YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 10

10
တောလနှင့်ယာဣရ
1အဘိမလက် သေဆုံး​ပြီး​နောက်တွင် အစ္စရေး​လူမျိုး​တို့​ကို ကယ်တင်​ရန် ဣသခါ​အမျိုးသား​၊ ဒေါဒေါ​၏​မြေး​၊ ဖုဝါ​၏​သား​တောလ ပေါ်ထွန်း​၏​။ သူ​သည် ဧဖရိမ်​တောင်ကုန်း​၊ ရှမိရ​မြို့​တွင် နေထိုင်​၏​။ 2သူ​သည် အစ္စရေး​လူမျိုး​တို့​ကို နှစ်​ပေါင်း​နှစ်ဆယ့်​သုံး​နှစ် စီရင်အုပ်ချုပ်​ပြီးမှ သေဆုံး​သဖြင့် ရှမိရ​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။
3တောလ​သေဆုံး​ပြီးနောက် ဂိလဒ်​အနွယ် ယာဣရ​ပေါ်ထွန်း​၍ အစ္စရေး​လူမျိုး​တို့​ကို နှစ်​ပေါင်း​နှစ်ဆယ့်​နှစ်​နှစ် စီရင်အုပ်ချုပ်​လေ​၏​။ 4ထို​သူ​၌ မြည်း​အကောင်​သုံးဆယ်​ကို ကိုယ်စီ​စီး​ခွင့်​ရှိ​သော​၊ မြို့​ကို ကိုယ်စီ​အပိုင်စား​ရ​သော သား​အယောက်​သုံးဆယ် ရှိ​၏​။ ထို​မြို့​တို့​သည် ဂိလဒ်​ပြည်​တွင်​ရှိ​ပြီး ယနေ့​တိုင်အောင် “​ဟာဝုတ်ယာဣရ​”​ဟု ခေါ်ဆို​ကြ​၏​။ 5ယာဣရ​သေဆုံး​၍ ကာမုန်​မြို့​၌ သူ့​ကို သင်္ဂြိုဟ်​၏​။
အစ္စရေးအမျိုးသားတို့အပြစ်ပြုခြင်း၊ နောင်တရခြင်း
6တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို ဝတ်​မ​ပြု​၊ ထာဝရဘုရား​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​၊ အာရှတရက်​ဘုရား​၊ ဆီးရီးယား​ဘုရား​၊ ဆီဒုန်​ဘုရား​၊ မောဘ​ဘုရား​၊ အမ္မုန်​ဘုရား​၊ ဖိလိတ္တိ​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။ 7ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို အမျက်ထွက်​၍ သူ​တို့​ကို ဖိလိတ္တိ​လူမျိုး​၊ အမ္မုန်​လူမျိုး​တို့​လက်​သို့ ရောင်း​လိုက်​လေ​၏​။ 8ထို​အချိန်​မှစ၍ သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ အာမောရိ​လူမျိုး​တို့​၏​နေရာ​ဂိလဒ်​ပြည်​ရှိ အစ္စရေး​အမျိုးသား​တို့​ကို တစ်ဆယ့်​ရှစ်​နှစ်​ဖိနှိပ်​ညှဉ်းဆဲ​ကြ​၏​။ 9အမ္မုန်​အမျိုးသား​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ယုဒ​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​၊ ဧဖရိမ်​အမျိုးအနွယ် တို့​ကို​လာရောက်​တိုက်ခိုက်​သဖြင့် အစ္စရေး​လူမျိုး​တို့ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။ 10ထိုအခါ အစ္စရေး​အမျိုးသား​တို့​က “​အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​ကို ဝတ်ပြု​မိ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​လျှောက်ဆို​ကြ​၏​။
11ထာဝရဘုရား​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​အီဂျစ်​လူမျိုး​၊ အာမောရိ​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ သင်​တို့​ကို ငါ​ကယ်တင်​ခဲ့​သည် မ​ဟုတ်​လော​။ 12ဆီဒုန်​လူမျိုး​၊ အာမလက်​လူမျိုး​၊ မောန​လူမျိုး​တို့​သည် သင်​တို့​ကို ညှဉ်းဆဲ​၍ သင်​တို့​သည် ငါ့​ကို​အော်ဟစ်​သောအခါ ငါ​သည် သင်​တို့​ကို ထို​သူ​တို့​လက်​မှ​လည်း ကယ်တင်​ခဲ့​၏​။ 13သို့သော် သင်​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ အခြား​ဘုရား​များ​ကို ဝတ်ပြု​ကြ​၏​။ ထို့ကြောင့် ငါ​သည် သင်​တို့​ကို ကယ်တင်​တော့​မည်​မ​ဟုတ်​။ 14သင်​တို့​ရွေးချယ်​ခဲ့​သော​ဘုရား​များ​ထံသို့ သွား​၍​အော်ဟစ်​ကြ​လော့​။ သင်​တို့ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ သူ​တို့​သည် သင်​တို့​ကို ကယ်တင်​ပါစေ​”​ဟု မိန့်​တော်မူ​၏​။
15သို့သော် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​ပြစ်မှား​မိ​ပါ​ပြီ​။ အလိုရှိ​သည်​အတိုင်း​ပြု​တော်မူ​ပါ​။ သို့သော် ယခုမှာ အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​”​ဟု လျှောက်ဆို​ကြ​၏​။ 16ထို့နောက် သူ​တို့​သည် တိုင်းတစ်ပါးသား​ဘုရား​များ​ကို သူ​တို့​ထံမှ ဖယ်ရှား​ပြီး ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။ အစ္စရေး​လူမျိုး​တို့ ကြုံတွေ့​ရ​သော အခက်အခဲ​ပြဿနာ​များ​ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို သနား​တော်မူ​၏​။
17ထိုအခါ အမ္မုန်​အမျိုးသား​တို့​သည် ဂိလဒ်​ပြည်​တွင် စုရုံး​စခန်းချ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​တွင် စုရုံး​စခန်းချ​ကြ​၏​။ 18ဂိလဒ်​ပြည်သား​အကြီးအကဲ​တို့​က “​အမ္မုန်​အမျိုးသား​တို့​ကို မည်သူ​ဦးဆောင်​တိုက်ခိုက်​မည်နည်း​။ ထို​သူ​ကို ဂိလဒ်​ပြည်​၏​ခေါင်းဆောင်​ဖြစ်​စေ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ