တရားသူကြီးမှတ်စာ 11
11
ယေဖသက အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်ဖြစ်လာခြင်း
1ဂိလဒ်ပြည်သား ယေဖသသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်ဦးဖြစ်၏။ ယေဖသ၏ဖခင်မှာ ဂိလဒ်ဖြစ်ပြီး မိခင်မှာ ပြည့်တန်ဆာမဖြစ်၏။ 2ဂိလဒ်၏မယားသည် သားတို့ကိုမွေးဖွား၏။ ထိုမယား၏သားတို့ ကြီးပြင်းလာသောအခါ ယေဖသအား “သင်သည် အခြားမိန်းမ၏သားဖြစ်သောကြောင့် ငါတို့အဖ၏အိမ်သူအိမ်သားတို့နှင့်အတူ အမွေမခံရ”ဟု ဆို၍နှင်ထုတ်ကြ၏။ 3ထို့ကြောင့် ယေဖသသည် ညီအစ်ကိုတို့ထံမှ ထွက်သွား၍ တောဘပြည်တွင် နေထိုင်၏။ အခြေအနေမဲ့သူတို့သည် သူ့ထံစုရုံးလာ၍ သူနှင့်လိုက်နေကြ၏။
4ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လာကြ၏။ 5ထိုသို့ အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးများကို တိုက်ခိုက်လာသောအခါ ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့သည် တောဘပြည်၌နေသော ယေဖသကို သွားခေါ်ကြ၏။ 6သူတို့က ယေဖသအား “လာပါ။ ငါတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်နိုင်ရန် ငါတို့ကို ဦးဆောင်ပါ”ဟု ဆိုကြ၏။
7ယေဖသကလည်း ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့အား “သင်တို့သည် ငါ့ကိုမုန်း၍ ငါ့ဖခင်၏အိမ်မှ ငါ့ကိုနှင်ထုတ်ခဲ့ကြသည်မဟုတ်လော။ ယခု သင်တို့ဒုက္ခရောက်မှ အဘယ်ကြောင့် ငါ့ထံလာကြသနည်း”ဟု ပြန်ပြော၏။
8ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထို့ကြောင့်ပင် ယခု သင့်ထံသို့ လာခဲ့ခြင်းဖြစ်၏။ ဂိလဒ်ပြည်သားတို့ကို ဦးဆောင်၍ အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ရန် ငါတို့နှင့်အတူ ပြန်လိုက်ခဲ့ပါ”ဟု ဆိုကြ၏။
9ယေဖသကလည်း ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့အား “အမ္မုန်အမျိုးသားတို့ကိုတိုက်ခိုက်ရန် သင်တို့သည် ငါ့ကိုပြန်ခေါ်၍ ထာဝရဘုရားသည်လည်း အမ္မုန်အမျိုးသားတို့ကို ငါ့လက်သို့အပ်တော်မူမည်ဆိုလျှင် ငါသည် သင်တို့၏ခေါင်းဆောင်ဖြစ်လာရမည်”ဟု ပြန်ပြော၏။
10ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထာဝရဘုရား ကြားသိတော်မူပါ၏။ သင်ပြောသည့်အတိုင်း ငါတို့လုပ်ပါမည်”ဟု ဆိုကြ၏။
11ထို့ကြောင့် ယေဖသသည် ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့နှင့်အတူ လိုက်သွား၏။ သူတို့သည် ယေဖသကို သူတို့၏ခေါင်းဆောင်၊ ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားကြ၏။ ယေဖသသည် ထိုသူတို့နှင့်ပြောခဲ့သောစကားအလုံးစုံကို မိဇပါမြို့တွင် ထာဝရဘုရားရှေ့တော်၌ လျှောက်တင်လေ၏။
အမ္မုန်ဘုရင်တောင်းဆိုချက်ကို ယေဖသငြင်းဆိုခြင်း
12ထို့နောက် ယေဖသသည် အမ္မုန်ဘုရင်ထံ တမန်ကို စေလွှတ်၍ “သင်နှင့်ငါ့အကြား၌ အဘယ်အကြောင်းရှိ၍ သင်သည် ငါ့ပြည်ကို လာတိုက်ရသနည်း”ဟု မေးလေသော်
13အမ္မုန်ဘုရင်က “အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှလာစဉ်က အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းတိုင်အောင်၊ ဂျော်ဒန်မြစ်တစ်လျှောက် သိမ်းယူခဲ့သော ငါ့ပြည်ကို ယခု အေးအေးဆေးဆေးပြန်ပေးပါ”ဟု ယေဖသ၏တမန်တို့အား ပြန်ပြော၏။
14တစ်ဖန် ယေဖသသည် တမန်တို့ကို အမ္မုန်ဘုရင်ထံသို့ စေလွှတ်၏။ 15တမန်က အမ္မုန်ဘုရင်အား “ယေဖသက ‘အစ္စရေးလူမျိုးတို့သည် မောဘပြည်၊ အမ္မုန်ပြည်ကို သိမ်းယူခဲ့သည်မဟုတ်။ 16အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှလာစဉ်က ပင်လယ်နီတိုင်အောင် တောကန္တာရကို ဖြတ်လျှောက်ပြီး ကာဒေရှအရပ်ကိုရောက်ခဲ့၏။ 17ထိုအခါ အစ္စရေးလူမျိုးတို့သည် ဧဒုံဘုရင်ထံ တမန်များကိုစေလွှတ်၍ “အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ”ဟု ခွင့်တောင်းသော်လည်း ဧဒုံဘုရင်သည် နားမထောင်။ မောဘဘုရင်ထံလည်း တမန်များကို စေလွှတ်၏။ သူသည်လည်း ခွင့်မပြုဘဲနေ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကာဒေရှအရပ်၌သာ နေကြရ၏။
18ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။
19တစ်ဖန် အစ္စရေးလူမျိုးတို့သည် ဟေရှဘုန်မြို့တွင် နန်းစံသောအာမောရိဘုရင်ရှိဟုန်မင်းကြီးထံ တမန်ကိုစေလွှတ်၍ အစ္စရေးလူမျိုးတို့က “အကျွန်ုပ်တို့၏နေရပ်သို့သွားရန် သင့်ပြည်ကိုဖြတ်ခွင့်ပြုပါ”ဟု လျှောက်ဆိုစေသော်လည်း 20ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမယုံသဖြင့် နယ်မြေကို ဖြတ်ခွင့်မပေး။ ထို့ပြင် ရှိဟုန်မင်းကြီးသည် မိမိလူတို့ကို စုရုံးပြီး ယာဟတ်မြို့၌တပ်ချကာ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ 21သို့သော် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ရှိဟုန်မင်းကြီးမှစ၍ သူ့လူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးလူမျိုးတို့သည် သူတို့ကိုတိုက်၍ အာမောရိပြည်တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့၏။ 22အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းတိုင်အောင်၊ တောကန္တာရမှ ဂျော်ဒန်မြစ်တိုင်အောင် အာမောရိနယ်မြေတစ်ခုလုံးကို သိမ်းပိုက်လိုက်ကြ၏။
23စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အာမောရိလူမျိုးတို့ကို မိမိလူမျိုးတော်အစ္စရေးတို့ရှေ့မှ နှင်ထုတ်တော်မူခဲ့ခြင်းဖြစ်၏။ ယခုမှာ သင်သည် ထိုပြည်ကို ပြန်သိမ်းပိုက်လိုသလော။ 24သင်၏ဘုရား ခေမုရှ ပေးသောပြည်ကို သင်ပိုင်သည်မဟုတ်လော။ ထိုနည်းတူ ငါတို့၏ဘုရားသခင်ထာဝရဘုရားပေးသောပြည်ကို ငါတို့ပိုင်၏။ 25သင်သည် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးထက် သာ၍မြတ်သလော။ သူသည် အစ္စရေးလူမျိုးကို ရန်တွေ့ဖူးသလော၊ စစ်တိုက်ဖူးသလော။ 26အစ္စရေးလူမျိုးတို့ ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာရော်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာနုန်ချောင်းဘေးတစ်လျှောက်ရှိမြို့ရွာရှိသမျှတို့၌ နှစ်ပေါင်းသုံးရာနေထိုင်ကြစဉ်အခါက အဘယ်ကြောင့် သင်တို့ ပြန်မသိမ်းယူခဲ့သနည်း။ 27အကျွန်ုပ်သည် သင့်ကို အမှားပြုမိသည်မဟုတ်။ သင်ကသာ အကျွန်ုပ်ကို တိုက်ခိုက်ပြီးအမှားလုပ်မိပြီ။ ယနေ့ တရားသူကြီးထာဝရဘုရားကသာ အစ္စရေးအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့ကြား တရားစီရင်ပါစေ’ဟူ၍ မှာကြားလိုက်သည်”ဟု ဆိုလေ၏။ 28သို့သော် အမ္မုန်ဘုရင်သည် ယေဖသမှာလိုက်သောစကားကို နားမထောင်ပေ။
ယေဖသပြုသောကတိသစ္စာ
29ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ် သက်ရောက်တော်မူသဖြင့် သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်တို့ကိုဖြတ်၍ ဂိလဒ်ပြည်ရှိ မိဇပါမြို့သို့ ချီတက်သွား၏။ ဂိလဒ်ပြည် မိဇပါမြို့မှ အမ္မုန်အမျိုးသားတို့ရှိရာသို့ ဆက်၍ချီတက်သွား၏။ 30ယေဖသက “ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်ဆိုလျှင် 31အမ္မုန်အမျိုးသားတို့ကို အောင်နိုင်၍ ပြန်လာသောအခါ အကျွန်ုပ်အား အိမ်တံခါးဝမှထွက်ကြိုသောသူကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်အဖြစ် ပူဇော်ပါမည်”ဟု ထာဝရဘုရားထံ ကတိသစ္စာပြုလေ၏။
32ထို့နောက် ယေဖသသည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်လေ၏။ ထာဝရဘုရားကလည်း သူတို့ကို ယေဖသလက်သို့ အပ်တော်မူ၏။ 33ယေဖသသည် အာရော်မြို့မှ မိန္နိတ်မြို့၊ အာဗေလခေရမိမ်မြို့တို့အထိ မြို့ပေါင်းနှစ်ဆယ်ကို အကြီးအကျယ်လုပ်ကြံတိုက်ခိုက်၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ရလေ၏။ 34ယေဖသသည် မိဇပါမြို့ရှိ မိမိအိမ်သို့ပြန်လာသောအခါ သူ၏သမီးသည် သူ့ကိုကြိုဆိုရန် ပတ်သာတီးလျက်၊ ကခုန်လျက် ထွက်လာလေ၏။ သူသည် တစ်ဦးတည်းသောသမီးဖြစ်၏။ ထိုသမီးမှလွဲ၍ သူ၌ အခြားသောသားသမီး မရှိ။ 35ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။
36သမီးဖြစ်သူက ဖခင်အား “အဖေသည် ထာဝရဘုရားထံ ကတိသစ္စာပြုပြီဖြစ်၍ ကတိထားသည့်အတိုင်း ပြုပါလော့။ အဖေ၏ရန်သူအမ္မုန်အမျိုးသားတို့အား လက်တုံ့ပြန်ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ 37သို့သော် အဖေ့ကို တစ်ခုတောင်းဆိုပါရစေ။ အကျွန်ုပ်ကို နှစ်လခွင့်ပြုပါ။ အကျွန်ုပ်သည် အကျွန်ုပ်အဖော်များနှင့်အတူ တောင်ပေါ်တွင် သွား၍ အပျိုစင်ဘဝအဖြစ်ကို ငိုကြွေးပါရစေ”ဟု တောင်းဆိုလေ၏။
38ဖခင်က “သွားလော့”ဟု ဆို၍ သူ့အား နှစ်လသွားခွင့်ပြုလိုက်၏။ သူသည် မိန်းကလေးအဖော်များနှင့်အတူ တောင်ပေါ်သို့ သွားကာ အပျိုစင်ဘဝနှင့်အသက်စွန့်ရမည့်အဖြစ်ကို ငိုကြွေးကြလေ၏။ 39နှစ်လပြည့်သောအခါ သူသည် ဖခင်ထံပြန်လာ၏။ ဖခင်သည်လည်း မိမိကတိသစ္စာပြုသည့်အတိုင်း သမီး၌ ပြုလေ၏။ သူသည် ယောက်ျားနှင့်မဆက်ဆံဖူးသောအပျိုစင်ဖြစ်၏။ ဤသို့ဖြင့် အစ္စရေးလူမျိုးတို့တွင် ဓလေ့တစ်ခုဖြစ်လာလေ၏။ 40ထိုနေ့မှစ၍ အစ္စရေးသမီးပျိုတို့သည် ဂိလဒ်အမျိုးသား၊ ယေဖသ၏သမီးအတွက် တစ်နှစ်လျှင်လေးရက် နှစ်စဉ်သတိရအောက်မေ့လေ့ရှိကြ၏။
လက်ရှိရွေးချယ်ထားမှု
တရားသူကြီးမှတ်စာ 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative