ဟေရှာယအနာဂတ္တိကျမ်း 60
60
ဇိအုန်မြို့တွင်ထွန်းလင်းသော ထာဝရဘုရား၏ဘုန်းအသရေတော်
1ထလော့။ လင်းလော့။ သင်၏အလင်းသည်ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင်၌ ပေါ်ထွန်းလေပြီ။ 2ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုလည်းကောင်း၊ အမှောင်ထုသည် လူတို့ကိုလည်းကောင်း ဖုံးလွှမ်းမည်။ သို့သော်လည်း ထာဝရဘုရားသည် သင့်ထံ၌ ပေါ်ထွန်းတော်မူမည်။ ဘုန်းအသရေတော်သည် သင်၌ထင်ရှားမည်။ 3လူမျိုးတကာတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ ထွန်းလင်းသောရောင်ခြည်သို့လည်းကောင်း လာကြလိမ့်မည်။ 4ပတ်ပတ်လည်သို့မျှော်ကြည့်လော့။ လူအပေါင်းတို့သည်စုရုံး၍ သင့်ထံသို့လာကြပြီ။ သင်၏သားတို့သည် အဝေးကလာ၍ သင်၏သမီးတို့ကို ပွေ့ချီလာကြမည်။ 5သင်သည် မြင်၍ ဝမ်းသာပီတိဖြစ်မည်။ ဝမ်းမြောက်ဝမ်းသာဖြစ်၍ စိတ်လှုပ်ရှားမည်။ အကြောင်းမူကား ပင်လယ်၏စည်းစိမ်ဘဏ္ဍာသည် သင့်ထံသို့လှည့်လာ၍ လူမျိုးတကာတို့၏ဥစ္စာပစ္စည်းသည် သင့်ထံသို့ရောက်လာမည်။ 6မိဒျန်ပြည်နှင့်ဧဖာပြည်တို့မှ ကုလားအုတ်ပျိုအလုံးအရင်းတို့သည် သင့်ပြည်၌ ပြည့်လျှံလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် ရွှေနှင့်လော်ဗန်ကိုယူဆောင်လာ၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။ 7ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။ 8တိမ်တိုက်ကဲ့သို့လည်းကောင်း၊ အသိုက်ရှိရာသို့ပျံသန်းလာသောချိုးငှက်ကဲ့သို့လည်းကောင်း ပျံသန်းလာကြသည့် ဤသူတို့သည် မည်သူတို့နည်း။ 9အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။ 10တိုင်းတစ်ပါးသားတို့သည် သင်၏မြို့ရိုးတို့ကိုတည်ဆောက်ကြရမည်။ သူတို့၏ရှင်ဘုရင်တို့သည် သင်၏အမှုကိုထမ်းဆောင်ကြရမည်။ အကြောင်းမူကား ငါသည် သင့်ကို အမျက်ထွက်၍ ဒဏ်ခတ်သော်လည်း ကရုဏာထား၍ ကျေးဇူးပြုဦးမည်။ 11လူမျိုးတကာတို့၏ဥစ္စာပစ္စည်းကို သင့်ထံသို့ယူဆောင်လာနိုင်မည့်အကြောင်း၊ သူတို့၏ရှင်ဘုရင်များကို သင့်ထံသို့ခေါ်ဆောင်လာနိုင်မည့်အကြောင်း သင်၏တံခါးတို့ကို ပိတ်မထားရ၊ နေ့နေ့ညညအစဉ်ဖွင့်ထားရမည်။#ဗျာ 21:26။ 12သင်၏အမှုကိုမထမ်းဆောင်သောလူမျိုးဖြစ်စေ၊ တိုင်းနိုင်ငံဖြစ်စေ ပျက်စီးရလိမ့်မည်။ ထိုလူမျိုးတို့သည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။ 13ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်တောင်၏ဘုန်းအသရေတို့သည် သင့်ထံသို့အတူတကွရောက်လာပြီး ငါ၏သန့်ရှင်းရာဌာနကိုတင့်တယ်စေမည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းကျက်သရေရှိစေမည်။ 14သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။ 15သင့်ကိုစွန့်ပစ်မုန်းတီးကြပြီး မည်သူမျှမဖြတ်သန်းကြသော်လည်း ငါသည် သင့်ကို ထာဝရဂုဏ်ယူဝင့်ကြွားစရာ၊ မျိုးဆက်အဆက်ဆက်ပျော်ရွှင်စရာဖြစ်စေမည်။ 16သင်သည် လူမျိုးတကာတို့၏နို့ကိုစို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကို စို့ရလိမ့်မည်။ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ 17ငါသည် ကြေးနီအစား ရွှေ၊ သံအစား ငွေ၊ သစ်သားအစား ကြေးနီ၊ ကျောက်အစား သံကို ယူခဲ့မည်။ ငါသည် ငြိမ်သက်ခြင်းကို သင်၏ကြီးကြပ်ကွပ်ကဲသူဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို သင်၏အုပ်ချုပ်သူဖြစ်စေမည်။ 18သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။ 19နေ့အချိန် သင်ရသောအလင်းသည် နေ၏အလင်းမဟုတ်တော့ပေ။ တောက်ပသောလသည်လည်း သင့်အပေါ်ထွန်းလင်းတော့မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူမည်။ သင်၏ဘုရားသခင်သည် သင်၏ဂုဏ်ကျက်သရေဖြစ်တော်မူမည်။ 20သင်၌ နေဝင်ခြင်း၊ လကွယ်ခြင်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်၌ထာဝရအလင်းဖြစ်တော်မူ၍ သင်ငိုကြွေးမြည်တမ်းရသောနေ့ရက်တို့ အဆုံးသတ်လေပြီ။ 21သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။ 22လူအနည်းငယ်သည် လူတစ်ထောင်ဖြစ်လာမည်။ အားနည်းသောလူမျိုးသည် အားကြီးသောလူမျိုးဖြစ်လာမည်။ ငါထာဝရဘုရားသည် အချိန်တန်လျှင် ထိုအရာကို အလျင်အမြန်ဖြစ်စေမည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 60: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative