YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာဒုတိယစောင် 1

1
နှုတ်ခွန်းဆက်ခြင်း
1ခရစ်တော်​ယေရှု​၌​တည်ရှိ​သော အသက်​နှင့်ဆိုင်သည့်​ကတိ​တော်​အတိုင်း ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် 2ချစ်​သား​တိမောသေ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​သခင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။
ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်အားပေးတိုက်တွန်းခြင်း
3ငါ​သည် နေ့​ရော​ည​ပါ​ဆုတောင်း​သောအခါ သင့်​အကြောင်း​ကို အမြဲမပြတ်​သတိရ​လျက် စင်ကြယ်​သော​အသိစိတ်​ဖြင့် ဘိုးဘေး​တို့​လက်ထက်​က​ပင် ဝတ်ပြု​လာ​ခဲ့​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ 4ငါ​သည် သင်​၏​မျက်ရည်​များ​ကို​အောက်မေ့​သဖြင့် ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​မည့်​အကြောင်း သင်​နှင့်​တွေ့​နိုင်​ရန်​တောင့်တ​နေ​၏။ 5သင်​၌​ရှိ​သည့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​ကို​လည်း ငါ​သတိရ​၏။ ထို​ယုံကြည်​ခြင်း​သည် သင်​၏​အဖွား​လောဣ​နှင့် သင်​၏​မိခင်​ဥနိတ်​တို့​၌ ဦးစွာ​တည်ရှိ​၍ ယခု သင်​၌​လည်း တည်ရှိ​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။ 6ထို့ကြောင့် ငါ​လက်​တင်​သော​အားဖြင့် သင်​ရရှိ​သော​ဘုရားသခင်​၏​ဆု​ကျေးဇူး​ကို ပြန်လည်​လှုံ့ဆော်​ရန် သင့်​ကို ငါ​သတိပေး​၏။ 7အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​အား ကြောက်​တတ်​သော​ဝိညာဉ်​ကို ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တန်ခိုး၊ ချစ်​ခြင်း​မေတ္တာ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​တို့​နှင့်ဆိုင်သော​ဝိညာဉ်​ကို ပေး​တော်မူ​၏။
ကောင်းမြတ်သောသတင်းအတွက်ရှက်ကြောက်ခြင်းမရှိ
8ထို့ကြောင့် ငါ​တို့​၏​သခင်​ဘုရား​အကြောင်း သက်သေခံ​သည်​ကို​လည်းကောင်း၊ ငါ​သည် ကိုယ်တော်​အတွက် အကျဉ်းသား​ဖြစ်​သည်​ကို​လည်းကောင်း ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။ 9ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၍ သန့်ရှင်း​သော​ခေါ်ယူ​ခြင်း​ဖြင့် ငါ​တို့​ကို​ခေါ်ယူ​တော်မူ​သည်​မှာ ငါ​တို့​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​၏​အကြံအစည်​တော်​ကြောင့်​ဖြစ်​ပြီး ရှေး​ကာလ​များ​မတိုင်မီ​က​ပင် ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား​ပေး​တော်မူ​သော​ကျေးဇူး​တော်​ကြောင့်​ဖြစ်​၏။ 10ထို​ကျေးဇူး​တော်​သည် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု ပေါ်ထွန်း​တော်မူ​ခြင်း​အားဖြင့် ယခု​ထင်ရှား​လေ​ပြီ။ ခရစ်တော်​သည် သေ​ခြင်း​ကို​ပယ်ဖျက်​၍ အသက်​နှင့်တကွ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို ကောင်းမြတ်​သော​သတင်း​အားဖြင့် အလင်း​သို့​ယူဆောင်​လာ​၏။ 11ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​အတွက် သံတော်ဆင့်​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း၊ ဆရာ​အဖြစ်​လည်းကောင်း ခန့်အပ်​ထား​ခြင်း​ခံရ​၏။ 12ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။
ယုံကြည်ခြင်း၌သစ္စာရှိရန် အားပေးတိုက်တွန်းခြင်း
13သင်​သည် ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ဖြင့် ငါ့​ထံမှ​ကြားနာ​ရ​သော မှန်ကန်​ပြည့်စုံ​သည့်​တရား​စကား​များ​ကို စံနမူနာ​အဖြစ်​စွဲကိုင်​ထား​လော့။ 14သင်​၌​အပ်​ထား​သည့် ကောင်းမြတ်​သော​အရာ​ကို ငါ​တို့​၌​ကိန်းဝပ်​တော်မူ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် စောင့်ရှောက်​လော့။
15သင်​သိ​ထား​သည့်​အတိုင်း အာရှ​ပြည်​၌​ရှိ​သော​သူ​အားလုံး​တို့​သည် ငါ့​ကို​စွန့်ပယ်​ကြ​ပြီ။ ထို​သူ​တို့​တွင် ဖုဂေလု​နှင့်​ဟေရမောဂင်​တို့​လည်း​ပါ​၏။
16သခင်​ဘုရား​သည် ဩနေသိဖော်​၏​မိသားစု​အပေါ် ကရုဏာ​သက်​တော်မူ​ပါစေသော။ အဘယ်ကြောင့်​ဆိုသော် သူ​သည် ငါ့​ကို အကြိမ်ကြိမ်​နှစ်သိမ့်​လန်းဆန်း​စေ​ပြီး သံကြိုး​ဖြင့် ငါ​ချည်နှောင်​ထား​ခြင်း​ခံရ​သည်​ကို ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ 17ရောမ​မြို့​သို့ သူ​ရောက်​စဉ်​က ငါ့​ကို​ကြိုးစားပမ်းစား​ရှာ​၍ ငါ​နှင့်​တွေ့​ခဲ့​၏။ 18ထို​နေ့ရက်​၌ သခင်​ဘုရား​ထံ​တော်​မှ ကရုဏာ​တော်​ခံစား​ရ​သော​အခွင့်​ကို သခင်​ဘုရား​သည် သူ့​အား​ပေး​တော်မူ​ပါစေသော။ ဧဖက်​မြို့​၌​ရှိ​စဉ်​က​လည်း သူ​သည် ငါ့​ကို မည်မျှ​လုပ်ကျွေး​ပြုစု​ခဲ့​သည်​ကို သင်​ကောင်းစွာ​သိ​၏။

လက်ရှိရွေးချယ်ထားမှု

တိမောသေဩဝါဒစာဒုတိယစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။