YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 3

3
လူမျိုးခြားတို့အတွက် ပေါလု၏အမှုတော်လုပ်ငန်း
1ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။ 2သင်​တို့​အတွက် ငါ့​အား​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် စီမံ​ခန့်ခွဲ​မှု​ကို သင်​တို့​ကြားသိ​ကြ​သည်​ဟု ငါ​ယူဆ​၏။ 3အထက်​က အကျဉ်း​မျှ ငါ​ရေး​ထား​သည့်​အတိုင်း ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဗျာဒိတ်​တော်​အားဖြင့် ငါ့​အား​သိ​စေ​တော်မူ​၏။ 4၎င်း​ကို​ဖတ်​လျှင် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​မည်သို့​တတ်သိ​နားလည်​ထား​သည်​ကို သင်​တို့​သိ​နိုင်​ကြ​၏။ 5ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​၏​သန့်ရှင်း​သော​တမန်တော်​များ​နှင့်​ပရောဖက်​များ​အား ဝိညာဉ်​တော်​အားဖြင့် ယခု​ဖွင့်ပြ​တော်မူ​သကဲ့သို့ အခြား​သော​ခေတ်​ကာလ​များ​၌ လူသား​တို့​အား သိ​စေ​တော်​မ​မူ​ခဲ့​ပေ။ 6ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ လူမျိုးခြား​တို့​သည် ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ အတူတကွ​အမွေ​ဆက်ခံ​သူ​များ၊ တစ်ခုတည်း​သော​ကိုယ်ခန္ဓာ​၌​ပါဝင်​သူ​များ​၊ ကတိ​တော်​ကို​အတူတကွ​ခံစား​သူ​များ​ဖြစ်​ကြ​ခြင်း​ပေ​တည်း။
7တန်ခိုး​တော်​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ့​အား​ပေးအပ်​ထား​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ဆိုင်ရာ​ကောင်းချီး​လက်ဆောင်​နှင့်အညီ ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော အမှု​တော်​ဆောင်​ဖြစ်လာ​၏။ 8သန့်ရှင်း​သူ​အားလုံး​တို့​တွင် အငယ်ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော​ငါ့​အား ဤ​ကျေးဇူး​တော်​ကို​ပေးအပ်​တော်မူ​ခြင်း​မှာ ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်​သော ခရစ်တော်​၏​ကြွယ်ဝ​မှု​ကို လူမျိုးခြား​တို့​အား​ဟောပြော​စေရန်​နှင့် 9အရာ​ခပ်သိမ်း​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​၌ ရှေး​ကာလ​များ​မှစ၍ ဝှက်​ထား​ခြင်း​ခံရ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​နှင့်ဆိုင်သော စီမံ​ခန့်ခွဲ​မှု​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို လူ​အပေါင်း​တို့​တွင် သိသာ​ထင်ရှား​စေရန်​ဖြစ်​၏။ 10-11ဤသည်ကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌ ပြီးပြည့်စုံ​သော​ထာဝရ​အကြံအစည်​တော်​နှင့်အညီ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော အာဏာစက်​များ​နှင့်​အုပ်ချုပ်မှု​များ​အား ယခု​အခါ​တွင် အသင်းတော်​အားဖြင့် ဘုရားသခင်​၏​အမျိုးမျိုး​အဖုံဖုံ​သော​ဉာဏ်ပညာ​တော်​ကို သိ​စေရန်​ဖြစ်​၏။ 12ထို​သခင်​ကို​ယုံကြည်​ခြင်း​အားဖြင့် ရဲရင့်​ခြင်း​ကို​လည်းကောင်း၊ ယုံကြည်​စိတ်ချ​စွာ​ဖြင့် အထံ​တော်​သို့​တိုးဝင်​ခွင့်​ကို​လည်းကောင်း ကိုယ်တော်​၌ ငါ​တို့​ရရှိ​ကြ​၏။ 13သို့ဖြစ်၍ သင်​တို့​အတွက် ငါ​ခံရ​သော​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ရန် ငါ​တောင်းပန်​၏။ ထို​အရာ​များ​သည် သင်​တို့​၏​ဂုဏ်သရေ​ဖြစ်​၏။
14-15ဤ​အကြောင်း​ကြောင့် ငါ​သည် ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မိသားစု​တို့​အမည်​နာမ​ခံယူ​ရရှိ​ရာ​ဖြစ်​တော်မူ​သော အဖ​ခမည်းတော်​ထံ ဒူး​ထောက်​လျက် 16ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍ 17ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ 18ထို​မေတ္တာ​တော်​၏​အလျား၊ အနံ၊ အမြင့်၊ အနက်​တို့ မည်မျှ​ရှိသည်​ကို သန့်ရှင်း​သူ​အားလုံး​နှင့်အတူ သဘောပေါက်​နိုင်​စွမ်း​ရှိ​သဖြင့် 19အသိပညာ​ထက် ထူးကဲ​သော​ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို​သိရှိ​၍ ဘုရားသခင်​၏​ပြည့်စုံ​တော်မူ​ခြင်း​အပေါင်း​တို့​ဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​မည့်​အကြောင်း ငါ​ဆုတောင်း​၏။
20ငါ​တို့​ထဲ၌ သက်ဝင်​လှုပ်ရှား​နေ​သော​တန်ခိုး​တော်​အားဖြင့် ငါ​တို့​တောင်းလျှောက်​သော​အရာ​၊ သို့မဟုတ် ဆင်ခြင်​သော​အရာ​အားလုံး​တို့​ထက် သာလွန်​ထူးခြား​စွာ​ပြု​နိုင်​သော​အရှင်​၌ 21အသင်းတော်​အားဖြင့်​လည်းကောင်း၊ ခရစ်တော်​ယေရှု​အားဖြင့်​လည်းကောင်း ခေတ်ကာလ​အဆက်ဆက် ထာဝစဉ်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။

လက်ရှိရွေးချယ်ထားမှု

ဧဖက်ဩဝါဒစာ 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ