YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 4

4
ခရစ်တော်၏ကိုယ်ခန္ဓာ၌တစ်လုံးတစ်ဝတည်းဖြစ်ခြင်း
1ထို့ကြောင့် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သင်တို့​သည် ထို​ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သခင်​ဘုရား​အတွက် အကျဉ်းသား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ပါ​၏။ 2အရာရာ​၌ စိတ်​နှိမ့်ချ​ခြင်း​နှင့်​နူးညံ့​သိမ်မွေ့​ခြင်း​အပြည့်အဝ​ရှိ​လျက် စိတ်ရှည်​စွာ​ဖြင့် ချစ်​ခြင်း​မေတ္တာ​၌ တစ်ဦး​ကို​တစ်ဦး​သည်းခံ​ကာ 3ငြိမ်သက်​ခြင်း​၏​စုစည်း​နှောင်ဖွဲ့​မှု​အားဖြင့် ဝိညာဉ်​တော်​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​ကို ကြိုးစား​ထိန်းသိမ်း​ကြ​လော့။ 4သင်​တို့​ကို​ခေါ်ယူ​တော်မူ​သောအခါ တစ်ပါးတည်း​သော​မျှော်လင့်​ခြင်း​သို့ ခေါ်ယူ​တော်မူ​သကဲ့သို့ ကိုယ်ခန္ဓာ​တစ်ပါးတည်း၊ ဝိညာဉ်​တော်​တစ်ပါးတည်း​ရှိ​၏။ 5သခင်​တစ်ပါးတည်း၊ ယုံကြည်​ခြင်း​တစ်ပါးတည်း၊ ဗတ္တိဇံ​တစ်ပါးတည်း​ရှိ​၏။ 6အရာ​ခပ်သိမ်း​တို့​အပေါ်၌​လည်းကောင်း၊ အရာ​ခပ်သိမ်း​တို့​၌​ပျံ့နှံ့​လျက်​လည်းကောင်း၊ အရာ​ခပ်သိမ်း​တို့​အထဲ​၌​လည်းကောင်း ရှိ​တော်မူ​၍ အရာ​ခပ်သိမ်း​တို့​၏​အဖ​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် တစ်ဆူတည်း​ရှိ​တော်မူ​၏။
7သို့သော် ငါ​တို့​တစ်​ဦး​စီ​သည် ခရစ်တော်​ပေး​တော်မူ​သော ကောင်းချီး​လက်ဆောင်​၏​ပမာဏ​အတိုင်း ကျေးဇူး​တော်​ကို​ခံစားရ​ကြ​၏။ 8ထို့ကြောင့် “ကိုယ်တော်​သည် မြင့်​သော​အရပ်​သို့ တက်​သွား​တော်မူ​သောအခါ ချုပ်နှောင်​ထား​သော​သူ​ကို ဖမ်းဆီး​ခေါ်ဆောင်​သွား​၍ လူ​တို့​အား လက်ဆောင်​များ​ကို​ပေး​တော်မူ​၏”#ဆာ 68:18။​ဟု ကျမ်းစာ​၌​ဆို​ထား​၏။ 9(တက်​သွား​တော်မူ​သောအခါ​ဟု​ဆို​ရာ​တွင် မြေကြီး​အောက်​အရပ်​များ​သို့​လည်း ကြွ​ဆင်း​တော်မူ​ခဲ့​ကြောင်း​ကို ဆိုလို​ခြင်း​မ​ဟုတ်​လျှင် မည်သည့်​အရာ​ဖြစ်​ဦး​မည်နည်း။ 10ကြွ​ဆင်း​တော်မူ​ခဲ့​သော​အရှင်​ကိုယ်တိုင်​သည် အရာ​ခပ်သိမ်း​တို့​ကို ပြည့်စုံ​စေရန် ကောင်းကင်​အထပ်ထပ်​တို့​အပေါ်​သို့ တက်​သွား​တော်မူ​သော​အရှင်​လည်း ဖြစ်​တော်မူ​၏။) 11ထို့နောက် ကိုယ်တော်​သည် အချို့​တို့​ကို တမန်တော်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ပရောဖက်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို သင်းအုပ်​အရာ​နှင့်​ဆရာ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​၏။ 12-13ဤသည်ကား ငါ​တို့​အားလုံး​သည် ယုံကြည်​ခြင်း​နှင့် ဘုရားသခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​လျက် စုံလင်​ရင့်ကျက်​သော​သူ​ဖြစ်​ကာ ခရစ်တော်​၏​ပြည့်စုံ​ခြင်း​အတိုင်းအတာ​ပမာဏ​သို့​ရောက်​သည့်​တိုင်အောင် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို​တည်ဆောက်​သဖြင့် အမှု​တော်​လုပ်ငန်း​အတွက် သန့်ရှင်း​သူ​တို့​ကို ပြင်ဆင်​ထား​ရန်​ဖြစ်​၏။
14ဤသို့ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်ကျစ်​စဉ်းလဲ​မှု​နှင့် ပရိယာယ်​ဖြင့်​လှည့်ဖြား​တတ်​သည့်​လျှို့ဝှက်​အကြံအစည်​တို့​ကြောင့် ဖြစ်ပေါ်​လာ​သည့်​သြဝါဒ​လေ​အမျိုးမျိုး​၌ လွင့်ပါ​၍​လူးလွန့်​နေ​သော ကလေး​သူငယ်​များ​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ 15ချစ်​ခြင်း​မေတ္တာ​ဖြင့် သမ္မာတရား​ကို​ဟောပြော​လျက် ဦးခေါင်း​ဖြစ်​တော်မူ​သော​ခရစ်တော်​၌ အရာရာ​တွင် ကြီးထွား​ကြ​မည်​ဖြစ်​၏။ 16ထို​ဦးခေါင်း​မှ​တစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် ထောက်မ​ပေး​သော​အဆစ်​ရှိသမျှ​တို့​ဖြင့် အံဝင်ခွင်ကျ​ဆက်စပ်​ခြင်း​နှင့် ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​စီ​သည် မိမိ​အငန်းအတာ​အလိုက် လုပ်ဆောင်​ခြင်း​အားဖြင့် မိမိကိုယ်ကို ချစ်​ခြင်း​မေတ္တာ​၌​တည်ဆောက်​ကာ ကိုယ်ခန္ဓာ​ကို​ကြီးထွား​စေ​၏။
အသက်တာသစ်ဖြင့် အသက်ရှင်ခြင်း
17ထို့ကြောင့် လူမျိုးခြား​တို့​သည် သူ​တို့​၏​အနှစ်သာရ​ကင်းမဲ့​သော​စိတ်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သကဲ့သို့ သင်​တို့​သည် နောက်ထပ် အသက်ရှင်​လျှောက်လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သခင်​ဘုရား​၌ ငါ​သတိပေး​လို​၏။ 18ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။ 19သူ​တို့​သည် ရှက်ကြောက်​စိတ်​ကင်းမဲ့​လျက် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ကို အလွန်​တပ်မက်​သော​စိတ်​နှင့်​ပြုမူ​၍ မိမိတို့ကိုယ်ကို ကာမဂုဏ်​လိုက်စား​ခြင်း​လက်​သို့ အပ်လိုက်​ကြ​၏။
20-21သို့သော် သမ္မာတရား​သည် ယေရှု​၌​ရှိ​သည်​နှင့်အညီ သင်​တို့​သည် ခရစ်တော်​အကြောင်း​ကို​ကြားနာ​လျက် ကိုယ်တော်​၌ သွန်သင်​ခြင်း​ကို​ခံယူ​ခဲ့​သည်​မှန်​လျှင် ခရစ်တော်​၌ ထိုသို့​နည်းခံ​ခဲ့​ကြ​သည်​မ​ဟုတ်။ 22သင်​တို့​သည် လှည့်ဖြား​တတ်​သော​တပ်မက်​ခြင်း​များ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်းဟူသော ယခင်​က အသက်ရှင်​နေထိုင်​မှု​ကို ချွတ်ပယ်​၍ 23သင်​တို့​၏​စိတ်နှလုံး​သဘော အသစ်​ပြုပြင်​ခြင်း​ခံရ​ကာ 24သမ္မာတရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​သန့်ရှင်း​ခြင်း​တို့​ဖြင့် ဘုရားသခင်​၏​သဏ္ဌာန်​တော်​နှင့်အညီ ဖန်ဆင်း​ခြင်း​ခံရ​သော​လူ​သစ်​ကို​ဝတ်ဆင်​ရန် နည်းခံ​ခဲ့​ကြ​၏။
25ထို့ကြောင့် မုသား​စကား​ကို​ဖယ်ရှား​၍ သင်​တို့​တစ်ဦးစီ​သည် မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​အား မှန်​သော​စကား​ကို​ပြော​ကြ​လော့။#ကော 3:9၊ ဇာ 8:16။ အကြောင်းမူကား ငါ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး ကိုယ်အင်္ဂါ​ချင်း​များ​ဖြစ်​ကြ​၏။ 26အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်။ အမျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။ 27မာရ်နတ်​ကို​လည်း အခွင့်​မ​ပေး​ကြ​နှင့်။ 28ခိုး​တတ်​သော​သူ​သည် နောက်ထပ် မ​ခိုး​ဘဲ လိုအပ်​သော​သူ​အား ဝေမျှ​စရာ​ရှိ​စေရန် မိမိ​လက်​ဖြင့် ကောင်း​သော​အလုပ်​ကို အားထုတ်​လုပ်ဆောင်​စေ။
29သင်​တို့​၏​နှုတ်​ထဲမှ မကောင်း​သော​စကား​တစ်ခွန်း​ကို​မျှ မ​ထွက်​စေ​နှင့်။ ကြား​ရ​သော​သူ​တို့​ကို ကျေးဇူးပြု​နိုင်​ရန် လိုအပ်​ချက်​နှင့်အညီ တည်ဆောက်​စရာ​ဖြစ်​စေ​သည့် ကောင်း​သော​စကား​တို့​ကို​သာ ပြောဆို​ကြ​လော့။ 30ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေးနုတ်​ခြင်း​နေ့ရက်​အတွက် ထို​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။ 31ခပ်သိမ်း​သော​ခါးသီး​နာကြည်း​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ အမျက်ထွက်​ခြင်း၊ အော်ဟစ်​ငေါက်ငမ်း​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​ကို မကောင်းမှု​အလုံးစုံ​နှင့်အတူ သင်​တို့​ထံမှ ဖယ်ရှား​ကြ​လော့။ 32အချင်းချင်း​ကျေးဇူးပြု​လျက် သနားစုံမက်​ကြ​ကာ ဘုရားသခင်​သည် ခရစ်တော်​၌ သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ဧဖက်ဩဝါဒစာ 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ