ဟေရှာယအနာဂတ္တိကျမ်း 51
51
ဇိအုန်မြို့ကို ကယ်တင်ခြင်း
1ဖြောင့်မတ်ခြင်းနောက်သို့လိုက်၍ ထာဝရဘုရားကိုရှာသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ကို ခုတ်ဖြတ်ယူရာကျောက်ဆောင်၊ သင်တို့ကို တူးယူရာမိုင်းတွင်းကို ကြည့်ကြလော့။ 2သင်တို့အဖ အာဗြဟံ၊ သင်တို့ကိုမွေးဖွားသောစာရာကို ကြည့်ကြလော့။ ငါခေါ်စဉ်က အာဗြဟံတစ်ဦးတည်းရှိ၏။ ငါသည် သူ့ကို ကောင်းချီးပေး၍ များပြားစေ၏။ 3အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။ 4ငါ၏လူတို့၊ ငါ့စကားကိုအာရုံစိုက်နားထောင်ကြလော့။ ငါ၏လူမျိုးတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ ပညတ်တရား#51:4 သို့မဟုတ် “သွန်သင်ချက်”။သည် ငါ့ထံမှထွက်ပေါ်လာမည်။ ငါ၏တရားမျှတမှုကို လူတို့အတွက်အလင်းဖြစ်စေမည်။ 5ငါ၏ဖြောင့်မတ်ခြင်းသည် အနီးတွင်ရှိ၏။ ငါ၏ကယ်တင်ခြင်းသည် ထွက်လာပြီ။ ငါ့လက်ရုံးသည် လူမျိုးတို့ကိုတရားစီရင်မည်။ ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်၍ ငါ့လက်ရုံးကို မျှော်လင့်ကိုးစားကြလိမ့်မည်။ 6မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။ 7ဖြောင့်မတ်ခြင်းကိုသိ၍ ငါ၏ပညတ်တရား#51:7 သို့မဟုတ် “သွန်သင်ချက်”။ကို နှလုံးသွင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ လူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို မကြောက်ကြနှင့်။ သူတို့၏ကဲ့ရဲ့စော်ကားခြင်းကို မလန့်ကြနှင့်။ 8အကြောင်းမူကား ပိုးကောင်တို့သည် အဝတ်ကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ပိုးရွတို့သည် သိုးမွေးကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ငါ၏ဖြောင့်မတ်ခြင်းမူကား အစဉ်အမြဲတည်မည်။ ငါ၏ကယ်တင်ခြင်းသည် မျိုးဆက်အဆက်ဆက် တည်မည်။ 9အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။ 10အလွန်နက်ရှိုင်းသောပင်လယ်ရေထုကိုခန်းခြောက်စေသောသူ၊ ရွေးနုတ်ခံရသောသူများဖြတ်ကူးနိုင်ရန် နက်ရှိုင်းသောပင်လယ်ကို လမ်းဖြစ်စေသောသူကား ကိုယ်တော်ပင်မဟုတ်လော။ 11ထာဝရဘုရား ရွေးနုတ်ကယ်တင်သောသူတို့ ပြန်လာကြမည်။ သီချင်းဆိုလျက် ဇိအုန်မြို့ထဲသို့ဝင်လာကြမည်။ သူတို့၏ခေါင်းပေါ်၌ ဝမ်းမြောက်ခြင်းသရဖူကို အစဉ်အမြဲဆောင်းကြရမည်။ ဝမ်းနည်းခြင်း၊ ညည်းတွားခြင်းသည် ထွက်ပြေးသွား၍ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်းကို ရရှိကြမည်။ 12ထာဝရဘုရားက “ငါသာလျှင် သင်တို့ကိုနှစ်သိမ့်ပေးသောသူဖြစ်၏။ သေမျိုးဖြစ်သောလူ၊ မြက်ပင်ကဲ့သို့ဖြစ်သည့်လူသားကို သင်အဘယ်ကြောင့်ကြောက်ရွံ့သနည်း။ 13မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။ 14ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူသည် အလျင်အမြန်လွတ်မြောက်လာမည်။ သူသည် ထောင်တွင်းထဲ၌သေရမည်မဟုတ်။ သူ၌ အစားအစာ ချို့တဲ့မည်မဟုတ်။ 15ငါသည် ပင်လယ်ရေကိုထကြွစေ၍ လှိုင်းတံပိုးတို့ကိုမြည်ဟိန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖြစ်၏။ 16မိုးကောင်းကင်ကိုနေရာချထားရန်၊ ကမ္ဘာမြေကြီးကို အုတ်မြစ်ချထား#51:16 သို့မဟုတ် “စိုက်ပျိုး”။ရန်နှင့် ဇိအုန်မြို့သားအား ‘သင်သည် ငါ၏လူမျိုးတော်ဖြစ်၏’ဟု ပြောကြားရန် သင့်နှုတ်၌ ငါ့စကားကို သွင်းထားပြီ။ သင့်ကို ငါ့လက်အရိပ်ဖြင့် မိုးထားပြီ”ဟု မိန့်တော်မူ၏။ 17ထာဝရဘုရား၏လက်တော်မှ အမျက်တော်ဖလားကိုသောက်သော အသင်ဂျေရုဆလင်မြို့၊ နိုးလော့။ နိုးလော့။ ထလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလားထဲမှအနည်အဖတ်ကို သင်အကုန်အစင်သောက်ပြီ။ 18သူမွေးဖွားသောသားအပေါင်းတို့တွင် သူ့ကိုလမ်းပြသောသူ တစ်ယောက်မျှမရှိ။ သူကျွေးမွေးစောင့်ရှောက်သောသားအပေါင်းတို့တွင် သူ့ကိုလက်ဖြင့်ဆွဲခေါ်သောသူ တစ်ယောက်မျှမရှိ။ 19ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။ 20သင်၏သားတို့သည် အားနည်းမောပန်းနေကြပြီ။ လမ်းရှိသမျှ၌ ကျော့ကွင်းမိသောတောဆိတ်ကဲ့သို့ လဲလျောင်းနေကြပြီ။ သူတို့သည် ထာဝရဘုရား၏အမျက်တော်၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ပြည့်လေပြီ။ 21ထို့ကြောင့် အဖိနှိပ်ခံရသောသူ၊ စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးသောသူ၊ ယခု နားထောင်လော့။ 22သင်၏အရှင်သခင်၊ မိမိလူမျိုးတော်ကိုကာကွယ်သော သင်၏ဘုရားသခင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလား၊ ငါ့အမျက်တော်ဖလားထဲမှ အနည်အဖတ်ကို သင့်လက်မှ ငါသိမ်းယူပြီ။ သင်သည် ထိုဖလားကို နောက်တစ်ဖန်မသောက်ရ။ 23‘ငါတို့ ဖြတ်သွားမည်။ ဝပ်နေလော့’ဟု ဆိုကြသဖြင့် ဖြတ်သွားသောသူတို့အတွက် သင်သည် သင့်ကျောကုန်းကို မြေပြင်သဖွယ်၊ လမ်းသဖွယ်ခင်းပေးခဲ့ရ၏။ ထိုသို့ သင့်ကို အနိုင်ကျင့်ခဲ့သောသူတို့လက်ထဲသို့ ထိုဖလားကို ငါထည့်မည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 51: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative