ရာဇဝင်ချုပ်ဒုတိယစောင် 5
5
1ဤသို့ဖြင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးစီးလေ၏။ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်ရှိသမျှတို့ကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ဘုရားသခင်၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
ဗိမာန်တော်ဆက်ကပ်ခြင်းအတွက် ပြင်ဆင်ခြင်း
2ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။ 3ထို့ကြောင့် သတ္တမလ ပွဲတော်ကျင်းပချိန်တွင် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံ စုရုံးရောက်ရှိလာကြ၏။
4အစ္စရေးသက်ကြီးဝါကြီးအားလုံး ရောက်လာသောအခါ လေဝိအမျိုးတို့သည် သေတ္တာတော်ကို ပင့်ဆောင်ကြ၏။ 5သူတို့သည် သေတ္တာတော်၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် တဲတော်အတွင်းရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကို သယ်ဆောင်လာကြ၏။ ဤအရာတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများသည် သယ်ဆောင်လာကြ၏။ 6ရှောလမုန်မင်းကြီးနှင့် သူ့ထံသို့စုဝေးရောက်ရှိလာသောအစ္စရေးလူထုအပေါင်းတို့သည် သေတ္တာတော်ရှေ့တွင် မရေမတွက်နိုင်အောင်များပြားလှသော သိုးနွားတို့ကို ပူဇော်ကြ၏။ 7ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာပြီး အိမ်တော်အတွင်းခန်း အသန့်ရှင်းဆုံးဌာနတော်ရှိ ခေရုဗိမ်#5:7 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့၏အတောင်တော်အောက်တွင် နေရာချထား၏။ 8ခေရုဗိမ်#5:8 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့၏အတောင်များသည် သေတ္တာတော်နေရာအထက်တွင် ဖြန့်ထားလျက်ရှိသဖြင့် ထိုခေရုဗိမ်တို့၏အတောင်များသည် သေတ္တာတော်နှင့် ထမ်းပိုးတော်တို့အပေါ် အုပ်မိုးထား၏။ 9သေတ္တာတော်ထမ်းပိုးတို့သည် ရှည်လွန်းသဖြင့် ထမ်းပိုးအစွန်းပိုင်းကို အပြင်မှမမြင်ရသော်လည်း သန့်ရှင်းရာဌာနမှ လှမ်းမြင်ရ၏။ ယနေ့ထိတိုင် ထမ်းပိုးများ ထိုနေရာတွင် ရှိနေ၏။ 10သေတ္တာတော်ထဲတွင် ကျောက်ပြားနှစ်ချပ်မှလွဲ၍ မည်သည့်အရာမျှမရှိ။ ထိုကျောက်ပြားတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး ဟောရပ်အရပ်၌ ထာဝရဘုရားနှင့်ပဋိညာဉ်ဖွဲ့ခဲ့ကြစဉ် မောရှေထည့်သွင်းထားသောကျောက်ပြားများ ဖြစ်ကြ၏။
11ယဇ်ပုရောဟိတ်အားလုံးသည် မိမိတို့အလှည့်ကျသည်ကိုမစောင့်ဘဲ မိမိတို့ကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးဖြစ်၏။ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနမှ ထွက်လာကြသောအခါ 12အာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့် သူတို့၏သားမြေးများ၊ ညီအစ်ကိုများပါဝင်သော လေဝိအမျိုးသီချင်းသည်အပေါင်းတို့သည် ပိတ်ချောထည်ကို ဝတ်ဆင်လျက် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များကိုင်ဆောင်လျက် ယဇ်ပလ္လင်အရှေ့ဘက်တွင် ရပ်နေကြ၏။ တံပိုးခရာမှုတ်ရသောယဇ်ပုရောဟိတ် အပါးတစ်ရာ့နှစ်ဆယ်တို့လည်း သူတို့နှင့်အတူ ရပ်နေကြ၏။ 13တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။ 14ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ဘုရားသခင်၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative