YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 1:13-18

ဒေသနာကျမ်း 1:13-18 MSBU

ငါ​သည် မိုးကောင်းကင်​အောက်​၌​ပြု​သမျှ​သော​အရာ​တို့​ကို ဉာဏ်ပညာ​အားဖြင့် ရှာဖွေ​ရန်​နှင့်​စူးစမ်း​ရန် ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​၏​။ ၎င်း​မှာ လူ​သား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။ နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​အားလုံး​ကို ငါ​မြင်​၏​။ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ ကောက်​သော​အရာ​ကို မ​ဖြောင့်​စေ​နိုင်​။ လို​နေ​သော​အရာ​ကို​လည်း မ​ရေတွက်​နိုင်​။ “​ကြည့်ရှု​လော့​။ ငါ​သည် ငါ့​ထက်​အလျင် ဂျေရုဆလင်​မြို့​၌​ရှိ​ခဲ့​သော​သူ​အားလုံး​တို့​ထက်​ကြီးမြတ်​၍ ဉာဏ်ပညာ​အရာ​၌​လည်း​တိုးပွား​၏​။ ငါ​၏​စိတ်နှလုံး​သည်​လည်း များစွာ​သော​ဉာဏ်ပညာ​နှင့် အသိပညာ​တို့​ကို​မြင်တွေ့​ပြီ​”​ဟု ငါ့​စိတ်နှလုံး​ထဲ၌ ငါ​မြွက်ဆို​၏​။ တစ်ဖန် ဉာဏ်ပညာ​ကို​သိမြင်​ရန်​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို သိမြင်​ရန်​လည်းကောင်း ငါ​၏​စိတ်နှလုံး​ကို​မြှုပ်နှံ​ထား​၏​။ ထို​အမှုအရာ​သည်​လည်း လေ​ကို လိုက်ဖမ်း​ခြင်း​ပင်​ဖြစ်ကြောင်း ငါ​သိမြင်​၏​။ အကြောင်းမူကား ဉာဏ်ပညာ​များပြား​သောအခါ ပူဆွေး​ခြင်း​လည်း များပြား​၏​။ အသိပညာ​တိုးပွား​သောအခါ ဒုက္ခဝေဒနာ​လည်း တိုးပွား​၏​။