ဓမ္မရာဇဝင်စတုတ္ထစောင် 25
25
ဂျေရုဆလင်မြို့အား နေဗုခဒ်နေဇာဝိုင်းထားခြင်း
1ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။ 2ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်တိုင်အောင် မြို့ကိုဝိုင်းထားကြ၏။
3ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။ 4နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။ 5ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။ 6ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ သူ့ကို စီရင်ချက်ချလေ၏။ 7ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီးရှေ့မှောက်တွင်ပင် သတ်၏။ ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်ပြီး သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
ဂျေရုဆလင်မြို့ဖျက်ဆီးခံရခြင်း
8ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌ ဘေဘီလုံဘုရင်၏အမှုထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ရောက်လာ၏။ 9သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။ 10ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးကို ဖြိုဖျက်ကြ၏။ 11ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။ 12သို့သော် ကိုယ်ရံတော်မှူးသည် ဆင်းရဲသောပြည်သားအချို့ကို ချန်ထား၍ စပျစ်ခြံများ၊ လယ်များတွင် အလုပ်လုပ်စေ၏။
13ခါလဒဲစစ်သည်တို့သည် ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီတိုင်များ၊ ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီရေကန်နှင့်တွန်းလှည်း တို့ကိုချိုးဖဲ့၍ ကြေးနီရှိသမျှကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြ၏။ 14အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇွန်းများမှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။ 15ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော မီးကျီးခံဗန်းများ၊ ဇလုံများကိုလည်း သိမ်းယူသွားလေ၏။
16ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်နှင့် တွန်းလှည်းများစသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။ 17တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင်#25:17 “324 လက်မ သို့မဟုတ် 810 စင်တီမီတာ”။ရှိပြီး တိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ ထိုတိုင်အုပ်သည်လည်း အမြင့်သုံးတောင်#25:17 “54 လက်မ သို့မဟုတ် 135 စင်တီမီတာ”။ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင်လည်း ကြေးနီအတိပြီးသောရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း ရာဇမတ်ကွက်များ ပါရှိ၏။
18ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။ 19စစ်သူရဲတို့ကို ကြီးကြပ်အုပ်ချုပ်ရသူစစ်သူကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသော ဘုရင့်အတိုင်ပင်ခံအမတ်ငါးဦး၊ ပြည်သားတို့ထဲမှ စစ်သားရှာဖွေစုဆောင်းပေးရသူ စစ်စာရေးတော်ကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသောပြည်သူပြည်သားအယောက်ခြောက်ဆယ်တို့ကိုလည်း မြို့ထဲမှ ခေါ်ယူသွားလေ၏။ 20ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ထိုသူတို့ကို ရိဗလမြို့ရှိ ဘေဘီလုံဘုရင်ထံသို့ ခေါ်ဆောင်လာ၏။ 21ဘေဘီလုံဘုရင်သည် ထိုသူတို့ကို ဟာမတ်ပြည်၊ ရိဗလမြို့တွင် ဒဏ်ခတ်ကွပ်မျက်လေ၏။ ဤသို့ဖြင့် ယုဒလူမျိုးတို့သည် နေရင်းပြည်မှ ဖမ်းခေါ်သွားခြင်းခံရလေ၏။
ဂေဒလိအား ကြီးကြပ်သူအဖြစ်ခန့်ထားခြင်း
22ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးချန်ထားခဲ့သည့် ယုဒပြည်၌ကျန်ခဲ့သော လူတို့ကို အုပ်ချုပ်ရန် ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ခန့်ထား၏။ 23ဘေဘီလုံဘုရင်က ဂေဒလိကိုခန့်ထားကြောင်း တပ်အကြီးအကဲအပေါင်းတို့နှင့်သူ၏လူများ ကြားသိသောအခါ နေသနိ၏သားဣရှမေလ၊ ကာရာ၏သားယောဟနန်၊ နေတောဖာသိလူမျိုး တာနုမက်၏သားစရာယ၊ မာခါသိအမျိုးသားယာဇညာတို့သည် သူတို့၏လူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့ရောက်လာကြ၏။ 24ဂေဒလိကလည်း သူတို့နှင့်သူတို့၏လူများအား “ခါလဒဲလူမျိုးတို့ကို အစေခံရမည်ကို မကြောက်ကြနှင့်။ ဤပြည်၌ နေထိုင်ကြလော့။ ဘေဘီလုံဘုရင်ကို အစေခံကြလော့။ သို့ပြုလျှင် သင်တို့ကောင်းစားရလိမ့်မည်”ဟု ကျိန်ဆိုလေ၏။
25သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သားဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့သို့လာ၏။ သူတို့သည် ဂေဒလိအပါအဝင် ဂေဒလိနှင့်အတူနေသော ဂျူးလူမျိုးများနှင့် ခါလဒဲလူမျိုးများကိုပါ မိဇပါမြို့တွင် တိုက်ခိုက်သတ်ဖြတ်လေ၏။ 26ထိုအခါ စစ်တပ်အကြီးအကဲများအပါအဝင် လူကြီးလူငယ်အားလုံးတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်သဖြင့် ထ၍ အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြလေ၏။
ယောယခိမ်မင်းကြီးအား လွတ်ငြိမ်းခွင့်ပေးခြင်း
27ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့ ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းတက်သောနှစ်တွင် ယုဒဘုရင်ယောယခိမ်မင်းကြီးကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။ 28သူ့ကို ကောင်းမွန်စွာဆက်ဆံပြောဆိုပြီး သူ၏ပလ္လင်ကို ဘေဘီလုံမြို့ရှိ အခြားဘုရင်တို့၏ပလ္လင်ထက် ချီးမြှောက်ထား၏။ 29ဤသို့ဖြင့် ယောယခိမ်မင်းကြီးသည် ထောင်အဝတ်ကိုလဲ၍ သူအသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်ဘေဘီလုံဘုရင်ထံ၌ စားသောက်ခွင့်ရ၏။ 30သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ်စသည့် နေ့စဉ်လိုအပ်ချက်ကို ရှင်ဘုရင်သည် သူ့အား ပေးသနားလေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 25: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative