YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 4

4
မုဆိုးမ၏ဆီကို ပွားများစေခြင်း
1ပရောဖက်​အဖွဲ့သား​များ​၏​ဇနီး​သည်​များ​ထဲမှ အမျိုးသမီး​တစ်​ယောက်​က ဧလိရှဲ​အား “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခင်ပွန်း သေဆုံး​သွား​ပါ​ပြီ​။ အရှင့်​အစေအပါး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ကြောင်း​ကို အရှင်​သိ​ပါ​၏​။ ယခု​မှာ ကြွေးရှင်​က အကျွန်ုပ်​၏​သား​နှစ်​ဦး​ကို ကျွန်​အဖြစ် သိမ်းယူ​ဖို့ လာ​ပါ​ပြီ​”​ဟု အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။
2ထိုအခါ ဧလိရှဲ​က “​အကျွန်ုပ်​မည်သို့​ပြု​ပေး​ရ​မည်နည်း​။ သင့်​အိမ်​၌ မည်သည့်​ပစ္စည်း​ရှိ​သနည်း​။ ပြောပြ​ပါ​”​ဟု​ဆို​လျှင် ထို​မိန်းမ​က “​အရှင့်​အစေအပါး​၌ ဆီအိုး​တစ်​လုံး​မှလွဲ၍ တစ်အိမ်လုံး​တွင် မည်သည့်​ပစ္စည်း​မျှ မ​ရှိ​ပါ​”​ဟု ပြန်ပြော​၏​။
3ဧလိရှဲ​က​လည်း “​သင့်​ဝန်းကျင်​ရှိ​အိမ်နီးချင်း​အားလုံး​တို့​ထံသို့​သွား​၍ အိုး​ငှား​ခဲ့​ပါ​။ အိုး​လွတ်​တို့​ကို​ရ​နိုင်​သမျှ များများ​ငှား​ခဲ့​ပါ​။ 4ပြီးလျှင် သင်​နှင့်​သင့်​သား​တို့​သည် အထဲသို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီး ထို​အိုး​ရှိသမျှ​ထဲသို့ ဆီ​လောင်းထည့်​ပါ​။ ပြည့်​သော​အိုး​များ​ကို ဘေးဖယ်​ထား​ပါ​”​ဟု ဆို​၏​။ 5ထို့ကြောင့် သူ​သည် ဧလိရှဲ​ထံမှ​ပြန်သွား​၍ သား​တို့​နှင့်အတူ တံခါး​ကို​အထဲ​မှ​ပိတ်​ကာ သူ့​ထံ​ယူလာ​ပေး​သော​အိုး​များ​ထဲသို့ ဆီ​များ​ကို​လောင်းထည့်​၏​။ 6အိုး​များ​ပြည့်​သွား​သောအခါ သူ​က သား​အား “​နောက်ထပ်​အိုး​တစ်​လုံး​ယူ​ခဲ့​ပါ​”​ဟု​ဆို​လျှင် သူ့​သား​က “​အိုး​မ​ရှိ​တော့​ပါ​”​ဟု​ပြော​လိုက်​သည်​နှင့် ဆီ​များ​လည်း ရပ်သွား​လေ​၏​။
7ထို​မိန်းမ​သည် ဘုရားသခင်​၏​လူ​ထံသို့​လာ​၍​ပြောပြ​သောအခါ သူ​က “​ထို​ဆီ​များ​ကို သွား​ရောင်း​ပြီး အကြွေး​များ​ကို ဆပ်​ပါ​။ ကျန်​ငွေ​ကို သင်​နှင့်​သင့်​သား​တို့ အသက်မွေး​ဖို့ အသုံးပြု​ပါ​”​ဟု ဆို​၏​။
ဧည့်ဝတ်ကျေပွန်သောရှုနင်မြို့သူ
8တစ်နေ့တွင် ဧလိရှဲ​သည် ရှုနင်​မြို့​သို့​သွား​ရာ ထို​မြို့​ရှိ​ထင်ပေါ်​သော​အမျိုးသမီး​တစ်​ဦး​က သူ့​အား ဧည့်ခံ​ကျွေးမွေး​ရန် ခေါ်ဖိတ်​လေ​၏​။ နောင်တွင်​လည်း ဧလိရှဲ​သည် ထို​မြို့​သို့​ရောက်​လျှင် ထို​အမျိုးသမီး​အိမ်​သို့​ဝင်​၍ ရပ်နား​စားသောက်​လေ့​ရှိ​၏​။ 9ထို​အမျိုးသမီး​က မိမိ​ခင်ပွန်း​အား “​အကျွန်ုပ်​တို့​ထံ မကြာခဏ​ဝင်ထွက်​သွားလာ​သော​ဤ​သူ​သည် ဘုရားသခင်​၏​သန့်ရှင်း​သော​လူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏​။ 10ယခု ခေါင်မိုးပြင်​ပေါ်မှာ အိပ်ရာ​၊ စားပွဲ​၊ မီးအိမ်​ပါ​သော အခန်း​ငယ်​တစ်ခန်း​ကို သူ့​အဖို့ ဆောက်လုပ်​ကြ​စို့​။ အကျွန်ုပ်​တို့​ထံ​လာ​သောအခါ ထို​အခန်း​တွင် တည်းခို​နေ​ပါစေ​”​ဟု ဆို​၏​။
ရှုနင်မြို့သူ သားဖွားခြင်း
11တစ်နေ့တွင် ဧလိရှဲ​သည် ထို​အိမ်​သို့​ရောက်လာ​ပြီး အထက်ခန်း​သို့​တက်သွား​၍ လဲလျောင်း​နေ​၏​။ 12ထို့နောက် မိမိ​ငယ်သား​ဂေဟာဇိ​အား “​ထို​ရှုနင်​မြို့သူ​ကို ခေါ်လိုက်​ပါ​”​ဟု​ဆို​၏​။ ဂေဟာဇိ​ခေါ်​လိုက်​သဖြင့် ထို​အမျိုးသမီး​သည် ဧလိရှဲ​ရှေ့​၌ ရပ်​နေ​၏​။
13ထိုအခါ ဧလိရှဲ​က မိမိ​ငယ်သား​အား “​ထို​အမျိုးသမီး​ကို​ပြော​လော့​။ သင်​သည် ဤမျှလောက် ငါ​တို့​ကို​ဂရုတစိုက်​ပြုစု​၏​။ ငါ​တို့​က သင့်​အဖို့ မည်သို့​ပြု​ပေး​ရ​မည်နည်း​။ ရှင်ဘုရင်​ထံ​ဖြစ်စေ​၊ စစ်သူကြီး​ထံ​ဖြစ်စေ လျှောက်တင်​ပေး​စရာ တစ်စုံတစ်ခု​ရှိ​သလော”​ဟု မေး​စေ​လျှင် ထို​အမျိုးသမီး​က “​အကျွန်ုပ်​သည် အကျွန်ုပ်​လူမျိုး​များ​နှင့်အတူ နေ​ရ​သည်​ဖြစ်၍ လိုလေသေး​မ​ရှိ​ပါ​”​ဟု ပြန်လျှောက်​၏​။
14တစ်ဖန် ဧလိရှဲ​က ဂေဟာဇိ​အား “​သူ့​ကို မည်သို့​ပြု​ပေး​သင့်​သနည်း​”​ဟု မေးပြန်​လျှင် ဂေဟာဇိ​က “​သူ​၌ သား​မ​ရှိ​ပါ​။ ခင်ပွန်းသည်​လည်း အသက်ကြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။
15ဧလိရှဲ​က “​ထို​မိန်းမ​ကို ခေါ်လိုက်​ပါ​”​ဟု ဆို​သဖြင့် သူ့​ကို​ခေါ်​၍ သူ​သည် တံခါးဝ​၌ လာရပ်​နေ​၏​။ 16ထိုအခါ ဧလိရှဲ​က သူ့​အား “​နောက်နှစ် ဤ​အချိန်​တွင် သင်​သည် သား​ကို ချီပွေ့​ရ​လိမ့်မည်​”​ဟု ဆို​လျှင် သူ​က “​မ​ဖြစ်နိုင်​ပါ အကျွန်ုပ်​၏​သခင်​။ အို ဘုရားသခင်​၏​လူ​၊ အရှင့်​အစေအပါး​ကို မ​လှည့်စား​ပါ​နှင့်​”​ဟု ပြန်လျှောက်​၏​။
17သို့သော် ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သူ့​အား ဧလိရှဲ​ဆို​သည့်​အတိုင်း နောက်​နှစ် ထို​ရာသီ​ရောက်​သည့်အခါ သားယောက်ျား​ကို မွေးဖွား​လေ​၏​။
ရှုနင်မြို့သူ၏သား အသက်ပြန်ရှင်လာခြင်း
18သူငယ် ကြီးပြင်း​လာ​သောအခါ တစ်နေ့တွင် သူ​သည် ကောက်ရိတ်​သူ​များ​နှင့်အတူ​ရှိ​နေ​သော​ဖခင်​ထံသို့ လိုက်သွား​ပြီး 19ဖခင်​အား “​ခေါင်းကိုက်​၏​။ ခေါင်းကိုက်​၏​”​ဟု ဆို​သဖြင့် သူ့​ဖခင်​က ငယ်သား​အား “​သူ့​မိခင်​ထံ ချီသွား​ပါ​”​ဟု ဆို​၏​။ 20ထို့ကြောင့် ငယ်သား​က သူ့​ကို​ချီ​ပြီး သူ့​မိခင်​ထံ​ခေါ်သွား​ရာ သူငယ်​သည် မိခင်​၏​ပေါင်​ပေါ်တွင်​ထိုင်​လျက် မွန်းတည့်ချိန်​ရောက်​လျှင် သေဆုံး​သွား​လေ​၏​။ 21ထိုအခါ သူငယ်​၏​မိခင်​သည် အထက်ခန်း​သို့​တက်သွား​၍​သူငယ်​ကို ဘုရားသခင့်​လူ​၏​ခုတင်​ပေါ်တွင် ချထား​ခဲ့​ကာ တံခါးပိတ်​ပြီး ပြန်ဆင်း​သွား​၏​။
22ထို့နောက် မိမိ​ခင်ပွန်း​ကို​ခေါ်​၍ “​ငယ်သား​တစ်​ဦး​နှင့် မြည်း​တစ်​ကောင်​ကို အကျွန်ုပ်​ထံ ပို့ပေး​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​၏​လူ​ထံသို့ အမြန်သွား​ပြီး ပြန်လာ​ပါ​မည်​”​ဟု ဆို​၏​။
23ခင်ပွန်း​က​လည်း “​ယနေ့​သည် လဆန်းနေ့​လည်း​မ​ဟုတ်​။ ဥပုသ်နေ့​လည်း မ​ဟုတ်​။ အဘယ်ကြောင့် ယနေ့ သွား​လို​သနည်း​”​ဟု ဆို​လျှင် သူ့​မိန်းမ​က “​အဆင်ပြေ​ပါ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။
24ထို့နောက် မြည်း​ကို​ကုန်းနှီးတင်​ပြီးလျှင် မိမိ​ငယ်သား​အား “​မြည်း​ကို​နှင်​ပါ​။ ငါ​အမိန့်​မ​ပေး​ဘဲ အရှိန်​မ​လျှော့​ပါ​နှင့်​”​ဟု ဆို​၏​။ 25ထိုသို့ သူ​ထွက်သွား​၍ ဘုရားသခင်​၏​လူ​ရှိ​ရာ ကရမေလ​တောင်​ပေါ်သို့ ရောက်လာ​၏​။ ဘုရားသခင်​၏​လူ​သည် သူ့​ကို အဝေး​မှ​မြင်​လျှင် ငယ်သား​ဂေဟာဇိ​အား “​ကြည့်​ပါ​။ ရှုနင်​မြို့သူ လာ​နေ​ပါ​သည်​တကား​။ 26ချက်ချင်း ပြေးသွား​ပြီး သူ့​ကို​ကြို​ပါ​။ ‘​သင်​ကျန်းမာ​ပါ​၏​လော​။ သင်​၏​ခင်ပွန်းသည် ကျန်းမာ​ပါ​၏​လော​။ သား​လည်း ကျန်းမာ​ပါ​၏​လော​’​ဟူ၍ မေးမြန်း​နှုတ်ဆက်​ပါ​”​ဟု ဆို​၏​။ ထို​အမျိုးသမီး​က​လည်း “​ကျန်းမာ​ပါ​၏​”​ဟု ပြန်ပြော​ပြီး
27တောင်​ပေါ်ရှိ​ဘုရားသခင်​၏​လူ​ထံသို့​ရောက်​သည်​နှင့် သူ့​ခြေ​ကို​ဖက်​ထား​လေ​၏​။ ဂေဟာဇိ​သည် လာ​၍​သူ့​ကို​တွန်းဖယ်​မည်​ပြု​သောအခါ ဘုရားသခင်​၏​လူ​က “​သူ့​ကို လွှတ်ထား​လိုက်​ပါ​။ သူ​စိတ်သောက​ရောက်​နေ​၏​။ ထာဝရဘုရား​သည် ငါ့​အား မ​ဖော်ပြ​ဘဲ ထိန်ချန်​ထား​လေ​ပြီ​”​ဟု ဆို​၏​။
28ထို​အမျိုးသမီး​က​လည်း “​အကျွန်ုပ်​သည် အရှင့်​ထံ သား​ဆု​ကို​တောင်း​ခဲ့​ပါ​သလော​။ ‘အကျွန်ုပ်​ကို မ​လှည့်စား​ပါ​နှင့်​’​ဟု အရှင့်​ကို ဆို​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​လေ​၏​။
29ထိုအခါ ဧလိရှဲ​က ဂေဟာဇိ​အား “​သင့်​ခါး​ကို​စည်း​၍ ငါ့​တောင်ဝှေး​ကို​ယူ​ပြီး ပြေးသွား​လော့​။ လမ်း​တွင် တစ်ယောက်ယောက်​နှင့်​ဆုံ​လျှင် နှုတ်​မ​ဆက်​နှင့်​။ တစ်ယောက်ယောက်​က သင့်​ကို​နှုတ်ဆက်​လျှင်လည်း ပြန်​နှုတ်​မ​ဆက်​နှင့်​။ ငါ့​တောင်ဝှေး​ကို သူငယ်​မျက်နှာ​ပေါ်တွင် တင်​ထား​လော့​”​ဟု မှာကြား​၏​။ 30သို့သော် သူငယ်​၏​မိခင်​က “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​သည် အရှင့်​ကို လက်​မ​လွှတ်​ပါ​”​ဟု ဆို​သဖြင့် ဧလိရှဲ​သည် ထ​၍​သူ​နှင့်​လိုက်သွား​လေ​၏​။ 31ဂေဟာဇိ​သည် သူ​တို့​အလျင်​သွား​နှင့်​ပြီး သူငယ်​၏​မျက်နှာ​ပေါ်တွင် တောင်ဝှေး​ကို​တင်​ထား​၏​။ သို့သော် သူငယ်​ထံမှ မည်သည့်​အသံ​မျှ မ​ထွက်​၊ မည်သည့်​တုံ့ပြန်မှု​မျှ မ​ရှိ​။ ထို့ကြောင့် ဂေဟာဇိ​က ဧလိရှဲ​ကို ပြန်လာ​ကြို​ပြီး “​သူငယ် မ​နိုး​ပါ​”​ဟု ဆို​၏​။ 32အိမ်​ထဲသို့ ဧလိရှဲ​ရောက်​သောအခါ ခုတင်​ပေါ်တွင် သူငယ်​လဲလျောင်း​သေဆုံး​နေ​သည်​ကို တွေ့​ရ​၏​။ 33ဧလိရှဲ​သည် အခန်း​ထဲသို့​ဝင်​ပြီး သူ​တို့​နှစ်​ယောက်​ထဲ​သာ​ရှိ​သော ထို​အခန်း​၏​တံခါး​ကို​ပိတ်​ကာ ထာဝရဘုရား​ထံ ဆုတောင်း​လေ​၏​။ 34ထို့နောက် သူငယ်​ပေါ်တွင် နှုတ် နှုတ်​ချင်း​၊ မျက်လုံး မျက်လုံး​ချင်း​၊ လက် လက်​ချင်း ထပ်​ပြီး လှဲအိပ်​လေ​၏​။ ထိုသို့ သူငယ်​ပေါ်တွင် ကိုယ်​ကို မှောက်​၍​နေ​သောအခါ သူငယ်​၏​ကိုယ်​မှာ နွေးလာ​၏​။ 35ထို့နောက် ဧလိရှဲ​သည် ထ​၍​အခန်း​ထဲတွင် ခေါက်တုံ့ခေါက်ပြန်​လျှောက်​၏​။ တစ်ဖန် သူငယ်​ပေါ် ပြန်၍​မှောက်​နေ​သောအခါ သူငယ်​သည် ခုနစ်​ကြိမ်​နှာချေ​ပြီး မျက်လုံး​ပွင့်လာ​၏​။ 36ထိုအခါ ဧလိရှဲ​က ဂေဟာဇိ​ကို​ခေါ်​၍ “​ထို​ရှုနင်​မြို့သူ​ကို ခေါ်လိုက်​ပါ​”​ဟု ဆို​သည့်​အတိုင်း သူ့​ကို​ခေါ်​၍ သူ​ရောက်လာ​လျှင် ဧလိရှဲ​က သူ့​အား “​သင့်​သား​ကို ချီယူ​သွား​ပါ​”​ဟု ဆို​၏​။ 37ထို​အမျိုးသမီး​သည် ဧလိရှဲ​ခြေရင်း​တွင် လာ​၍​ပျပ်ဝပ်​ပြီးလျှင် သူ့​သား​ကို​ပွေ့ချီ​၍ ထွက်သွား​လေ​၏​။
သေစေနိုင်သောဟင်း
38ဧလိရှဲ​သည် ဂိလဂါလ​မြို့​သို့​ပြန်လာ​ရာ ထို​တိုင်းပြည်​တွင်​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဆိုက်ရောက်​နေ​၏​။ ပရောဖက်​အဖွဲ့သား​တို့​သည် သူ့​ရှေ့​၌ လာထိုင်​နေ​သဖြင့် ဧလိရှဲ​က မိမိ​ငယ်သား​အား “​အိုး​ကြီး​တစ်​လုံး​တည်​၍ ပရောဖက်​အဖွဲ့သား​တို့​အား ဟင်းချက်ကျွေး​ပါ​”​ဟု ဆို​၏​။ 39ပရောဖက်​တစ်​ပါး​က ဟင်းသီးဟင်းရွက်​ခူး​ရန် လယ်တော​သို့​သွား​သောအခါ ဘူးရိုင်းပင်​ကို​တွေ့​သဖြင့် ဘူးအရိုင်းသီး​များ​ကို​ခူး​၍ မိမိ​အဝတ်​နှင့်​အပြည့်​ထုပ်​ပြီး ပြန်လာ​ခဲ့​၏​။ ထို့နောက် ထို​အသီး​ကို လှီး​ပြီး အိုး​ထဲ​ထည့်ချက်​သော်လည်း မည်သည့်​အသီး​ဖြစ်​သည်​ကို သူ​တို့ မ​သိ​ကြ​။
40လူ​တို့​စား​ဖို့​ရန် ထို​ဟင်း​ကို ခပ်ထည့်ပေး​၍ စား​ကြ​သောအခါ လူ​တို့​က “​အို ဘုရားသခင်​၏​လူ​၊ ထို​အိုး​ထဲမှ​ဟင်း​သည် သေ​စေ​နိုင်​၏​”​ဟု အော်​ပြော​ကြ​ပြီး မ​စား​ဝံ့​ဘဲ​နေ​လေ​၏​။
41ထိုအခါ ဧလိရှဲ​က “​မုန့်ညက်​အနည်းငယ် ယူ​ခဲ့​ပါ​”​ဟု​ဆို​ပြီး အိုး​ထဲသို့​ထည့်​လိုက်​၏​။ ထို့နောက် “​လူ​တို့​စား​ဖို့ ခပ်ထည့်​ပေး​လော့​”​ဟု ဆို​လျှင် အိုး​ထဲမှ​ဟင်း​သည် ဘေး​မ​ဖြစ်စေ​တော့​ချေ​။
မုန့်ကိုပွားများစေခြင်း
42ထို့နောက် ဗာလရှလိရှ​မြို့​မှ​လူ​တစ်​ဦး​သည် မုယော​အသီးဦး​ဖြင့်​လုပ်​ထား​သော​မုယော​မုန့်​အလုံး​နှစ်ဆယ်​နှင့် အသီးအနှံ​တို့​ကို အိတ်​ထဲ​ထည့်​၍ ဘုရားသခင်​၏​လူ​ထံ ယူဆောင်​လာ​၏​။ ဧလိရှဲ​က​လည်း “​လူ​တို့​စား​ဖို့ ပေး​လော့​”​ဟု ဆို​၏​။
43ထိုအခါ သူ​၏​ငယ်သား​က “​ဤမျှ​လောက်​နှင့် လူ​အယောက်​တစ်ရာ​ကို မည်သို့​ကျွေး​နိုင်​ပါ​မည်နည်း​”​ဟု မေး​လျှင် ဧလိရှဲ​က “​လူ​တို့​စား​ဖို့ ပေး​လော့​။ ထာဝရဘုရား​က ‘​သူ​တို့​စား​ဖို့​လောက်​သည့်​အပြင် အကြွင်းအကျန်​လည်း ရှိ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ 44ထို့ကြောင့် လူ​တို့​အား ချကျွေး​ရာ သူ​တို့​စား​ပြီး​သောအခါ ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း အကြွင်းအကျန်​များ​လည်း ရှိ​သေး​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်စတုတ္ထစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ