ဟေရှာယအနာဂတ္တိကျမ်း 52
52
1အို ဇိအုန်မြို့၊ နိုးလော့။ နိုးလော့။ သင့်ခွန်အားကို ဝတ်ဆင်လော့။ အို သန့်ရှင်းသောဂျေရုဆလင်မြို့၊ သင်၏တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား အရေဖျားမလှီးသောသူ၊ ညစ်ညူးသောသူတို့သည် သင့်အထဲသို့ နောက်တစ်ဖန်ဝင်ရကြမည်မဟုတ်။ 2အို ဂျေရုဆလင်မြို့၊ မြေမှုန့်ကိုခါချ၍ ထလော့။ အို ဖမ်းခေါ်သွားခြင်းခံရသောဇိအုန်သမီးပျို၊ သင့်လည်ပင်းမှကြိုးကိုဖြေလော့။ 3ထာဝရဘုရားက “သင်တို့သည် အဖိုးမဲ့ရောင်းစားခံရသည်ဖြစ်၍ ငွေမပေးရဘဲ ရွေးနုတ်ခံရမည်”ဟု မိန့်တော်မူ၏။ 4ဘုရားရှင်ထာဝရဘုရားက “ငါ၏လူမျိုးတော်သည် ယခင်က အီဂျစ်ပြည်တွင်နေထိုင်ရန် ဆင်းသွားကြ၏။ အဆီးရီးယားလူမျိုးတို့သည် သူတို့ကို အကြောင်းမဲ့ နှိပ်စက်ကြ၏။ 5ယခု ငါဘာပြုရမည်နည်း။ ငါ့လူမျိုးတော်ကို အကြောင်းမဲ့ ခေါ်ဆောင်သွားကြပြီ။ သူတို့ကိုအုပ်စိုးသောသူတို့သည် ဟစ်ကြွေးကြ၏။ ငါ့နာမကို တစ်နေ့လုံး မထီလေးစားပြုကြ၏။ 6ငါ၏လူမျိုးတော်သည် ငါ့နာမကိုသိကြရမည်။ ‘ကြည့်ရှုလော့။ ငါသည် ထိုအရှင်ဖြစ်၏’ဟု မိန့်တော်မူသောသူသည် ငါပင်ဖြစ်ကြောင်းကို ထိုနေ့ရက်၌ သိကြရမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 7ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ငြိမ်းချမ်းခြင်းအကြောင်းပြောကြားသောသူ၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ကယ်တင်ခြင်းအကြောင်းပြောကြားသောသူ၊ “သင်၏ဘုရားသခင်သည် စိုးစံတော်မူ၏”ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေသည် တောင်ပေါ်တွင် အလွန်တင့်တယ်စွပါတကား။#ရော 10:15။ 8သင်၏ကင်းစောင့်တို့အသံပါတကား။ သူတို့သည် အသံလွှင့်၍ အတူတကွ ရွှင်လန်းစွာသီချင်းဆိုကြ၏။ အကြောင်းမူကား သူတို့သည် ဇိအုန်မြို့သို့ထာဝရဘုရားပြန်လာတော်မူသည်ကို မျက်ဝါးထင်ထင် မြင်ကြရသောကြောင့်တည်း။ 9ဂျေရုဆလင်မြို့၏ပြိုပျက်ရာအရပ်တို့၊ ဝမ်းမြောက်စွာဟစ်ကြော်ကြလော့။ အတူတကွ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကိုနှစ်သိမ့်တော်မူပြီ။ ဂျေရုဆလင်မြို့ကို ရွေးနုတ်တော်မူပြီ။ 10ထာဝရဘုရားသည် လူမျိုးတကာတို့၏မျက်မှောက်၌ မိမိ၏သန့်ရှင်းသောလက်ရုံးတော်ကိုပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်။ 11ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။#၂ကော 6:17။ 12သင်တို့သည် အလျင်စလိုမထွက်သွားရကြ။ ပြေး၍လည်းမသွားရကြ။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ရှေ့၌ကြွတော်မူမည်။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် အနောက်မှလည်း သင်တို့ကို ကာကွယ်တော်မူမည်။
အစေခံတစ်ဦး၏ဝေဒနာခံရခြင်းနှင့် ချီးမြှောက်ခံရခြင်း
13ကြည့်ရှုလော့။ ငါ့အစေအပါးသည် ပညာသတိရှိစွာလုပ်ဆောင်#52:13 သို့မဟုတ် “အောင်မြင်မှုရရှိ”။မည်။ သူသည် ချီးမြှင့်မြှောက်စားခြင်းခံရ၍ အထွတ်အမြတ်ဖြစ်မည်။ 14သူ၏ရုပ်ရည်သည် လူမဟုတ်သကဲ့သို့၊ သူ၏ရုပ်ဆင်းသဏ္ဌာန်သည် လူသားမဟုတ်သကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သဖြင့် လူများစွာတို့သည် သူ့ကိုအလွန်အံ့အားသင့်ကြ၏။ 15သူသည် လူမျိုးများစွာတို့ကို သန့်ရှင်းစေ#52:15 တိုက်ရိုက်ပြန်ဆိုလျှင် “ပက်ဖျန်း”။မည်။ ရှင်ဘုရင်တို့သည် သူ့ကြောင့် နှုတ်ပိတ်လျက်နေမည်။ အကြောင်းမူကား သူတို့အား မပြောပြဖူးသောအရာကို သူတို့သိမြင်ကြလိမ့်မည်။ သူတို့မကြားဖူးသောအရာကိုလည်း သူတို့နားလည်ကြလိမ့်မည်။#ရော 15:21။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 52: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative