YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 9

9
အဘိမလက်ကို မင်းမြှောက်ခြင်း
1ယေရုဗ္ဗာလ​၏​သား အဘိမလက်​သည် မိခင်​ဘက်​မှ ညီအစ်ကို​တို့​ရှိ​ရာ ရှေခင်​မြို့​သို့​သွား​ပြီး မိခင်​ဘက်​မှ ဘိုးဘေး​မျိုးနွယ်စု​တို့​အား 2“ ‘​သင်​တို့​ကို ယေရုဗ္ဗာလ​၏​သား အယောက်​ခုနစ်ဆယ်​အုပ်စိုး​သည်​က ပိုကောင်း​သလော​။ သို့မဟုတ် တစ်ဦးတည်း​အုပ်စိုး​သည်​က ပိုကောင်း​သလော’​ဟူ၍ ရှေခင်​မြို့သား​အပေါင်း​တို့​အား ပြောကြား​လော့​။ ငါ​သည် သင်​တို့​၏​သွေးရင်းသားရင်း​ဖြစ်​သည်​ကို သတိရ​ကြ​ပါ​”​ဟု ဆို​၏​။
3သူ​၏​မိခင်​ဘက်​မှ ညီအစ်ကို​တို့​သည် ထို​စကား​အလုံးစုံ​ကို ရှေခင်​မြို့သား​တို့​အား ပြောကြား​သောအခါ သူ​တို့​က “​အဘိမလက်​သည် ငါ​တို့​၏​အမျိုးသားချင်း​ဖြစ်​၏​”​ဟု ဆို​လျက် သူ့​နောက်သို့ စိတ်ပါ​သွား​ကြ​၏​။ 4သူ​တို့​သည် ဗာလဗေရိတ်​ဝတ်ကျောင်း​ထဲမှ ငွေ​ခုနစ်ဆယ်​ရှယ်ကယ်#9:4 “53.5 ကျပ်သား သို့မဟုတ် 805 ဂရမ်”။​ကို အဘိမလက်​အား​ပေး​ရာ သူ​က ထို​ငွေ​ဖြင့် လူဆိုး​လူမိုက်​တို့​ကို ငှားရမ်း​၍ သူ့​နောက်​လိုက်​စေ​၏​။ 5အဘိမလက်​သည် ဖခင်​၏​အိမ်​ရှိ​ရာ ဩဖရ​မြို့​သို့​သွား​ပြီး ယေရုဗ္ဗာလ​၏​သား မိမိ​ညီအစ်ကို အယောက်​ခုနစ်ဆယ်​တို့​ကို ကျောက်ဖျာ​တစ်ခုတည်း​ပေါ်တွင် သတ်​လေ​၏​။ ယေရုဗ္ဗာလ​၏​သား​ထွေး ယောသံ​သည် ပုန်း​နေ​သောကြောင့် အသက်ရှင်​ကျန်ရစ်​ခဲ့​၏​။ 6ထို့နောက် ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​အပေါင်း​တို့​သည် ရှေခင်​မြို့​ရှိ အထိမ်းအမှတ်​ဝက်သစ်ချပင်​ရှိ​ရာ​သို့ စုရုံး​သွား​ကြ​ပြီး အဘိမလက်​ကို မင်းမြှောက်​ကြ​၏​။
ယောသံပြောသောပုံဥပမာ
7ထို​သတင်း​ကို ယောသံ​ကြား​သောအခါ ထွက်သွား​၍ ဂေရဇိမ်​တောင်​ထိပ်​ပေါ်၌ ရပ်​လျက် “​ရှေခင်​အမျိုးသား​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ သို့ပြုလျှင် ဘုရားသခင်​လည်း သင်​တို့​စကား​ကို နားထောင်​တော်မူ​မည်​။ 8တစ်ခါက သစ်ပင်​တို့​သည် မိမိ​တို့​ကို​အုပ်စိုး​မည့်​ရှင်ဘုရင်​တစ်ပါး​ကို ဘိသိက်ပေး​ရန် လိုက်ရှာ​ကြ​ရာ သံလွင်ပင်​ထံသို့​ရောက်​၍ ‘​အကျွန်ုပ်​တို့​ကို အုပ်စိုး​ပါ​လော့​’​ဟု ဆို​ကြ​၏​။ 9သို့သော် သံလွင်ပင်​က ‘​ဘုရား​နှင့် လူ​တို့​ကို ဂုဏ်ပြုချီးမွမ်း​ရာ​တွင် သုံး​ကြ​သော ငါ့​အဆီ​ကို မ​ထုတ်​ပေး​တော့​ဘဲ သစ်ပင်​တို့​ကို သွား​၍​အုပ်စိုး​ရ​မည်လော​’​ဟု ပြန်ပြော​၏​။ 10တစ်ဖန် သဖန်းပင်​ထံ​သွား​ပြီး ‘​အကျွန်ုပ်​တို့​ကို လာ​အုပ်စိုး​ပါ​လော့​’​ဟု ဆို​ပြန်​လျှင် 11သဖန်းပင်​က​လည်း ‘​ငါ​၏​ချိုမြိန်​သော​အသီး​၊ ကောင်း​သော​အသီး သီး​ခြင်း​မှ​ရပ်​ပြီး သစ်ပင်​တို့​ကို သွား​၍​အုပ်စိုး​ရ​မည်လော​’​ဟု ဆို​၏​။ 12တစ်ဖန် စပျစ်​ပင်​ထံ​သွား​ပြီး ‘​အကျွန်ုပ်​တို့​ကို လာ​အုပ်စိုး​ပါ​လော့​’​ဟု ဆို​ပြန်​၏​။ 13စပျစ်ပင်​က​လည်း ‘​ဘုရား​နှင့် လူ​တို့​ကို​ဝမ်းမြောက်​စေ​သော ငါ​၏​စပျစ်ဝိုင်​အသစ်​ကို မထုတ်​ပေး​တော့​ဘဲ သစ်ပင်​တို့​အား သွား​၍​အုပ်စိုး​ရ​မည်လော​’​ဟု ဆို​၏​။ 14နောက်ဆုံး​၌ သစ်ပင်​အပေါင်း​တို့​သည် ဆူးလေပင်​ထံ​သွား​ပြီး ‘​အကျွန်ုပ်​တို့​ကို လာ​အုပ်စိုး​ပါ​လော့​’​ဟု ဆို​ကြ​၏​။ 15ဆူးလေပင်​က​လည်း သစ်ပင်​တို့​အား ‘​စင်စစ် သင်​တို့​သည် ငါ့​ကို ဘိသိက်ပေး​၍ သင်​တို့​ကို အုပ်စိုး​စေ​လို​လျှင် လာ​ကြ​၊ ငါ့​အရိပ်​၌ ခိုလှုံ​ကြ​။ သို့မဟုတ်လျှင် ဆူးလေပင်​ထဲက မီး​ထွက်​ပြီး လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​များ​ကို လောင်ကျွမ်း​ပစ်​မည်​’​ဟု ဆို​လေ​၏​။
16သင်​တို့​လည်း အဘိမလက်​ကို မင်းမြှောက်​ရာ​တွင် ဖြောင့်မတ်​မှန်ကန်​စွာ ပြု​ပြီ​လော​။ ယေရုဗ္ဗာလ​နှင့် သူ​၏​အိမ်သူအိမ်သား​တို့​ကို တရားမျှတ​စွာ​ပြု​ကြ​ပြီ​လော​။ သူ​ခံထိုက်​သော​အရာ​နှင့်အညီ သူ့​ကို​ကျေးဇူးဆပ်​ကြ​ပြီ​လော​။ 17ငါ့​ဖခင်​သည် သင်​တို့​အတွက် အသက်စွန့်​တိုက်ပွဲ​ဝင်​ခဲ့​၍ သင်​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​မှ ကယ်တင်​ခဲ့​၏​။ 18သို့သော် ယခုမှာ သင်​တို့​သည် ငါ့​ဖခင်​၏​အိမ်သူအိမ်သား​တို့​ကို ထကြွပုန်ကန်​၍ သူ့​သား​အယောက်​ခုနစ်ဆယ်​ကို ကျောက်ဖျာ​တစ်​ခု​ပေါ်တွင် သတ်ပစ်​ကြ​ပြီ​။ သူ့​ကျွန်မ​၏​သား​အဘိမလက်​သည် သင်​တို့​၏​အမျိုးသားချင်း​ဖြစ်​သောကြောင့် ရှေခင်​မြို့သား​တို့​ကို အုပ်စိုး​ရန် သူ့​ကို မင်းမြှောက်​ကြ​၏​။ 19ယခု သင်​တို့​သည် ယေရုဗ္ဗာလ​နှင့် သူ့​အိမ်သူအိမ်သား​တို့​ကို ဖြောင့်မတ်​မှန်ကန်​စွာ​ပြု​သည်​မှန်​လျှင် အဘိမလက်​အားဖြင့် ဝမ်းမြောက်​ကြ​လော့​။ သူ​သည်​လည်း သင်​တို့​အားဖြင့် ဝမ်းမြောက်​ပါစေ​။ 20သို့မဟုတ်လျှင် အဘိမလက်​ထဲမှ မီး​ထွက်​၍ ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​တို့​ကို လောင်ကျွမ်း​ပါစေ​။ ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​တို့​ထဲမှ​လည်း မီး​ထွက်​၍ အဘိမလက်​ကို လောင်ကျွမ်း​ပါစေ​”​ဟု ကျယ်လောင်​စွာ​အော်ဟစ်​ပြီးလျှင် 21ယောသံ​သည် မိမိ​အစ်ကို​အဘိမလက်​ကို ကြောက်​သောကြောင့် ထွက်ပြေး​ပြီး ဗေရ​မြို့​တွင် သွားရောက်​နေထိုင်​လေ​၏​။
အဘိမလက်ခံရသောအပြစ်ဒဏ်
22အဘိမလက်​သည် အစ္စရေး​လူမျိုး​တို့​ကို သုံး​နှစ်​ကြာ​အုပ်စိုး​၏​။ 23ဘုရားသခင်​သည် အဘိမလက်​နှင့် ရှေခင်​မြို့သား​တို့​ကြား​တွင် ဆိုးညစ်​သော​ဝိညာဉ်​ကို စေလွှတ်​သဖြင့် ရှေခင်​မြို့သား​တို့​သည် အဘိမလက်​ကို သစ္စာဖောက်​ကြ​၏​။ 24ယေရုဗ္ဗာလ​၏​သား​အယောက်​ခုနစ်ဆယ်​ကို ရက်ရက်စက်စက်​သတ်ဖြတ်​ကြ​သော​အမှု​ကြောင့် ပြန်​ပေးဆပ်​ရ​မည့်​သွေးကြွေး​သည် ညီအစ်ကို​တို့​အား သတ်​သော​အဘိမလက်​နှင့် ထို​ညီအစ်ကို​တို့​အား သတ်​သော​အမှု​၌ ကူညီပေး​သော​ရှေခင်​မြို့သား​တို့​အပေါ်​သို့ ကျရောက်​ခြင်း​ဖြစ်​၏​။ 25ရှေခင်​မြို့သား​တို့​သည် အဘိမလက်​ကို ချောင်းမြောင်း​တိုက်ခိုက်​ရန် တောင်​ပေါ်တွင် လူစောင့်​ချထား​ကြောင်း​၊ လမ်းသွားလမ်းလာ​တို့​ကို လုယက်​တိုက်ခိုက်​ကြောင်း​ကို အဘိမလက်​လည်း ကြားသိ​၏​။
26ထိုစဉ် ဧဗက်​၏​သား​ဂါလ​နှင့် သူ့​ညီအစ်ကို​တို့​သည် ရှေခင်​မြို့​သို့ ရောက်လာ​ကြ​၏​။ ရှေခင်​မြို့သား​တို့​သည် သူ့​ကို ယုံကြည်အားထား​ကြ​၏​။ 27သူ​တို့​သည် လယ်ပြင်​သို့​သွား​၍ စပျစ်ခြံ​မှ စပျစ်သီး​များ​ကို ဆွတ်ခူး​ကြ​၏​။ စပျစ်သီး​များ​ကို နင်းနယ်​၍ ပျော်ပွဲ​ကျင်းပ​ကြ​၏​။ သူ​တို့​၏​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ စား​သောက်​လျက် အဘိမလက်​ကို ကျိန်ဆဲ​ကြ​၏​။ 28ဧဗက်​၏​သား ဂါလ​က “​ငါ​တို့​သည် အဘိမလက်​ကို​အစေခံ​ရ​မည့်​အကြောင်း ရှေခင်​သား​အဘိမလက်​ကား မည်သူ​နည်း​။ သူ​သည် ယေရုဗ္ဗာလ​၏​သား​မ​ဟုတ်​လော​။ ဇေဗုလ​သည် သူ​၏​လက်ထောက်​မ​ဟုတ်​လော​။ ရှေခင်​၏​အဖ ဟာမော်​၏​လူ​တို့​ကို အစေခံ​ကြ​လော့​။ အဘိမလက်​ကို အဘယ်ကြောင့် အစေခံ​ရ​မည်နည်း​။ 29ဤ​လူ​တို့​သာ ငါ့​လက်​အောက်​သို့​ရောက်​လျှင် ငါ​သည် အဘိမလက်​ကို​ဖယ်ရှား​ပစ်​မည်​”​ဟု ဆို​ပြီး အဘိမလက်​အား​လည်း “​သင်​၏​စစ်တပ်​ကို​အင်အားဖြည့်​ပြီး ထွက်​ခဲ့​လော့​”​ဟု စိန်ခေါ်​လေ​၏​။
30ထို​မြို့​၏​အကြီးအကဲ​ဇေဗုလ​သည် ဧဗက်​၏​သား​ဂါလ ပြော​သော​စကား​ကို​ကြား​သောအခါ အမျက်ထွက်​၍ 31အဘိမလက်​ထံသို့ တမန်​တို့​ကို တိတ်တဆိတ်​စေလွှတ်​ကာ “​ဧဗက်​၏​သား​ဂါလ​နှင့် သူ​၏​ညီအစ်ကို​တို့​သည် ရှေခင်​မြို့​သို့​ရောက်လာ​၍ သင့်​ကို ဆန့်ကျင်​ရန် မြို့သား​တို့​ကို လှုံ့ဆော်​နေ​ပြီ​။ 32ထို့ကြောင့် သင်​နှင့် သင့်​လူ​တို့​သည် ညအချိန်​ချီလာ​၍ တော​၌ ကင်းပုန်းချ​လော့​။ 33သင်​သည် စောစောထ​၍ နံနက်​နေထွက်လျှင်ထွက်ချင်း ထို​မြို့​ကို တစ်ဟုန်ထိုး​ဝင်တိုက်​လော့​။ သူ​နှင့် သူ့​လူ​တို့ ထွက်လာ​သောအခါ အခွင့်သာ​သည့်​အတိုင်း သူ​တို့​ကို တိုက်​လော့​”​ဟု ပြောကြား​စေ​၏​။ 34ထို့ကြောင့် အဘိမလက်​သည် မိမိ​လူ​အပေါင်း​တို့​နှင့်တကွ ညအချိန်​ချီလာ​၍ ရှေခင်​မြို့​အနီး​၌ ကင်းပုန်း​လေး​ခု ချ​ထား​၏​။
35ဧဗက်​၏​သား​ဂါလ​သည် မြို့​တံခါးဝ​တွင် ထွက်​ရပ်​နေ​သောအခါ အဘိမလက်​နှင့်​သူ့​လူ​တို့​လည်း ကင်းပုန်းချ​ရာ​နေရာ​မှ ထွက်လာ​ကြ​၏​။ 36ဂါလ​သည် သူ​တို့​ကို​မြင်​သောအခါ ဇေဗုလ​အား “​ကြည့်​ပါ​။ လူ​များ တောင်​ထိပ်​ပေါ်မှ ဆင်းလာ​ကြ​သည်​”​ဟု ဆို​လျှင် ဇေဗုလ​က သူ့​အား “​တောင်​၏​အရိပ်​ကို လူ​ကဲ့သို့ သင်​မြင်​နေ​သည်​”​ဟု ပြန်ပြော​၏​။
37တစ်ဖန် ဂါလ​က “​ကြည့်​ပါ​။ လူ​တို့​သည် တောင်​အလယ်​တစ်ဝက်​မှ ဆင်းလာ​ကြ​ပြီး နောက်တစ်ဖွဲ့​က မောနေနိမ်​ဝက်သစ်ချပင်​လမ်း​မှ လာ​နေ​ကြ​ပြီ​”​ဟု ဆို​၏​။ 38ထိုအခါ ဇေဗုလ​က ဂါလ​အား “​သင်​က ‘​ငါ​တို့​သည် အဘိမလက်​ကို​အစေခံ​ရ​မည့်​အကြောင်း သူ​ကား မည်သူ​နည်း​’​ဟု ပြော​ခဲ့​သည်​မှာ ယခု မည်သို့ ဖြစ်​ပြီ​နည်း​။ သင်​သည် ထို​သူ​တို့​ကို မထီမဲ့မြင်ပြု​ခဲ့​သည်​မ​ဟုတ်​လော​။ ယခု​သူ့​ကို ထွက်​တိုက်​ပါ​လော့​”​ဟု ဆို​လေ​၏​။
39ဂါလ​လည်း ရှေခင်​မြို့သား​တို့​ကို ဦးဆောင်​၍ အဘိမလက်​ကို ထွက်တိုက်​လေ​၏​။ 40သို့ရာတွင် အဘိမလက်​သည် သူ့​ကို​လိုက်တိုက်​သဖြင့် သူ​သည် အဘိမလက်​ရှေ့​မှ​ထွက်ပြေး​လေ​၏​။ မြို့​တံခါးဝ​တိုင်အောင် ဒဏ်ရာရ​သူ​အမြောက်အမြား လဲကျ​သေဆုံး​ကြ​၏​။ 41အဘိမလက်​သည် အရုမ​မြို့​၌​နေထိုင်​လေ​၏​။ ဇေဗုလ​သည် ဂါလ​နှင့်​သူ​၏​ညီအစ်ကို​တို့​ကို နှင်ထုတ်​လိုက်​သဖြင့် ရှေခင်​မြို့​၌ သူ​တို့ မ​နေထိုင်​ရ​တော့​ချေ​။
42နောက်တစ်နေ့​တွင် ရှေခင်​မြို့သား​တို့ မြို့ပြင်​သို့​ထွက်လာ​သည်​ကို အဘိမလက် ကြား​လျှင် 43သူ့​လူ​တို့​ကို သုံး​ဖွဲ့​ခွဲ​၍ မြို့ပြင်​တွင် ကင်းပုန်းချ​၏​။ မြို့​ထဲမှ​လူ​တို့​ထွက်လာ​သည်​ကို မြင်​လျှင် သူ​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။ 44အဘိမလက်​နှင့်​အဖွဲ့​သည် မြို့​တံခါးဝ​သို့ ပြေးသွား​၍ နေရာယူ​ကြ​၏​။ ကျန်​နှစ်​ဖွဲ့​သည် မြို့ပြင်​ရှိ​လူ​တို့​ထံ​ပြေးသွား​၍ သူ​တို့​ကို သတ်ဖြတ်​လေ​၏​။ 45အဘိမလက်​သည် ထို​နေ့​တစ်နေ့လုံး ထို​မြို့​ကို​တိုက်ခိုက်​ပြီး မြို့​ကို​သိမ်းယူ​၍ မြို့သား​တို့​ကို သတ်ပစ်​၏​။ မြို့​ကို​ဖျက်ဆီး​ပြီး ဆား​နှင့် ပက်​လေ​၏​။
46ရဲတိုက်​ရှိ ရှေခင်​မြို့သား​အပေါင်း​တို့​သည် ထို​သတင်း​ကို​ကြား​သောအခါ သူ​တို့​သည် ဧလဗာရိတ်​ဝတ်ကျောင်း​၏​မြေအောက်ခန်း​ထဲသို့ ဝင်သွား​ကြ​၏​။ 47ရဲတိုက်​ထဲ၌ ရှေခင်​မြို့သား​အပေါင်း​တို့ စုဝေး​နေ​ကြ​ကြောင်း​ကို အဘိမလက် ကြား​သော် 48အဘိမလက်​နှင့် သူ့​လူ​တို့​သည် ဇာလမုန်​တောင်​သို့​တက်သွား​ပြီးလျှင် အဘိမလက်​သည် ပုဆိန်​ဖြင့် သစ်ကိုင်း​ကို​ခုတ်​၍ ပခုံး​ပေါ်​ထမ်း​ထား​၏​။ ထို့နောက် သူ့​လူ​တို့​ကို “​ငါ​ပြု​သော​အရာ​ကို သင်​တို့​မြင်​ပြီ​မ​ဟုတ်​လော​။ ငါ​ပြု​သကဲ့သို့ သင်​တို့ အလျင်အမြန်​ပြု​ကြ​လော့​”​ဟု ဆို​၏​။ 49လူ​အပေါင်း​တို့​သည်​လည်း သစ်ကိုင်း​ကို ခုတ်​ကြ​ပြီးလျှင် အဘိမလက်​နောက်သို့​လိုက်သွား​၍ သစ်ကိုင်း​တို့​ကို မြေအောက်ခန်း​ပေါ် ပုံ​ထား​ကြ​၏​။ ထို့နောက် ထို​သစ်ကိုင်း​များ​ကို မီးရှို့​သဖြင့် မြေအောက်ခန်း​ကို မီးလောင်​လေ​၏​။ ရဲတိုက်​ရှိ ရှေခင်​လူ​ယောက်ျား​၊ မိန်းမ တစ်ထောင်​ခန့်​လည်း သေ​ကြ​ကုန်​၏​။
50ထို့နောက် အဘိမလက်​သည် သေဗက်​မြို့​သို့ ချီသွား​ပြီး တပ်ချ​ကာ ထို​မြို့​ကို​သိမ်းယူ​၏​။ 51ထို​မြို့​၌ ခိုင်ခံ့​သော​ရဲတိုက်​ရှိ​သဖြင့် ယောက်ျား​မိန်းမ မြို့သား​အပေါင်း​တို့​သည် ထို​ရဲတိုက်​ထဲသို့ ပြေးဝင်​၍​တံခါး​ကို ပိတ်​ထား​ပြီးလျှင် ရဲတိုက်​ခေါင်မိုး​ပေါ်သို့ တက်ပြေး​ကြ​၏​။ 52အဘိမလက်​သည်​လည်း ရဲတိုက်​ကို သွားရောက်​တိုက်ခိုက်​၏​။ ရဲတိုက်​ကို​မီး​ရှို့​ရန် ရဲတိုက်​တံခါးဝ​သို့ ချဉ်းကပ်​လာ​သောအခါ 53မိန်းမ​တစ်​ယောက်​သည် ကြိတ်ဆုံ​ကျောက်ပြား​ကို အဘိမလက်​ခေါင်း​ပေါ်သို့ ပစ်ချ​လိုက်​ရာ အဘိမလက် ခေါင်း​ကွဲ​လေ​၏​။ 54ထိုအခါ သူ​သည် သူ​၏​လက်နက်ကိုင်​လုလင်​ကို အလျင်အမြန်​ခေါ်​၍ “​လူ​တို့​က ငါ့​ကို ‘​မိန်းမ​သတ်​၍​သေ​ရ​သည်​’​ဟု မ​ဆို​ရ​လေ​အောင် သင့်​ဓား​ကို​ဆွဲထုတ်​၍ ငါ့​ကို သတ်​ပါ​လော့​”​ဟု ဆို​သဖြင့် သူ​၏​ငယ်သား​သည် သူ့​ကို​ထိုး​လိုက်​ရာ သူ​သေ​လေ​၏​။ 55အဘိမလက် သေ​သည်​ကို အစ္စရေး​အမျိုးသား​တို့ မြင်​လျှင် အသီးသီး​ကိုယ့်​အိမ်​သို့ ပြန်သွား​ကြ​လေ​၏​။
56အဘိမလက်​သည် မိမိ​ညီအစ်ကို အယောက်​ခုနစ်ဆယ်​ကို သတ်​ခြင်း​ဖြင့် ဖခင်​အပေါ် ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် ဘုရားသခင်​သည် သူ့​အား ထိုသို့​ပြန်​ခံရ​စေ​တော်မူ​၏​။ 57ဘုရားသခင်​သည် ရှေခင်​အမျိုးသား​တို့​ပြု​ခဲ့​သော​မကောင်းမှု​အလုံးစုံ​တို့​ကို သူ​တို့​၏​ခေါင်း​ပေါ်သို့ ပြန်ကျ​စေ​တော်မူ​၏​။ ယေရုဗ္ဗာလ​၏​သား​ယောသံ​၏​ကျိန်​ခြင်း​သည် သူ​တို့​အပေါ် ကျရောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ