YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာဒုတိယစောင် 3

3
နောက်ဆုံးသောနေ့ရက်တို့၌ကျရောက်မည့် ခဲယဉ်းသောအချိန်ကာလများ
1သို့သော် နောက်ဆုံး​သော​နေ့ရက်​တို့​၌ ခဲယဉ်း​သော​အချိန်​ကာလ​များ​ကျရောက်​မည်​ဖြစ်​ကြောင်း သိမှတ်​လော့။ 2အကြောင်းမူကား လူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်​သော​သူ၊ ငွေ​ကို​တပ်မက်​သော​သူ၊ ကြွားဝါ​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ စော်ကား​ပြောဆို​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ ကျေးဇူး​မ​သိ​သော​သူ၊ မ​သန့်ရှင်း​သော​သူ၊ 3ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ ရန်ငြိုး​ဖွဲ့​သော​သူ၊ ကုန်းချော​တတ်​သော​သူ၊ မိမိ​စိတ်​ကို​မချုပ်တည်း​နိုင်​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ ကောင်း​သော​အမှု​ကို​မုန်း​သော​သူ၊ 4သစ္စာဖောက်​သော​သူ၊ မဆင်မခြင်​ပြု​သော​သူ၊ မောက်မာ​သော​သူ၊ ဘုရားသခင်​ကို​နှစ်သက်​သည်​ထက် ကာမဂုဏ်​ခံစား​ခြင်း​ကို သာ၍​နှစ်သက်​သော​သူ၊ 5ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။
6အကြောင်းမူကား သူ​တို့​ထဲမှ အချို့​တို့​သည် အိမ်​များ​သို့ မသိမသာ​ဝင်​ပြီးလျှင် တပ်မက်​ခြင်း​အမျိုးမျိုး​၏​သွေးဆောင်​ရာ​သို့​လိုက်ပါ​လျက် အပြစ်​ကို​ထပ်တလဲလဲ​ပြု​နေ​သော မိန်းမမိုက်​များ​ကို သိမ်းသွင်း​ကြ​၏။ 7ထို​မိန်းမ​တို့​သည် အမြဲ​သင်ယူ​နေ​ကြ​သော်လည်း မည်သည့်​အခါ​မျှ သမ္မာတရား​ကို​သိရှိ​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။ 8ယန္နေ​နှင့်​ယံဗြေ​တို့​သည် မောရှေ​ကို​ဆန့်ကျင်​ခဲ့​သည့်​နည်းတူ ထို​သူ​တို့​သည်​လည်း သမ္မာတရား​ကို​ဆန့်ကျင်​ကြ​၏။ သူ​တို့​သည် စိတ်နှလုံး​ပျက်စီး​ယိုယွင်း​လျက် ယုံကြည်​ခြင်း​အရာ​၌ ကျရှုံး​သော​သူ​များ​ဖြစ်​ကြ​၏။ 9သူ​တို့​သည် နောက်ထပ်​တိုး​၍ တက်လှမ်း​နိုင်​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား သူ​တို့​၏​မိုက်မဲ​မှု​သည် ထို​သူ​နှစ်​ဦး​တို့​၏​မိုက်မဲ​မှု​ကဲ့သို့ လူ​အပေါင်း​တို့​ရှေ့၌ ပေါ်လွင်​ထင်ရှား​လာ​လိမ့်မည်။
သမ္မာကျမ်းစာပေးသောအကျိုးကျေးဇူး
10သို့သော် သင်​သည် ငါ​၏​သွန်သင်​ချက်၊ အသက်ရှင်​နေထိုင်​မှု၊ အကြံအစည်၊ ယုံကြည်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌​လည်းကောင်း၊ 11အန္တိအုတ်​မြို့၊ ဣကောနိ​မြို့​နှင့် လုတ္တရ​မြို့​တို့​တွင် ငါ့​အပေါ်​ကျရောက်​ခဲ့​သည့် ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေဒနာ​တို့​၌​လည်းကောင်း ထက်ကြပ်မကွာ​ပါရှိ​ခဲ့​၏။ ထိုကဲ့သို့သော ညှဉ်းဆဲ​ခြင်း​များ​ကို ငါ​ခံရ​သော်လည်း သခင်​ဘုရား​သည် ထို​အရာ​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏။ 12အမှန်စင်စစ် ခရစ်တော်​ယေရှု​အားဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​စွာ​အသက်ရှင်​ရန် အလို​ရှိ​သော​သူ​အားလုံး​တို့​သည် ညှဉ်းဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်။ 13ဆိုးညစ်​သော​သူ​တို့​နှင့် လိမ်လည်​လှည့်ဖြား​သော​သူ​တို့​သည် သူတစ်ပါး​ကို​လှည့်ဖြား​လျက် လှည့်ဖြား​ခြင်း​ကို​လည်း​ခံရ​လျက် ပို၍​ဆိုးရွား​သော​အဖြစ်​သို့ ကျဆင်း​သွား​ကြ​လိမ့်မည်။ 14သင်​မူကား မိမိ​သင်ယူ​၍ အခိုင်အမာ​ယုံကြည်​သည့်​အရာ​များ​၌ တည်​နေ​လော့။ အဘယ်ကြောင့်​ဆိုသော် သင်​သည် ထို​အရာ​တို့​ကို မည်သူ​တို့​ထံမှ သင်ယူ​ခဲ့​သည်​ကို​လည်းကောင်း၊ 15ခရစ်တော်​ယေရှု​ကို​ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​သို့​ရောက်​စေ​သည့်​ဉာဏ်ပညာ​ကို သင့်​အား​ပေး​နိုင်​သော​သမ္မာ​ကျမ်းစာ​နှင့် သင်​သည်​ငယ်ရွယ်​စဉ်​ကပင် ရင်းနှီး​ကျွမ်းဝင်​ခဲ့​သည်​ကို​လည်းကောင်း သင်​သိ​၏။ 16ကျမ်းစာ​ထဲ၌​ရေး​ထား​သမျှ​တို့​သည် ဘုရားသခင်​မှုတ်သွင်း​တော်မူ​သော​အားဖြင့်​ဖြစ်၍ ဩဝါဒ​ပေး​ခြင်း​အတွက်​လည်းကောင်း၊ အပြစ်​ကို​ဖော်ပြ​ခြင်း​အတွက်​လည်းကောင်း၊ အမှား​ကို​ပြုပြင်​ခြင်း​အတွက်​လည်းကောင်း၊ ဖြောင့်မတ်​ခြင်း​၌ ဆုံးမ​ပဲ့ပြင်​ခြင်း​အတွက်​လည်းကောင်း အကျိုးကျေးဇူး​ရှိ​၏။ 17ဤသည်ကား ဘုရားသခင်​၏​လူ​သည် ကောင်း​သော​အမှု​အမျိုးမျိုး​အတွက် အသင့်​ပြင်ဆင်​ခြင်း​ခံရ​လျက် ပြည့်ဝ​စုံလင်​သော​သူ​ဖြစ်​မည့်​အကြောင်း​တည်း။

လက်ရှိရွေးချယ်ထားမှု

တိမောသေဩဝါဒစာဒုတိယစောင် 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ