်းတို့ရှေ့၌ ဒူးထောက်၍ လက်ကို ကောင်းကင်သို့ဖြန့်လျက် 14“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကောင်းကင်နှင့်မြေကြီးပေါ်တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်သော ကိုယ်တော်၏အစေအပါးတို့အား ကရုဏာတော်ကို ပြတော်မူပြီ။ ပဋိညာဉ်ကို တည်စေတော်မူပြီ။ 15ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီး၌ ထားခဲ့သောကတိတော်များကို တည်စေတော်မူပြီ။ နှုတ်တော်ဖြင့် ကတိထားတော်မူခဲ့သည်ကို ယနေ့ လက်တွေ့ပြည့်စုံစေပါပြီ။ 16အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။ 17အို အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။ 18အကယ်စင်စစ် ဘုရားသခင်သည် လူသားတို့နှင့်အတူ ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။ 19အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးဆုတောင်းအသနားခံသည်ကို ဂရုစိုက်လှည့်ပါ။ ကိုယ်တော့်ရှေ့တော်တွင် ကိုယ်တော့်အစေအပါး တောင်းလျှောက်သောဆုတောင်းသံ၊ အော်ဟစ်သံကို နားညောင်းတော်မူပါ။ 20‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ 21ကိုယ်တော်၏အစေအပါးနှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့သည် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံကြသောအခါ ကိုယ်တော်နားညောင်းတော်မူပါ။ ကိုယ်တော်ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ။ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ 22တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းကို ပြစ်မှားမိသဖြင့် ကျိန်ဆိုစရာအကြောင်းရှိ၍ ဤအိမ်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့တွင် လာရောက်ကျိန်ဆိုလျှင် 23ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့အား အရေးယူစီရင်တော်မူပါ။ အပြစ်ရှိသူကို သူပြုခဲ့သည့်အပြစ်အတိုင်း ပြန်ခံရစေရန် စီရင်တော်မူပါ။ ဖြောင့်မတ်မှန်ကန်သူကိုမူ သူဖြောင့်မတ်သည့်အတိုင်း အကျိုးကိုခံစားရစေရန် စီရင်တော်မူပါ။ 24ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့သည် ကိုယ်တော့်ကိုပြစ်မှားမိသဖြင့် ရန်သူကို ရှုံးနိမ့်သွားပြီးမှ သူတို့သည် ကိုယ်တော့်ထံပြန်လာ၍ နာမတော်ကိုဝန်ခံလျက် ဤအိမ်တော်၌ ကိုယ်တော့်ထံ ဆုတောင်းအသနားခံလျှင် 25ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သူတို့နှင့် သူတို့ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်သို့ သူတို့ကို ပြန်လည်ပို့ဆောင်တော်မူပါ။ 26ကိုယ်တော့်ကိုပြစ်မှားမိ၍ ကိုယ်တော်သည် သူတို့ကို ဆုံးမသောအားဖြင့် ကောင်းကင်တံခါးကိုပိတ်လျက် မိုးခေါင်စေသောအခါ သူတို့သည် အပြစ်လမ်းမှပြန်လှည့်၍ ကိုယ်တော်၏နာမတော်ကိုဝန်ခံလျက် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံလျှင် 27ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့နှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ မှန်ကန်သောလမ်းကို လိုက်လျှောက်နိုင်ရန် သွန်သင်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အား အမွေပေးတော်မူသော ကိုယ်တော်၏မြေပေါ်တွင် မိုးကိုရွာစေတော်မူပါ။ 28ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ 29တစ်စုံတစ်ယောက်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးအပေါင်းတို့ဖြစ်စေ ကိုယ့်နာကျင်ခြင်း၊ ကိုယ့်ဝေဒနာကိုယ်သိမှတ်လျက် ဤအိမ်တော်သို့မျက်နှာမူပြီး လက်ကိုဆန့်လျက် ဆုတောင်းအသနားခံလျှင် 30ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်သည် လူသားအားလုံးတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသည်နှင့်အညီ သူတို့၏အကျင့်အတိုင်း သူတို့ကို ပြန်ပေးဆပ်စေတော်မူပါ။ 31သို့မှသာ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်တွင် သူတို့အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏လမ်းတော်ကို လိုက်လျှောက်ကြပါလိမ့်မည်။ 32ထို့ပြင် ကိုယ်တော်၏လူမျိုးတော်အစ္စရေးမဟုတ်သော တစ်ပါးအမျိုးသားတို့သည်လည်း ကိုယ်တော်၏ကြီးမြတ်သောနာမတော်၊ အားကြီးသောလက်တော်၊ တန်ခိုးကြီးသောလက်ရုံးတော်ကြောင့် ဝေးသောအရပ်မှလာ၍ ဤအိမ်တော်သို့မျက်နှာမူပြီး ဆုတောင်းကြလျှင် 33ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကိုသိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။ 34ကိုယ်တော်၏လူမျိုးတော်တို့သည် ကိုယ်တော်စေရာလမ်းအတိုင်း ရန်သူတို့အား စစ်ထွက်တိုက်ရသောအခါ သူတို့သည် ကိုယ်တော်ရွေးချယ်တော်မူသောဤမြို့၊ ကိုယ်တော်၏နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်သို့ မျက်နှာမူပြီး ကိုယ်တော့်ထံဆုတောင်းကြလျှင် 35ကောင်းကင်ဘုံမှနေ၍ သူတို့၏ဆုတောင်းအသနားခံသံကို နားညောင်းတော်မူပြီး သူတို့၏စစ်မှုကို စီရင်ပေးတော်မူပါ။ 36မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကိုပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကိုအမျက်ထွက်၍ ရန်သူလက်သို့အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး 37ဖမ်းခေါ်သွားခြင်းခံရသောပြည်၌ သူတို့စိတ်နှလုံးပြောင်းလဲ၍ ‘အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ ဒုစရိုက်ကိုပြုမိပါပြီ။ မကောင်းမှုများကိုပြုမိပါပြီ’ဟု ဆိုလျက် နောင်တရကာ ဖမ်းခေါ်သွားခြင်းခံရသည့်အရပ်၌ပင် ကိုယ်တော့်ထံ ဆုတောင်းအသနားခံလျှင်၊ 38သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသောပြည်၌ပင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ကိုယ်တော့်ထံပြန်လာ၍ သူတို့၏ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်၊ ကိုယ်တော်ရွေးချယ်တော်မူရာမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ဆုတောင်းကြလျှင် 39ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှနေ၍ သူတို့ဆုတောင်းအသနားခံသံကို နားညောင်းတော်မူပြီး သူတို့၏အမှုကိုစီရင်ပေးတော်မူပါ။ ကိုယ်တော့်ကိုပြစ်မှားမိသော ကိုယ်တော့်လူမျိုးတော်တို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ 40အို အကျွန်ုပ်၏ဘုရားသခင်၊ ယခု မြင်တော်မူလှည့်ပါ။ ဤနေရာတွင် ဆုတောင်းသောအသံကို နားစွင့်တော်မူပါ။ 41အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့် ကိုယ်တော်၏အစွမ်းတန်ခိုးတည်ရာသေတ္တာတော်နှင့်အတူ စံတော်မူရာနေရာသို့ ကြွတော်မူပါ။ အို ဘုရားသခင်ထာဝရဘုရား၊ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကိုဝတ်ဆင်၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ကိုယ်တော်၏ကောင်းမြတ်ခြင်း၌ ဝမ်းမြောက်ကြပါစေသော။ 42အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ဘိသိက်ပေးတော်မူသောသူကို မျက်နှာလွှဲတော်မမူပါနှင့်။ ကိုယ်တော်၏အစေအပါးဒါဝိဒ်မင်းကြီးအပေါ်ထားသော ကိုယ်တော်၏မေတ္တာကရုဏာတော်ကို အောက်မေ့တော်မူပါ”ဟု တောင်းလျှောက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 6: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative