YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 29

29
အမင်္ဂလာရှိသောဂျေရုဆလင်မြို့
1အရေလ​မြို့​၊ အရေလ​မြို့​၊ ဒါဝိဒ်​မင်းကြီး​စခန်းချ​ရာ​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ တစ်​နှစ်​ပြီး​တစ်​နှစ် ထပ်၍​ထပ်၍ ပွဲ​တို့​ကို အလှည့်ကျ​ကျင်းပ​ကြ​ပါစေ​ဦး​။ 2သို့သော် ငါ​သည် အရေလ​မြို့​ကို အကျပ်အတည်း​ထဲသို့​ရောက်​စေ​မည်​။ ထို​မြို့​၌ ဝမ်းနည်း​ခြင်း​၊ မြည်တမ်း​ခြင်း ရှိ​လိမ့်မည်​။ ထို​မြို့​သည် ငါ့​အဖို့ အရေလ#29:2 “မီးရှို့ရာယဇ်ပလ္လင်”ဟူသောအဓိပ္ပာယ်ရှိ၏။​ကဲ့သို့ ဖြစ်​မည်​။ 3ငါ​သည် သင့်​ပတ်လည်​၌ တပ်စခန်းချ​မည်​။ သင့်​ကို တံတိုင်း​ကာ​ပြီး​ဝိုင်းထား​မည်​။ မြေကတုတ်​များ​ကို​လည်း တူး​မည်​။ 4သင်​သည် နိမ့်ကျ​၍ မြေကြီး​ထဲမှ စကားပြော​လိမ့်မည်​။ သင့်​စကားသံ​သည် မြေမှုန့်​ထဲမှ မပွင့်တပွင့်​ထွက်ပေါ်​လာ​မည်​။ သင့်​အသံ​သည် တစ္ဆေ​၏​အသံ​ကဲ့သို့ မြေကြီး​ထဲမှ ထွက်ပေါ်​လာ​မည်​။ သင့်​စကားသံ​သည် မြေမှုန့်​ထဲမှ တိုးတိုး​သာ​ထွက်ပေါ်​လာ​မည်​။ 5သို့သော် သင့်​ရန်သူ​အလုံးအရင်း​သည် ဖုန်မှုန့်​ကဲ့သို့​ဖြစ်​မည်​။ ကြမ်းကြုတ်​သူ​အလုံးအရင်း​သည် လွင့်မျော​နေ​သော​ဖွဲ​ကဲ့သို့ ဖြစ်​မည်​။ ထိုကဲ့သို့ ရုတ်ခြည်း​ဖြစ်​မည်​။ 6ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိုးချုန်း​ခြင်း​၊ ငလျင်လှုပ်​၍​အသံ​မြည်ဟည်းခြင်း​၊ လေပွေ​နှင့်​မုန်တိုင်း​တိုက်ခတ်​ခြင်း​၊ မီးတောက်​မီးလျှံ​လောင်ကျွမ်း​ခြင်း​တို့​ဖြင့် သင့်​ကို ဒဏ်ခတ်​မည်​။ 7အရေလ​မြို့​ကို တိုက်ခိုက်​လာ​ကြ​သော တိုင်းနိုင်ငံ​အသီးသီး​မှ​လူအလုံးအရင်း​၊ ထို​မြို့​၏​ခံတပ်​ကို​တိုက်ခိုက်​၍ ထို​မြို့​ကို​အကျပ်အတည်း​ထဲသို့​ရောက်​စေ​သော​သူ​အပေါင်း​တို့​သည် ည​အိပ်မက်​ဗျာဒိတ်နိမိတ်​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။ 8ဆာလောင်မွတ်သိပ်​သော​သူ​သည် အိပ်မက်​ထဲ၌ စား​ရ​သည်​ဟု​မက်​သော်လည်း နိုးလာ​သောအခါ ဆာလောင်​လျက်ပင်​ရှိ​သကဲ့သို့​၊ ရေငတ်​သော​သူ​သည် အိပ်မက်​ထဲ၌ ရေ​သောက်​ရ​သည်​ဟု​မက်​သော်လည်း နိုးလာ​သောအခါ မောပန်း​၍​ရေဆာ​လျက်ပင်​ရှိ​သကဲ့သို့ ဇိအုန်​တောင်​ကို​တိုက်ခိုက်​လာ​ကြ​သော တိုင်းနိုင်ငံ​အသီးသီး​မှ​လူအလုံးအရင်း​တို့​သည် ဖြစ်​လိမ့်မည်​။ 9မိန်းမောတွေဝေ​ကြ​လော့​။ အံ့အားသင့်​ကြ​လော့​။ ကိုယ့်​မျက်စိ​ကို ကိုယ်​ကန်း​စေ​၍ မျက်မမြင်​ဖြစ်​ကြ​လော့​။ သူ​တို့​သည် စပျစ်ဝိုင်​မ​သောက်​ဘဲ ယစ်မူး​ကြ​၏​။ သေရည်သေရက်​မ​သောက်​ဘဲ ယိမ်းထိုး​ကြ​၏​။ 10အကြောင်းမူကား ထာဝရဘုရား​သည် နှစ်ခြိုက်​စွာ​အိပ်မောကျ​သော​ဝိညာဉ်​ကို သင်​တို့​အပေါ်​သွန်းလောင်း​လျက် ပရောဖက်​များ​ဖြစ်​သော သင်​တို့​၏​မျက်စိ​ကို​ပိတ်​တော်မူ​၍ ဗျာဒိတ်ရသူ​များ​ဖြစ်​သော သင်​တို့​၏​ဦးခေါင်း​များ​ကို ဖုံးအုပ်​ထား​တော်မူ​ပြီ​။ 11နိမိတ်​ရှိသမျှ​သည် သင်​တို့​အတွက် ချိပ်ပိတ်​ထား​သော​စာလိပ်​ကဲ့သို့ ဖြစ်​ပြီ​။ ထို​စာလိပ်​ကို စာ​ဖတ်တတ်​သော​သူ​အား​ပေး​၍ “​ဤ​စာ​ကို ဖတ်​ပါ​လော့​”​ဟု​ဆို​လျှင် ထို​သူ​က “​ဤ​စာလိပ်​ကို ချိပ်ပိတ်​ထား​သည်​ဖြစ်၍ ငါ​မ​ဖတ်​နိုင်​ပါ​”​ဟု ပြန်ပြော​လိမ့်မည်​။ 12ထို​စာလိပ်​ကို စာ​မ​ဖတ်တတ်​သော​သူ​အား​ပေး​၍ “​ဤ​စာ​ကို ဖတ်​ပါ​လော့​”​ဟု ဆို​လျှင် ထို​သူ​က “​ငါ စာ​မ​ဖတ်တတ်​ပါ​”​ဟု ပြန်ပြော​လိမ့်မည်​။ 13ဘုရားရှင်​က​လည်း “​ဤ​လူမျိုး​သည် နှုတ်​ဖြင့် ချဉ်းကပ်​၍ နှုတ်ခမ်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​၏​။ သူ​တို့​၏​စိတ်နှလုံး​မူကား ငါ​နှင့်​ဝေး​လှ​၏​။ သူ​တို့​သည် လူ​တို့​သွန်သင်​သော​ပညတ်ချက်​အရ ငါ့​ကို ကြောက်ရွံ့​ကြ​၏​။ 14ထို့ကြောင့် ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​ကို​အံ့ဩ​စေ​မည့် အံ့ဖွယ်​အမှု​တစ်​ခု​ပြီး​တစ်​ခု ပြု​မည်​။ သူ​တို့​ထဲမှ ပညာရှိ​တို့​၏​ဉာဏ်ပညာ​သည် ပျက်စီး​သွား​မည်​။ အသိဉာဏ်​ရှိ​သူ​တို့​၏​အသိဉာဏ်​သည်​လည်း ကွယ်ပျောက်​သွား​မည်​”#၁ကော 1:19။​ဟု မိန့်​တော်မူ​၏​။ 15ထာဝရဘုရား​မ​သိ​အောင် မိမိ​တို့​အကြံအစည်​ကို အစွမ်းကုန်​ဖုံးကွယ်​၍ မိမိ​တို့​၏​အမှု​ကို မှောင်မိုက်​ထဲ၌​ပြု​လျက် “​ငါ​တို့​ကို​မည်သူ​မြင်​မည်နည်း​။ မည်သူ​သိ​မည်နည်း​”​ဟု ပြောဆို​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 16သင်​တို့​သည် ကပြောင်းကပြန်​လုပ်​ကြ​ပါ​သည်​တကား​။ အိုးထိန်းသည်​ကို ရွှံ့စေး​ကဲ့သို့​မှတ်ယူ​သင့်​သလော​။ အပြုခံ​က ပြု​သူ​အား “​ဤ​သူ​သည် ငါ့​ကို​ပြုလုပ်​ခဲ့​သည်​မ​ဟုတ်​”​ဟု ဆို​သင့်​သလော​။ ဖန်ဆင်းခံ​က ဖန်ဆင်း​သူ​အား “​ဤ​သူ​သည် အသိဉာဏ်​မ​ရှိ​”​ဟု ဆို​သင့်​သလော​။ 17တစ်ခဏတာ​အတွင်း လက်ဘနွန်​တောင်​သည် သီးနှံ​ဖြစ်ထွန်း​သော​မြေ​ဖြစ်သွား​မည်​။ သီးနှံ​ဖြစ်ထွန်း​သော​မြေ​သည် တောအုပ်​ကဲ့သို့​ထင်မှတ်​ခံရ​မည် မ​ဟုတ်​လော​။ 18ထို​နေ့ရက်​၌ နားမကြား​သော​သူ​တို့​သည် စာလိပ်​ထဲမှ​စာ​ကို ကြား​ကြ​လိမ့်မည်​။ မျက်စိ​ကန်း​သော​သူ​တို့​သည် အမှောင်​အမိုက်​ထဲမှ မြင်​ကြ​လိမ့်မည်​။ 19စိတ်နှိမ့်ချ​သော​သူ​တို့​သည် ထာဝရဘုရား​၌ တစ်ဖန်​ဝမ်းမြောက်​ကြ​လိမ့်မည်​။ လူ​တို့​တွင် နွမ်းပါး​သော​လူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၌ ရွှင်လန်း​ကြ​လိမ့်မည်​။ 20အကြောင်းမူကား ကြမ်းကြုတ်​သော​သူ​တို့​သည် ရှိ​တော့​မည်​မ​ဟုတ်​။ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​သည်​လည်း ပျောက်ကွယ်​သွား​လိမ့်မည်​။ ဒုစရိုက်​ပြု​ရန် ချောင်းမြောင်း​နေ​သော​သူ​၊ 21စကား​အားဖြင့် လူ​ကို​အပြစ်ပြု​စေ​သော​သူ​၊ မြို့​တံခါးဝ​တွင် အဆုံးအဖြတ်​ပေး​သူ​ကို​ထောင်ချောက်​ဆင်​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ကို အကြောင်းမဲ့​ဘေးဖယ်​သူ အပေါင်း​တို့​သည် ဖယ်ရှား​ခြင်း​ခံရ​မည်​။ 22အာဗြဟံ​ကို ရွေးနုတ်ကယ်တင်​သော​ထာဝရဘုရား​က ယာကုပ်​အမျိုးအနွယ်​အား “​ယာကုပ်​သည် အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။ မျက်နှာပျက်​ရ​တော့​မည်​မ​ဟုတ်​။ 23ငါ​ပြု​သော​အမှု​ကြောင့် သူ့​သားသမီး​တို့​သည် သူ​နှင့်အတူ​ရှိ​နေ​သည်​ကို မြင်​သောအခါ ငါ့​နာမ​ကို​သန့်ရှင်း​စေ​လိမ့်မည်​။ ယာကုပ်​၏​သန့်ရှင်း​သော​အရှင်​ကို ရိုသေ​၍ အစ္စရေး​တို့​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ 24စိတ်သဘော​လွဲမှား​သော​သူ​တို့​သည် အသိဉာဏ်​ကို​ရရှိ​ကြ​လိမ့်မည်​။ ညည်းတွား​သော​သူ​တို့​သည် ပညာ​ကို ခံယူ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 29: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ