ဓမ္မရာဇဝင်စတုတ္ထစောင် 13
13
အစ္စရေးဘုရင်ယောခတ်မင်းကြီး
1အာခဇိမင်းကြီး၏သားတော် ယုဒဘုရင်ယောရှမင်းကြီး နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းကြီး၏သားတော် ယောခတ်သည် အစ္စရေးပြည်၌နန်းတက်ပြီး ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် စိုးစံ၏။ 2သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကို ပြု၏။ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး ပြုသောအပြစ်တို့ကို မလွှဲမရှောင်ဘဲ ထိုအပြစ်တို့နောက်သို့လိုက်၏။ 3ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးလက်ထက်မှစ၍ ဟာဇေလမင်းကြီး၏သားတော် ဗင်္ဟာဒဒ်၏လက်ထက်တစ်လျှောက်လုံး သူတို့၏လက်အောက်ခံ ဖြစ်စေတော်မူ၏။
4ထိုအခါ ယောခတ်မင်းကြီးသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်လေ၏။ အစ္စရေးလူမျိုးတို့အား ဆီးရီးယားဘုရင်ဖိနှိပ်ညှဉ်းဆဲသည်ကို ထာဝရဘုရား မြင်တော်မူသဖြင့် သူ၏တောင်းပန်သံကို နားညောင်းတော်မူ၏။ 5အစ္စရေးလူမျိုးတို့အား ကယ်တင်ပေးမည့်သူတစ်ဦးကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူသဖြင့် အစ္စရေးအမျိုးသားတို့သည် ဆီးရီးယားလူမျိုးလက်မှ လွတ်မြောက်၍ ယခင်ကကဲ့သို့ပင် မိမိတို့အိမ်တွင် ပြန်လည်နေထိုင်ရလေ၏။ 6သို့သော် သူတို့သည် အစ္စရေးလူမျိုးကို လမ်းမှားစေသည့် ယေရောဗောင်မင်းမျိုးမင်းနွယ်ပြုသောအပြစ်မျိုးကို မလွှဲမရှောင်ဘဲ လိုက်၍ပြုကျင့်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်သည်လည်း ရှမာရိမြို့တွင် စိုက်ထူလျက်ပင်ရှိနေသေး၏။ 7ဆီးရီးယားဘုရင်က အစ္စရေးစစ်တပ်ကို ဖျက်ဆီးပစ်၍ ကောက်နယ်တလင်းရှိအမှုန့်ကဲ့သို့ ဖြစ်စေသောကြောင့် ယောခတ်မင်းကြီးတွင် မြင်းတပ်သားအယောက်ငါးဆယ်၊ စစ်ရထား ဆယ်စီး၊ ခြေလျင်တပ်သားအယောက်တစ်သောင်းမှလွဲ၍ စစ်တပ်ဟူ၍ပင် မရှိတော့ပေ။
8ကျန်ရှိနေသော ယောခတ်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာအားလုံး၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#13:8 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 9ယောခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှ#13:9 သို့မဟုတ် “ယဟောရှ”။သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အစ္စရေးဘုရင်ယဟောရှမင်းကြီး
10ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။ 11သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသမျှအပြစ်တို့ကို မလွဲမရှောင်ဘဲ လိုက်၍ပြုကျင့်၏။
12ကျန်ရှိနေသော ယောရှ#13:12 သို့မဟုတ် “ယဟောရှ”။မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ရာတွင် အစွမ်းသတ္တိကြီးမားခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#13:12 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 13ယောရှ#13:13 သို့မဟုတ် “ယဟောရှ”။မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။
ဧလိရှဲသေဆုံးခြင်း
14ဧလိရှဲသည် သေလုမျောပါးနာမကျန်းဖြစ်နေချိန်တွင် အစ္စရေးဘုရင်ယောရှ#13:14 သို့မဟုတ် “ယဟောရှ”။မင်းကြီးက သူ့ထံလာ၍ငိုကြွေးလျက် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထား၊ အစ္စရေးမြင်းစီးသူရဲများပါတကား”ဟု ဆို၏။
15ဧလိရှဲကလည်း သူ့အား “လေးနှင့်မြားကို ယူခဲ့လော့”ဟုဆိုလျှင် သူသည် လေးနှင့်မြားကိုယူခဲ့၏။ 16ထို့နောက် ဧလိရှဲက အစ္စရေးဘုရင်အား “လက်ကိုလေးပေါ် တင်လော့”ဟုဆိုလျှင် သူလည်း လက်ကိုလေးပေါ်တင်၏။ ထိုအခါ ဧလိရှဲက မိမိလက်ကို အစ္စရေးဘုရင်၏လက်ပေါ် တင်၏။ 17ထို့နောက် ဧလိရှဲက “အရှေ့ပြတင်းပေါက်ကို ဖွင့်လော့”ဟုဆိုသဖြင့် ပြတင်းပေါက်ကိုဖွင့်လျှင် ဧလိရှဲက “ပစ်လော့”ဟုဆိုသဖြင့် ရှင်ဘုရင်လည်း ပစ်လိုက်လေ၏။ ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏အောင်မြင်သောမြား၊ ဆီးရီးယားလူမျိုးကိုအောင်နိုင်သောမြား ဖြစ်၏။ သင်သည် အာဖက်မြို့တွင် ဆီးရီးယားလူမျိုးတို့ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်လိမ့်မည်”ဟု ဆို၏။
18တစ်ဖန် ဧလိရှဲက “မြားတို့ကို ယူဦးလော့”ဟုဆိုလျှင် ရှင်ဘုရင်လည်း ယူ၏။ ထို့နောက် ဧလိရှဲက “ထိုမြားဖြင့် မြေကြီးကို ရိုက်လော့”ဟုဆိုလျှင် ရှင်ဘုရင်လည်း မြေကြီးကို သုံးကြိမ်ရိုက်ပြီး ရပ်လိုက်၏။ 19ထိုအခါ ဘုရားသခင်၏လူက ရှင်ဘုရင်ကို အမျက်ထွက်၍ “သင်သည် ငါးကြိမ်ခြောက်ကြိမ်ရိုက်သင့်၏။ သို့မှ ဆီးရီးယားဘုရင်ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်မည်။ ယခုမှာ ဆီးရီးယားဘုရင်ကို သုံးကြိမ်သာ အောင်နိုင်လိမ့်မည်”ဟု ဆို၏။ 20ထို့နောက်တွင် ဧလိရှဲကွယ်လွန်သွားသဖြင့် သူ့ကို သင်္ဂြိုဟ်ကြ၏။ နှစ်ဦးပိုင်းရောက်ချိန်တွင် မောဘဓားပြအဖွဲ့တို့သည် တိုင်းပြည်ကို လာရောက်တိုက်ခိုက်ကြ၏။ 21အစ္စရေးလူမျိုးတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်နေစဉ် ထိုဓားပြအဖွဲ့လာနေသည်ကို တွေ့သဖြင့် အလောင်းကို ဧလိရှဲ၏သင်္ချိုင်းတွင်းထဲသို့ ပစ်ချကြလေ၏။ ထိုအလောင်းမှာ ဧလိရှဲ၏အရိုးများနှင့် သွားထိသောအခါ အသက်ပြန်ဝင်လာ၍ မတ်တတ်ရပ်လေ၏။
ဘုရားသခင်က အစ္စရေးလူမျိုးကို ကရုဏာသက်တော်မူခြင်း
22ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ယောခတ်မင်းကြီးလက်ထက်ကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲခဲ့၏။ 23သို့သော် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူတို့ကို သနားစုံမက်၍ ကြည့်ရှုတော်မူ၏။ သူတို့ကို မဖျက်ဆီးလိုသောကြောင့် ယနေ့တိုင်အောင် သူတို့ကို ရှေ့တော်မှ မဖယ်ရှားဘဲနေတော်မူ၏။ 24ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး အနိစ္စရောက်သောအခါ သူ၏သားတော်ဗင်္ဟာဒဒ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ 25ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် ခမည်းတော်ယောခတ်မင်းကြီးလက်ထက် တိုက်ပွဲဖြစ်စဉ် အသိမ်းခံလိုက်ရသောမြို့ရွာများကို ဟာဇေလမင်းကြီး၏သားတော်ဗင်္ဟာဒဒ်လက်မှ ပြန်လည်သိမ်းယူခဲ့၏။ ယောရှ#13:25 သို့မဟုတ် “ယဟောရှ”။မင်းကြီးသည် ဗင်္ဟာဒဒ်မင်းကြီးကို သုံးကြိမ်အောင်နိုင်ခဲ့ပြီး အစ္စရေးမြို့ရွာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative