ဟေရှာယအနာဂတ္တိကျမ်း 19
19
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်
1အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။ 2“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။ 3အီဂျစ်ပြည်သားတို့သည် စိတ်ပျက်ကြလိမ့်မည်။ သူတို့၏အကြံအစည်ကိုလည်း ငါဖျက်ဆီးမည်။ ထိုအခါ သူတို့သည် ရုပ်တု၊ နတ်၊ နတ်ဝင်သည်၊ နတ်ထိန်းတို့ထံ မေးမြန်းကြလိမ့်မည်။ 4အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။ 5ပင်လယ်ရေတို့သည် ကုန်ခန်းသွားလိမ့်မည်။ မြစ်ရေသည် ခန်းခြောက်သွားလိမ့်မည်။ 6မြစ်များနံဟောင်၍ အီဂျစ်ပြည်၏မြစ်ချောင်းများသည် တိမ်ကောခန်းခြောက်သွားလိမ့်မည်။ ကျူပင်၊ ကိုင်းပင်တို့သည်လည်း ညှိုးနွမ်းကြလိမ့်မည်။ 7နိုင်းမြစ်ဝရှိ အပင်များနှင့် နိုင်းမြစ်ဘေးရှိ စိုက်ခင်းရှိသမျှသည်လည်း ဘာမျှမကျန်၊ ခြောက်သွေ့လွင့်ပျောက်သွားလိမ့်မည်။ 8တံငါသည်တို့သည် ညည်းတွားကြ၍ နိုင်းမြစ်၌ငါးမျှားသောသူအားလုံး ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ရေပြင်ပေါ်၌ ပိုက်ချသောသူတို့သည်လည်း အားလျော့ကြလိမ့်မည်။ 9ဗီသွာလျှော်ငင်သောသူများ၊ အဖြူရောင်ပိတ်ချောရက်လုပ်သောသူတို့သည် အရှက်ကွဲကြရလိမ့်မည်။ 10အီဂျစ်ပြည်၏ရက်ကန်းသည်တို့သည် စိတ်ဓာတ်ကျ၍ အလုပ်သမားအပေါင်းတို့သည် စိတ်ပျက်ကြလိမ့်မည်။ 11အကယ်စင်စစ် ဇောနမြို့၏အကြီးအကဲတို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ဖာရောမင်းကြီး၏ပညာရှိသော အတိုင်ပင်ခံအမတ်တို့သည် မိုက်မဲသောအကြံဉာဏ်ကိုပေးကြ၏။ ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ပညာရှိတို့၏အမျိုး၊ ရှေးဘုရင်တို့၏အမျိုး ဖြစ်ပါသည်”ဟု မည်သို့လျှောက်ဆိုနိုင်မည်နည်း။ 12သင်၏ပညာရှိတို့သည် အဘယ်မှာနည်း။ သူတို့သည် အီဂျစ်ပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသောအရာကို သင့်အား ပြောပြကြပါစေ။ ဖော်ပြကြပါစေ။ 13ဇောနမြို့၏အကြီးအကဲတို့သည် မိုက်မဲကြပြီ။ မင်ဖစ်မြို့၏အကြီးအကဲတို့သည် လှည့်စားကြပြီ။ အီဂျစ်ပြည်၏ခေါင်းဆောင်တို့သည် ပြည်သူပြည်သားတို့ကို လမ်းလွဲစေကြပြီ။ 14ထာဝရဘုရားသည် အီဂျစ်ပြည်ထဲသို့ ရှုပ်ထွေးသောသဘောကို သွင်းတော်မူသဖြင့် ယစ်မူးသူသည် မိမိအန်ဖတ်ပေါ်မှာ ဒယီးဒယိုင်ဖြစ်နေသကဲ့သို့ သူတို့သည် အီဂျစ်ပြည်၏အမှုကိစ္စရှိသမျှတို့ကို လမ်းလွဲစေကြပြီ။ 15ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံကိုင်းဖြစ်စေ၊ ကျူပင်ဖြစ်စေ အီဂျစ်ပြည်အတွက် လုပ်ဆောင်ပေးနိုင်သောအရာတစ်ခုမျှမရှိ။
အီဂျစ်ပြည်သားတို့ ထာဝရဘုရားကိုသိလာခြင်း
16ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် မိန်းမကဲ့သို့ဖြစ်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လက်တော်ကို ဝှေ့တော်မူသောကြောင့် သူတို့သည် ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ 17အီဂျစ်ပြည်ကိုဆန့်ကျင်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အကြံအစည်တော်ကြောင့် အီဂျစ်ပြည်သည် ယုဒပြည်ကို ကြောက်လိမ့်မည်။ ယုဒပြည်ဟုပြောရုံမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။
18ထိုနေ့ရက်တွင် အီဂျစ်ပြည်၌ ခါနာန်ဘာသာစကားပြောသောမြို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တိုင်တည်ကျိန်ဆိုသောမြို့ ငါးမြို့ရှိလိမ့်မည်။ တစ်မြို့ကို ပျက်စီးခြင်းမြို့#19:18 သို့မဟုတ် “နေမြို့တော်”။ဟု ခေါ်ဝေါ်ကြလိမ့်မည်။
19ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။ 20ထိုကျောက်တိုင်သည် အီဂျစ်ပြည်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမှတ်လက္ခဏာသဖွယ်၊ သက်သေသဖွယ် ဖြစ်လိမ့်မည်။ သူတို့သည် ညှဉ်းဆဲခြင်းခံရသောကြောင့် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် ကယ်တင်ပေးသူ၊ ကာကွယ်ပေးသူကို သူတို့ထံစေလွှတ်တော်မူ၍ သူတို့ကို ကယ်တင်တော်မူလိမ့်မည်။ 21ထာဝရဘုရားသည် အီဂျစ်ပြည်သားတို့အား မိမိကိုသိစေတော်မူသဖြင့် ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် ထာဝရဘုရားကိုသိလာကြပြီး ယဇ်နှင့်ပူဇော်သက္ကာတို့ဖြင့် ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားအား ကတိသစ္စာပြု၍ ပြည့်စုံစေကြလိမ့်မည်။ 22ထာဝရဘုရားသည် အီဂျစ်ပြည်ကိုဒဏ်ခတ်တော်မူမည်။ ဒဏ်ခတ်ပြီးမှ ဒဏ်ရာကိုပျောက်ကင်းစေတော်မူမည်။ သူတို့သည် ထာဝရဘုရားထံ ပြန်လာကြမည်။ ကိုယ်တော်သည် သူတို့၏ဆုတောင်းသံကို နားညောင်း၍ သူတို့ဒဏ်ရာကို ပျောက်ကင်းစေတော်မူမည်။
23ထိုနေ့ရက်၌ အီဂျစ်ပြည်မှ အဆီးရီးယားပြည်သို့ လမ်းမကြီးပေါက်လိမ့်မည်။ အဆီးရီးယားပြည်သားတို့သည် အီဂျစ်ပြည်သို့လည်းကောင်း၊ အီဂျစ်ပြည်သားတို့သည် အဆီးရီးယားပြည်သို့လည်းကောင်း သွားလာကြလိမ့်မည်။ အီဂျစ်ပြည်သားတို့သည် အဆီးရီးယားပြည်သားတို့နှင့်အတူ ဝတ်ပြုကြလိမ့်မည်။
24ထိုနေ့ရက်၌ အစ္စရေးပြည်သည် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့နှင့်အတူ တတိယမြောက်ပြည်အဖြစ်ပူးပေါင်း၍ ကမ္ဘာမြေကြီးအလယ်၌ ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။ 25ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 19: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative