YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 28

28
အမင်္ဂလာရှိသောဧဖရိမ်အမျိုး
1စပျစ်ဝိုင်​သောက်ကြူးသူ​၊ သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် အမင်္ဂလာ​ရှိ​၏​။ မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် အမင်္ဂလာ​ရှိ​၏​။ 2ကြည့်ရှု​လော့​။ ဘုရားရှင်​၌ တန်ခိုး​ခွန်အားကြီး​သော​သူ​ရှိ​၏​။ ထို​သူ​သည် မိုးသီး​မုန်တိုင်း​၊ ဖျက်ဆီး​တတ်​သော လေပြင်းမုန်တိုင်း​၊ ရေလွှမ်းမိုး​စေ​သည့် ပြင်းထန်​သော​မိုးသက်မုန်တိုင်း​ကဲ့သို့ သေသောက်ကြူးသူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​ကို မိမိ​လက်​ဖြင့် မြေကြီး​ပေါ်သို့​ပစ်ချ​မည်​။ 3သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် ခြေ​အောက်​၌ နင်းချေ​ခြင်း​ခံရ​လိမ့်မည်​။ 4မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် နွေရာသီ​မတိုင်မီ အဦးဆုံးမှည့်သောအသီး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ထို​အသီး​ကို မြင်​သော​သူ​သည် ခူး​၍ ချက်ချင်း​စားပစ်​တတ်​၏​။ 5ထို​နေ့ရက်​၌ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ကြွင်းကျန်​သော​လူမျိုး​တော်​တို့​အတွက် ဘုန်းကြီး​သော​သရဖူ​၊ ဂုဏ်ကျက်သရေ​ရှိ​သော​ဦးရစ် ဖြစ်​တော်မူ​မည်​။ 6တရားပလ္လင်​ပေါ်​ထိုင်​သော​သူ​အတွက် တရားမျှတ​ခြင်း​ဝိညာဉ်​၊ မြို့​တံခါး​၌ ရန်သူ​ကို​တွန်းလှန်​သော​သူ​တို့​အတွက် ရဲစွမ်းသတ္တိ ဖြစ်​တော်မူ​မည်​။ 7ဤ​သူ​တို့​သည် စပျစ်ဝိုင်​ကြောင့် ယိမ်းထိုး​၍ သေရည်သေရက်​ကြောင့် ဒယီးဒယိုင်​ဖြစ်​ကြ​ပြီ​။ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​သည် သေရည်သေရက်​ကြောင့် ယိမ်းထိုး​၍ စပျစ်ဝိုင်​ကြောင့်​အာရုံ​ထွေပြား#28:7 သို့မဟုတ် “စပျစ်ဝိုင်၏ဝါးမျိုခြင်းခံရ”။​ကြ​ပြီ​။ သေရည်သေရက်​ကြောင့် လမ်းလွဲ​၍ စိတ်အာရုံ​ကို လွဲမှား​စွာ​မြင်​ကြ​ပြီ​။ ဆုံးဖြတ်ချက်​ချ​ရာ​တွင်​လည်း အလွဲလွဲအချော်ချော်​ဖြစ်​ကြ​ပြီ​။ 8စားပွဲ​ရှိသမျှ​သည် အန်ဖတ်​နှင့်​ပြည့်​နေ​၏​။ နေရာလပ်​မ​ကျန် ညစ်ပေ​နေ​၏​။ 9သူ​တို့​က “​ကိုယ်တော်​သည် မည်သူ​အား အသိပညာ​ကို​သင်ကြား​ပေး​မည်နည်း​။ မည်သူ​အား သတင်းစကား​ကို သိနားလည်​စေ​မည်နည်း​။ နို့ပြတ်​သော​ကလေးငယ်​တို့​ကို​လော​။ နို့ဖြတ်​ထား​သော​ကလေးငယ်​တို့​ကို​လော​။ 10ပညတ်ချက်​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ စည်းမျဉ်း​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ သည်​နည်းနည်း​ဟို​နည်းနည်း ဖြစ်​ပါ​သည်​တကား​”​ဟု ဆို​ကြ​၏​။ 11အကယ်စင်စစ် ကိုယ်တော်​သည် ထစ်ငေါ့​သော​နှုတ်​နှင့် အခြား​သော​လျှာ​ဖြင့် ဤ​လူမျိုး​အား မိန့်မြွက်​တော်မူ​မည်​။ 12“​ဤ​အရပ်​သည် နားနေ​ရာ​အရပ်​ဖြစ်​၏​။ မောပန်း​သော​သူ​တို့​သည် အနားယူ​ကြ​စေ​။ ဤ​အရပ်​သည် ငြိမ်းချမ်း​ရာ​အရပ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​သော်လည်း သူ​တို့​သည် နား​မ​ထောင်​လို​ကြ​။#၁ကော 14:21။ 13ထို့ကြောင့် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ​တို့​၌ ပညတ်ချက်​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ စည်းမျဉ်း​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ သည်​နည်းနည်း​ဟို​နည်းနည်း ဖြစ်​လိမ့်မည်​။ သူ​တို့​သွား​သောအခါ နောက်ပြန်​လဲကျ​မည်​၊ ကျိုးပဲ့​မည်​၊ ကျော့ကွင်း​မိ​မည်​၊ အဖမ်း​ခံရ​မည်​။
သေခြင်းနှင့်ပဋိညာဉ်ဖွဲ့ခြင်း
14ဤ​လူမျိုး​ကို​အုပ်စိုး​သော ဂျေရုဆလင်​မြို့​ရှိ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ 15သင်​တို့​က “​ငါ​တို့​သည် သေ​ခြင်း​နှင့် ပဋိညာဉ်​ဖွဲ့​ကြ​ပြီ​။ မရဏာနိုင်ငံ​နှင့် သဘောတူညီမှု ပြု​ကြ​ပြီ​။ လွှမ်းမိုး​သော​ဘေးဆိုး​ဖြတ်သွား​သည့်အခါ ငါ​တို့​ထံ​လာ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​တို့​သည် လိမ်လည်မှု​ကို ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်စေ​လျက် မုသား​ထဲ၌ ပုန်း​နေ​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။ 16ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစစ်ခံ​ပြီး​သော​ကျောက်​၊ တည်​ထား​သော​အုတ်မြစ်​အတွက် အဖိုးတန်​သော​ထောင့်ချုပ်ကျောက်​ကို ဇိအုန်​တောင်​ပေါ်တွင် ငါ​ချ​ထား​၏​။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် စိုးရိမ်​တုန်လှုပ်​မည်​မ​ဟုတ်​။#ရော 10:11၊ ၁ပေ 2:6။ 17ငါ​သည် တရားမျှတမှု​ကို မျဉ်းကြိုး​ဖြစ်​စေ​မည်​။ ဖြောင့်မတ်​ခြင်း​ကို မှန်ထုပ်​ဖြစ်စေ​မည်​။ မိုးသီး​သည် လိမ်လည်မှု​တို့​ခိုလှုံ​ရာ​အရပ်​ကို ဖယ်ရှား​မည်​။ ရေ​သည် ပုန်းခို​ရာ​အရပ်​ကို​လွှမ်းမိုး​မည်​။ 18သင်​တို့​၏​သေ​ခြင်း​နှင့်​ဖွဲ့​သော​ပဋိညာဉ်​သည် ပျက်​လိမ့်မည်​။ သင်​တို့​၏​မရဏာနိုင်ငံ​နှင့်​ပြု​သော​သဘောတူညီမှု​သည် တည်​လိမ့်မည်​မ​ဟုတ်​။ လွှမ်းမိုး​သော​ဘေးဆိုး​ဖြတ်သွား​သည့်​အခါ သင်​တို့​ကို နင်းချေ​သွား​လိမ့်မည်​။ 19ဖြတ်သွား​သည့်​အခါတိုင်း သင်​တို့​ကို​ယူဆောင်​သွား​မည်​။ နံနက်တိုင်း​၊ နေ့တိုင်း​၊ ညတိုင်း​ဖြတ်သွား​မည်​။ သတင်း​ကြား​ရုံ​ဖြင့် ထိတ်လန့်​ခြင်း​ကို ဖြစ်စေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 20ခုတင်​သည် ကိုယ်ကို​ဆန့်​ထား​၍​မ​ရ​လောက်အောင် တို​၏​။ စောင်​သည်​လည်း ခြုံ​၍​မ​ရ​လောက်အောင် သေး​၏​။ 21ထာဝရဘုရား​သည် ပေရဇိန်​တောင်​ပေါ်မှာ ထ​တော်မူ​သကဲ့သို့​၊ ဂိဗောင်​ချိုင့်ဝှမ်း​မှာ အမျက်ထွက်​တော်မူ​သကဲ့သို့ ထူးဆန်း​သော​အမှု​တော်​ကို လုပ်ဆောင်​တော်မူ​မည်​။ ဆန်းသစ်​သော​အမှု​တော်​ကို ပြု​တော်မူ​မည်​။ 22ထို့ကြောင့် ပြက်ရယ်​မ​ပြု​ကြ​နှင့်​။ ပြု​လျှင် သင်​တို့​ကို ချည်နှောင်​သော​ကြိုး​တို့​သည် ပိုမို​တင်းကျပ်​လိမ့်မည်​။ အကြောင်းမူကား ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် ပြည်​တစ်ပြည်လုံး​ကို သုတ်သင်ဖျက်ဆီး​မည်​ဟု ဆုံးဖြတ်ချက်​ချ​တော်မူ​ကြောင်း​ကို ငါ​ကြားသိ​ရ​ပြီ​။
ထာဝရဘုရား၏အံ့ဖွယ်အကြံဉာဏ်
23ငါ့​စကား​ကို စူးစိုက်​နားထောင်​၍ နာခံ​ကြ​လော့​။ ငါ​မိန့်မြွက်​သော​စကား​ကို အာရုံစိုက်​နားထောင်​၍ နာခံ​ကြ​လော့​။ 24လယ်ထွန်​သော​သူ​သည် မျိုး​မ​ကြဲ​ဘဲ တစ်နေ့လုံး​လယ်ထွန်​နေ​မည်လော​။ တစ်နေ့လုံး မြေ​ကို တူးဆွ​ထွန်ယက်​နေ​မည်လော​။ 25လယ်​မျက်နှာပြင်​ကို​ညှိ​ပြီး​သောအခါ စမုန်နက်​ကို​မ​ကြဲ​ဘဲ​နေ​မည်လော​။ ဇီရာ​ကို မ​ပျိုး​ဘဲ​နေ​မည်လော​။ ဂျုံ​ကို​လည်း အတန်းလိုက်​မ​စိုက်​၊ မုယောစပါး​ကို​လည်း သတ်မှတ်​ထား​သော​နေရာ​၌​မ​စိုက်​၊ ပန်းဂျုံ​ကို​လည်း လယ်​အစပ်​၌ မ​စိုက်​ဘဲ​နေ​မည်လော​။ 26သူ​၏​ဘုရားသခင်​သည် သူ့​အား နည်းမှန်လမ်းမှန်​ကို​ပြပေး​တော်မူ​ပြီ​။ ညွှန်ကြား​တော်မူ​ပြီ​။ 27အကယ်စင်စစ် စမုန်နက်​ကို ကောက်တလင်း​နယ်​သည့်​ပျဉ်ပြား​ဖြင့် နယ်​လေ့​မ​ရှိ​။ ဇီရာ​ကို​လည်း လှည်း​ဘီး​ဖြင့် လှိမ့်​လေ့​မ​ရှိ​။ စမုန်နက်​ကို တုတ်​ဖြင့်​၊ ဇီရာ​ကို ကြိမ်လုံး​ဖြင့် ရိုက်နယ်​ရ​၏​။ 28ဂျုံ​ကို အမှုန့်ကြိတ်​ရ​မည်​။ တလင်း​ကို​ကား အစဉ်​နယ်​ရ​သည်​မ​ဟုတ်​။ ဂျုံ​ကို မြင်း​လှည်း​ဖြင့် ကြိတ်​သော်လည်း ညက်ညက်ကြေ​စေ​သည်​မ​ဟုတ်​။ 29ထို​အမှုအရာ​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ထံ​တော်​မှ​လာ​သော အမှုအရာ​ဖြစ်​၏​။ ကိုယ်တော်​၏​အကြံဉာဏ်​သည် အံ့ဖွယ်​ဖြစ်​၏​။ ကိုယ်တော်​၏​ဉာဏ်ပညာ​သည် ကြီးမြတ်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 28: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ