ဓမ္မရာဇဝင်စတုတ္ထစောင် 12
12
ယုဒဘုရင်ယဟောရှမင်းကြီး
1ယေဟုမင်းကြီးနန်းတက်ပြီး ခုနစ်နှစ်အကြာတွင် ယဟောရှ#12:1 “ယောရှ” (၆ရာ ၂၄:၁)။နန်းတက်၍ ဂျေရုဆလင်မြို့တွင် အနှစ်လေးဆယ် စိုးစံ၏။ မယ်တော်ကား ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။ 2ယဟောရှ#12:2 “ယောရှ” (၆ရာ ၂၄:၂)။မင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒသွန်သင်သည့်ကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ 3သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသဖြင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့တွင် ယဇ်ပူဇော်ခြင်း၊ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းတို့ကို ပြုကြ၏။
ထာဝရဘုရား၏အိမ်တော်ကိုပြုပြင်ခြင်း
4ယဟောရှ#12:4 သို့မဟုတ် “ယောရှ”။မင်းကြီးက ယဇ်ပုရောဟိတ်တို့အား “စာရင်းဝင်သူတိုင်းပေးရမည့်အလှူငွေ၊ လူတစ်ဦးစီ၏တန်ဖိုးဖြတ်ငွေ၊ စေတနာအလျောက် ထာဝရဘုရား၏အိမ်တော်သို့ လာရောက်လှူဒါန်းသည့်ငွေစသည့် ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသည့်သန့်ရှင်းသောအလှူငွေအားလုံးကို 5ယဇ်ပုရောဟိတ်တို့သည် ကိုယ်နှင့်ရင်းနှီးသူများထံမှ လက်ခံယူပြီး အိမ်တော်ပျက်စီးသည်ကိုတွေ့လျှင် ထိုအပျက်အစီးများကို ပြုပြင်စေ”ဟု မိန့်ဆို၏။
6သို့သော် ယဇ်ပုရောဟိတ်တို့သည် ယဟောရှ#12:6 သို့မဟုတ် “ယောရှ”။မင်းကြီးနန်းစံ နှစ်ဆယ့်သုံးနှစ်တိုင်အောင် အိမ်တော်အပျက်အစီးများကို မပြုပြင်ကြ။ 7ထို့ကြောင့် ယဟောရှ#12:7 သို့မဟုတ် “ယောရှ”။မင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒနှင့် အခြားယဇ်ပုရောဟိတ်တို့ကို ဆင့်ခေါ်၍ “အိမ်တော်အပျက်အစီးများကို အဘယ်ကြောင့် မပြုပြင်ကြသနည်း။ ယခု ကိုယ်နှင့်ရင်းနှီးသူတို့ထံမှ ငွေကိုမယူဘဲ အိမ်တော်အပျက်အစီးကိုပြုပြင်ရန်အတွက် ကိုယ့်ငွေကို ပေးအပ်ကြလော့”ဟု မိန့်ဆို၏။ 8ယဇ်ပုရောဟိတ်တို့ကလည်း လူတို့ထံမှငွေကို နောက်ထပ်မကောက်ယူပါ၊ အိမ်တော်အပျက်အစီးများကို မပြုပြင်ပါဟု သဘောတူကြ၏။
9ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် သေတ္တာတစ်လုံးကို ယူ၍ အဖုံးတွင်အပေါက်ဖောက်ထားပြီး ထာဝရဘုရားအိမ်တော်သို့ဝင်ရာလမ်း၏ညာဘက် ယဇ်ပလ္လင်အနားတွင် ထား၏။ တံခါးစောင့်ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသောငွေအားလုံးကို ထိုသေတ္တာထဲသို့ ထည့်ကြ၏။ 10ထိုသေတ္တာထဲတွင် ငွေအမြောက်အမြားရှိလာသည်ကို မြင်လျှင် ဘုရင့်စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းတို့သည် လာ၍ ထာဝရဘုရား၏အိမ်တော်၌ရှိသောငွေများကို အိတ်ထဲထည့်ပြီး ရေတွက်လေ၏။ 11ထို့နောက် ရေတွက်ပြီးသောထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အဖို့ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့လက်သို့ အပ်၏။ အလုပ်ကြီးကြပ်သူတို့လည်း ထိုငွေကို ထာဝရဘုရား၏အိမ်တော်တွင် အလုပ်လုပ်သော လက်သမားများ၊ ဆောက်လုပ်ရေးသမားများ၊ 12ပန်းရန်သမားများ၊ ကျောက်ဆစ်သမားများကို ပေး၏။ ထာဝရဘုရား၏အိမ်တော်အပျက်အစီးများကို ပြုပြင်ရာ၌လိုအပ်သော ဆစ်ပြီးသားကျောက်များ၊ သစ်သားများကို ထိုငွေဖြင့် ဝယ်ယူ၏။ အိမ်တော်ပြုပြင်ရာတွင် အခြားကုန်ကျစရိတ်အားလုံးအတွက် အသုံးပြု၏။
13သို့သော် ထာဝရဘုရား၏အိမ်တော်အတွက် ငွေဇလုံများ၊ မီးညှပ်များ၊ အင်တုံများ၊ တံပိုးခရာများ၊ ရွှေထည်ငွေထည်ပစ္စည်းများ စသည်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေများဖြင့် မပြုလုပ်ပေ။ 14ထိုငွေများသည် အလုပ်လုပ်သူများကို ပေးရန်နှင့် ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ဖို့ရန်အတွက်သာ ဖြစ်၏။ 15အလုပ်လုပ်သူတို့ကို ပေးရန် ငွေလက်ခံယူသောသူတို့သည် သစ္စာရှိစွာလုပ်ဆောင်ကြသောကြောင့် စာရင်းရေးမှတ်ပြုစုရန်မလိုပေ။ 16အပြစ်ဒဏ်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်တို့မှရသောငွေများမှာ ယဇ်ပုရောဟိတ်တို့အတွက်သာဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ မသွင်းကြ။
ဆီးရီးယားလူတို့က ယုဒပြည်ကို ကျူးကျော်တိုက်ခိုက်ခြင်း
17ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။ 18ထိုအခါ ယုဒဘုရင်ယဟောရှ#12:18 သို့မဟုတ် “ယောရှ”။မင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
ယောရှမင်းကြီးအား လုပ်ကြံသတ်ဖြတ်ခြင်း
19ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏#12:19 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 20ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။ 21သူ၏အမှုထမ်းများဖြစ်သော ရှိမတ်၏သားယောဇကာနှင့် ရှောမာ၏သားယဟောဇဗဒ်တို့ကပင် သူ့ကိုလုပ်ကြံလိုက်ခြင်းဖြစ်၏။ သူသည် အနိစ္စရောက်၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative