YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာဒုတိယစောင် 2

2
ကျေးဇူးတော်အားဖြင့်ခိုင်ခံ့ခြင်းရှိရန် တိုက်တွန်းခြင်း
1သို့ဖြစ်၍ ငါ့​သား၊ သင်​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော ကျေးဇူး​တော်​အားဖြင့် ခွန်အား​နှင့်​ပြည့်စုံ​လော့။ 2များစွာ​သော​သက်သေ​တို့​ရှေ့၌ ငါ့​ထံမှ ကြားနာ​ရ​သော​အရာ​တို့​ကို အခြား​သူ​တို့​အား​လည်း သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သည့် သစ္စာရှိ​သော​သူ​တို့​၌ ပေး​အပ်​လော့။ 3ခရစ်တော်​ယေရှု​၏​စစ်သား​ကောင်း​တစ်​ဦး​အဖြစ် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။ 4စစ်မှုထမ်း​သော​သူ​သည် စစ်သား​အရာ​၌ မိမိ​ကို​ခန့်ထား​သော​သူ​အား နှစ်သက်​စေရန် စားဝတ်နေရေး​ကိစ္စ​များ​နှင့် ပတ်သက်​ရှုပ်ထွေး​ခြင်း​မ​ရှိ​တတ်။ 5မည်သူမဆို အားကစား​ပြိုင်ပွဲ​ကို​ယှဉ်ပြိုင်​သောအခါ စည်းမျဉ်း​စည်းကမ်း​နှင့်အညီ မ​ယှဉ်ပြိုင်​ပါက သရဖူ​ကို​ရ​မည်​မ​ဟုတ်။ 6ကြိုးစား​လုပ်ဆောင်​သော​ခြံသမား​သည် အသီးအနှံ​များ​၏​အဦးဆုံး​သော​ဝေစု​ကို ခံစား​သင့်​၏။ 7ငါ​ပြောဆို​သော​အရာ​ကို ဆင်ခြင်​လော့။ သခင်​ဘုရား​သည် အရာ​ခပ်သိမ်း​တို့​၌ သင့်​အား ဉာဏ်စွမ်း​ကို​ပေး​တော်မူ​လိမ့်မည်။
8ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​အရ ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​ပေါ်ထွန်း​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော ယေရှု​ခရစ်တော်​ကို သတိရ​လော့။ 9ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် ရာဇဝတ်သား​ပမာ ချည်နှောင်​ခြင်း​ခံရ​သည့်​တိုင်အောင် ဆင်းရဲ​ဒုက္ခ​ကို​ခံရ​၏။ သို့သော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ချည်နှောင်​ခြင်း​ခံရ​သည်​မ​ဟုတ်။ 10ထို့ကြောင့် ရွေးကောက်​ခံရ​သော​သူ​တို့​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော​ကယ်တင်​ခြင်း​ကို ထာဝရ​ဘုန်း​အသရေ​နှင့်တကွ ရရှိ​နိုင်​မည့်​အကြောင်း ငါ​သည် သူ​တို့​အတွက် အရာရာ​ကို​သည်းခံ​၏။
11အောက်ပါ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ငါ​တို့​သည် ကိုယ်တော်​နှင့်အတူ​သေ​လျှင် ကိုယ်တော်​နှင့်အတူ​အသက်ရှင်​ကြ​လိမ့်မည်။ 12ငါ​တို့​သည် သည်းခံ​လျှင် ကိုယ်တော်​နှင့်အတူ​စိုးစံ​ရ​ကြ​လိမ့်မည်။ ကိုယ်တော်​ကို​ငြင်းပယ်​မည်​ဆိုလျှင် ကိုယ်တော်​သည်​လည်း ငါ​တို့​ကို​ငြင်းပယ်​တော်မူ​လိမ့်မည်။ 13ငါ​တို့​သည် သစ္စာ​မ​ရှိ​လျှင်​လည်း ကိုယ်တော်​၏​သစ္စာ​တော်​သည် တည်မြဲ​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​သည် မိမိကိုယ်ကို​မ​ငြင်းပယ်​နိုင်။
ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချရသူ
14ဤ​အကြောင်းအရာ​များ​ကို သူ​တို့​အား သတိပေး​နှိုးဆော်​လော့။ မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ကြားနာ​သော​သူ​တို့​ကို ပျက်စီး​စေ​သည့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​ကို​မ​ပြု​ကြ​ရန် ဘုရားသခင်​ရှေ့​တော်​၌ သူ​တို့​ကို အလေးအနက်​တိုက်တွန်း​လော့။ 15သင်​သည် ဘုရားသခင်​ရှေ့​တော်​၌ ယုံကြည်​စိတ်ချ​ရ​သူ​တည်းဟူသော သမ္မာတရား​၏​နှုတ်ကပတ်တော်​ကို မှန်ကန်​စွာ​ပိုင်းခြား​တတ်​သည့် ရှက်ကြောက်​စရာ​မ​ရှိ​သော​လုပ်သား​တစ်​ဦး​အဖြစ် မိမိကိုယ်ကို​ဆက်သ​နိုင်​ရန် ကြိုးစား​လော့။ 16သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သော အချည်းနှီး​စကား​များ​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ၎င်း​တို့​သည် ဘုရား​တရား​မဲ့​ခြင်း​ကို ပို၍​တိုးပွား​စေ​တတ်​၏။ 17သူ​တို့​၏​စကား​သည် မြစ်ပွားနာ​ကဲ့သို့​ပျံ့နှံ့​သွား​လိမ့်မည်။ ထို​သူ​တို့​ထဲတွင် ဟုမေနဲ​နှင့်​ဖိလက်​တို့​ပါ​၏။ 18သူ​တို့​သည် သမ္မာတရား​လမ်း​မှ​လွဲချော်​၍ သေ​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည် ဖြစ်ပျက်​ခဲ့​လေ​ပြီ​ဟု​ဆို​လျက် အချို့​သော​သူ​တို့​၏​ယုံကြည်​ခြင်း​ကို ချွတ်ချော်​လွဲမှား​စေ​ကြ​၏။ 19သို့ရာတွင် ဘုရားသခင်​၏​ခိုင်ခံ့​သော​အုတ်မြစ်​သည် တည်မြဲ​လျက်​ရှိ​၍ ထို​အုတ်မြစ်​ပေါ်၌ “ထာဝရ​ဘုရား​သည် မိမိ​လူ​တို့​ကို သိ​တော်မူ​၏”​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​သော​သူ​တိုင်း မတရားမှု​မှ​ဖယ်ခွာ​ကြ​လော့”​ဟူ၍​လည်းကောင်း တံဆိပ်​ခတ်နှိပ်​ထား​၏။
20ကြီးမား​သော​အိမ်​၌ ရွှေ​ငွေ​ဖြင့်​ပြုလုပ်​ထား​သော အိုးခွက်​များ​သာမက သစ်သား​နှင့်​မြေကြီး​တို့​ဖြင့်​ပြုလုပ်​ထား​သော အိုးခွက်​များ​လည်း​ရှိ​၍ အချို့​တို့​ကို အသရေ​ရှိ​သော​အရာ​အတွက်​သုံး​လျက် အချို့​တို့​ကို အသရေ​မ​ရှိ​သော​အရာ​အတွက်​သုံး​ကြ​၏။ 21သို့ဖြစ်၍ မည်သူမဆို အထက်​ဖော်ပြ​ပါ မကောင်း​သော​အရာ​များ​မှ မိမိကိုယ်ကို​စင်ကြယ်​စေ​လျှင် သူ​သည် အသရေ​ရှိ​သော​အရာ​အတွက် သုံး​ရန်​အိုးခွက်​တည်းဟူသော သန့်ရှင်း​စေ​ခြင်း​ခံရ​၍ သခင်​အတွက် အသုံးဝင်​သော​အိုးခွက်၊ ကောင်း​သော​အမှု​အားလုံး​အတွက် ပြင်ဆင်​ခြင်း​ခံရ​သော​အိုးခွက်​ဖြစ်​ရ​လိမ့်မည်။
22ထို့ကြောင့် သင်​သည် လူငယ်​တို့​၏​တပ်မက်​ခြင်း​များ​ကို​ရှောင်​၍ စင်ကြယ်​သော​စိတ်နှလုံး​ဖြင့် သခင်​ဘုရား​ကို​ပတ္ထနာ​ပြု​သော​သူ​တို့​နှင့်အတူ ဖြောင့်မတ်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် ငြိမ်သက်​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။ 23မိုက်မဲ​၍ ပညာမဲ့​သော​အငြင်းပွား​မှု​မူကား ခိုက်ရန်​ဖြစ်ပွား​စေ​တတ်​သည်​ဟု သိမှတ်​လျက် ရှောင်ရှား​လော့။ 24သခင်​ဘုရား​၏​အစေအပါး​သည် ခိုက်ရန်​မ​ဖြစ်​ရ။ သူ​သည် လူ​အပေါင်း​တို့​အပေါ် ဖြည်းညင်း​သော​သဘော​ရှိ​၍ သင်ကြား​ပေး​နိုင်​စွမ်း​ရှိ​သော​သူ၊ မတရား​သဖြင့်​ခံရ​ခြင်း​ကို သည်းခံ​တတ်​သော​သူ​ဖြစ်​ပြီး 25ဆန့်ကျင်ဘက်​ပြု​သော​သူ​တို့​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ဆုံးမ​သွန်သင်​ရ​မည်။ သို့ပြုလျှင် ဘုရားသခင်​သည် သူ​တို့​အား နောင်တရ​သော​အခွင့်​ကို​ပေး​တော်မူ​သဖြင့် သူ​တို့​သည် သမ္မာတရား​ကို​သိရှိ​လာ​ကာ 26မာရ်နတ်​က သူ့​အလို​အတိုင်း​ပြု​စေရန် သူ​တို့​ကို​ဖမ်းဆီး​ထား​သော်လည်း သူ​တို့​သည် မာရ်နတ်​၏​ကျော့ကွင်း​မှ လွတ်မြောက်​၍ အမြင်မှန်​ရ​ကောင်း​ရ​ကြ​လိမ့်မည်။

လက်ရှိရွေးချယ်ထားမှု

တိမောသေဩဝါဒစာဒုတိယစောင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ