ဟေရှာယအနာဂတ္တိကျမ်း 24
24
မြေကြီးသားတို့ကိုစီရင်ခြင်း
1ကြည့်ရှုလော့။ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို ဟင်းလင်းပြင်ဖြစ်စေတော်မူမည်။ လူသူကင်းမဲ့ရာဖြစ်စေတော်မူမည်။ မြေမျက်နှာပြင်ကို တွန့်လိမ်စေတော်မူမည်။ မြေကြီးသားတို့ကို ကွဲလွင့်စေတော်မူမည်။ 2ထိုအခါ ယဇ်ပုရောဟိတ်သည် လူကဲ့သို့၊ သခင်သည် ကျွန်ယောက်ျားကဲ့သို့၊ သခင်မသည် ကျွန်မိန်းမကဲ့သို့၊ ရောင်းသူသည် ဝယ်သူကဲ့သို့၊ မြီရှင်သည် မြီစားကဲ့သို့၊ အတိုးစားသူသည် အတိုးဆပ်သူကဲ့သို့ ဖြစ်လိမ့်မည်။ 3ကမ္ဘာမြေကြီးသည် အမှန်ပင် ဟင်းလင်းပြင် ဖြစ်လိမ့်မည်။ အကုန်အစင်လုယူခံရမည်။ ဤစကားကို ထာဝရဘုရားမိန့်တော်မူပြီ။ 4ကမ္ဘာမြေကြီးသည် ငိုကြွေးမြည်တမ်း၍ ညှိုးနွမ်း၏။ ကမ္ဘာလောကသည် အားလျော့ချည့်နဲ့၏။ ဂုဏ်မြင့်သူမြေကြီးသားတို့သည် အားလျော့ကြ၏။ 5ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။ 6ထို့ကြောင့် ကျိန်ခြင်းသည် ကမ္ဘာမြေကြီးကို လောင်ကျွမ်းလေပြီ။ မြေကြီးသားတို့အပေါ် အပြစ်သက်ရောက်လေပြီ။ မြေကြီးသားတို့ကို အမျက်မီးလောင်ကျွမ်း၍ လူအနည်းငယ်သာ ကြွင်းကျန်၏။ 7စပျစ်ဝိုင်အသစ်သည် ငိုကြွေးမြည်တမ်းရပြီ။ စပျစ်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားပြီ။ စိတ်နှလုံးဝမ်းမြောက်ခဲ့သောသူအပေါင်းတို့သည်လည်း ညည်းတွားကြရလေပြီ။ 8ပတ်သာ၏သာယာသံသည် ငြိမ်းလေပြီ။ သောက်စားပျော်ပါးသောသူတို့၏အသံသည် ရပ်တန့်လေပြီ။ စောင်း၏သာယာသံသည် ငြိမ်းလေပြီ။ 9သီချင်းသံနှင့်အတူ စပျစ်ဝိုင်သောက်သောသူ မရှိတော့ပေ။ သေရည်သေရက်သည် သောက်သောသူတို့အတွက် ခါးသီးလေပြီ။ 10ဖရိုဖရဲဖြစ်နေသောမြို့သည် ပြိုပျက်လေပြီ။ လူတို့မဝင်နိုင်အောင် အိမ်တိုင်းပိတ်ထားကြပြီ။ 11စပျစ်ဝိုင်ပြတ်သောကြောင့် လမ်းများပေါ်တွင် အော်ဟစ်တောင့်တကြ၏။ ဝမ်းမြောက်ခြင်းရှိသမျှတို့သည် ချုပ်ငြိမ်းသွားလေပြီ။ ကမ္ဘာမြေပေါ်ရှိ ပျော်ရွှင်ခြင်းသည် ပျောက်ကွယ်လေပြီ။ 12မြို့ထဲ၌ လူသူကင်းမဲ့ကျန်ခဲ့ပြီ။ မြို့တံခါးသည်လည်း ရိုက်ချိုးခံရ၍ ပျက်စီးလေပြီ။ 13သံလွင်သီးကိုရိုက်ခြွေပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း၊ စပျစ်သီးဆွတ်ခူးပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ကမ္ဘာမြေကြီးအလယ်ရှိ တိုင်းနိုင်ငံတို့တွင် ထိုသို့ ဧကန်အမှန်ဖြစ်လိမ့်မည်။ 14သူတို့သည် အသံကိုလွှင့်၍ ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား၏ဘုန်းတန်ခိုးကြီးမြတ်တော်မူကြောင်းကို အနောက်အရပ်#24:14 တိုက်ရိုက်ပြန်ဆိုလျှင် “ပင်လယ်”။မှ ကြွေးကြော်ကြလိမ့်မည်။ 15ထို့ကြောင့် အရှေ့အရပ်#24:15 တိုက်ရိုက်ပြန်ဆိုလျှင် “အလင်းရှိရာအရပ် သို့မဟုတ် မီးဖြင့်”။၌လည်း ထာဝရဘုရားကို ဂုဏ်ပြုချီးမွမ်းကြလော့။ ပင်လယ်ကမ်းရိုးတန်းဒေသတို့၌လည်း အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ဂုဏ်ပြုချီးမွမ်းကြလော့။ 16“ဖြောင့်မတ်တော်မူသောအရှင်သည် ဘုန်းကြီးစေသတည်း”ဟူသော ချီးမွမ်းသီချင်းကို ကမ္ဘာမြေကြီးစွန်းမှ ငါတို့ကြားရ၏။ သို့သော် “ငါ ချုံးချုံးကျသွားပြီ။ ငါ ချုံးချုံးကျသွားပြီ။ ငါ၌ အမင်္ဂလာရှိ၏။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ”ဟု ငါဆို၏။ 17အို မြေကြီးသားတို့၊ သင်သည် ကြောက်မက်ဖွယ်ဘေး၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ကျရောက်လေပြီ။ 18ကောင်းကင်ပြတင်းပေါက်တို့သည်ပွင့်၍ မြေကြီးအုတ်မြစ်တို့သည် တုန်ခါလေပြီ။ ကြောက်မက်ဖွယ်ရာအသံကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းထဲမှတက်လာသောသူသည် ကျော့ကွင်း၌မိလိမ့်မည်။ 19ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။ 20ကမ္ဘာမြေကြီးသည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ယိမ်းထိုးနေ၏။ ပုခက်ကဲ့သို့ခါယမ်းနေ၏။ ကမ္ဘာမြေကြီးကျူးလွန်သောအပြစ်သည် လေးလံသဖြင့် လဲကျသွား၍ ပြန်ထနိုင်တော့မည်မဟုတ်။ 21ထိုနေ့ရက်၌ ထာဝရဘုရားသည် ကောင်းကင်ဗိုလ်ခြေတို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးဘုရင်တို့ကို မြေကြီးပေါ်၌လည်းကောင်း ဒဏ်ခတ်တော်မူမည်။ 22အကျဉ်းသားများကို တွင်းထဲ၌ တစ်စုတည်းစုထည့်ထားသကဲ့သို့ သူတို့သည် ထောင်ထဲ၌ ချုပ်နှောင်ထားခြင်းခံရမည်။ နေ့ရက်များစွာကုန်လွန်ပြီးမှ ဒဏ်ခတ်ခြင်းခံရမည်။ 23ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 24: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative