YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 33

33
အစ္စရေးပြည်ကို ပြန်လည်တည်ထောင်ခြင်း
1ထောင်ဝင်း​ထဲ၌ ယေရမိ​ချုပ်နှောင်​ထား​ခြင်း​ခံ​နေ​ရ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့ ဒုတိယ​အကြိမ်​ရောက်လာ​၍ 2“ကမ္ဘာမြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​၊ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သော​ထာဝရဘုရား​၊ ယေဟောဝါ​အမည်​ရှိ​သော ထာဝရဘုရား​က 3‘ငါ့​ကို​ခေါ်​လော့​။ ငါ​ထူး​မည်​။ သင်​မ​သိ နား​မ​လည်​နိုင်​သော ကြီးမြတ်​သော​အရာ​၊ ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို သင့်​အား​ပြောပြ​မည်’​ဟု မိန့်​တော်မူ​၏​။ 4ခါလဒဲ​လူ​တို့​၏​မြေကတုတ်​နှင့် ဓားဘေး​ကို​ခုခံကာကွယ်​ရန် ဖြိုဖျက်​ခံရ​သော ဤ​မြို့​တွင်း​ရှိ အိမ်​များ​၊ ယုဒ​ဘုရင်​တို့​၏​နန်းတော်​များ​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က 5‘သူ​တို့​သည် ခါလဒဲ​တပ်​နှင့်​တိုက်ခိုက်​ရန်​သွား​ကြ​သော်လည်း သူ​တို့​၏​မကောင်းမှု​များ​ကြောင့် ဤ​မြို့​ကို ငါ​မျက်နှာ​လွှဲ​ပြီ​ဖြစ်၍ မြို့​ထဲ၌ ငါ့​အမျက်​ဒေါသ​ဖြင့်​ကွပ်မျက်​သော အလောင်းကောင်​တို့​နှင့်​သာ ပြည့်​လိမ့်မည်​။ 6သို့သော် ငါ​သည် ဤ​မြို့​၏​အနာ​ကို ကုသ​ပေး​မည်​။ ပြန်လည်​ကျန်းမာ​စေ​မည်​။ ငြိမ်းချမ်း​ခြင်း​၊ ဘေးကင်းလုံခြုံ​ခြင်း အပြည့်အဝ​ခံစား​စေ​မည်​။ 7ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​ကို ပြန်လာ​စေ​မည်​။ ယခင်က​ကဲ့သို့ ပြန်လည်​တည်ဆောက်​မည်​။ 8ငါ့​ကို​ပြစ်မှား​ခဲ့​သော​အပြစ်​ရှိသမျှ​တို့​နှင့် သူ​တို့​ကို​ကင်းစင်​စေ​မည်​။ ငါ့​ကို​ပြစ်မှား​ခြင်း​၊ ငါ့​ကို​ပုန်ကန်​ခြင်း​အပြစ်​ရှိသမျှ​တို့​ကို ငါ​ခွင့်လွှတ်​မည်​။ 9ဤ​မြို့​သည် ငါ့​အဖို့ ဝမ်းမြောက်စရာ​၊ ချီးမွမ်းစရာ​၊ ဂုဏ်ပြုစရာ ဖြစ်​လိမ့်မည်​။ ဤ​မြို့​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​တို့​ကို ကမ္ဘာမြေ​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ကြားသိ​ကြ​လိမ့်မည်​။ ဤ​မြို့​ကို ကောင်းကျိုးချမ်းသာ​အတိ​၊ ငြိမ်သက်​ခြင်း​အတိ​ရှိ​စေ​သည်​ကို သူ​တို့ အံ့ဩ​တုန်လှုပ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
10ထာဝရဘုရား​က ‘​ဤ​အရပ်​တွင် လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ ဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​ဟု သင်​တို့​ပြောဆို​ကြ​သော လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ နေထိုင်​သူ​မ​ရှိ ဆိတ်ညံ​သော​ယုဒ​မြို့​များ​နှင့် ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင် 11ဝမ်းမြောက်​ရွှင်မြူး​ခြင်း​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၍ မေတ္တာကရုဏာ​တော်​အစဉ်အမြဲ​တည်​သောကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​ဟု ဆို​လျက် ထာဝရဘုရား​၏​အိမ်​တော်​သို့ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ယူဆောင်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လိမ့်မည်​။ အကြောင်းမူကား ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​၍ ယခင်​က​ကဲ့သို့ ပြန်လည်​နေထိုင်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။
12ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ ဆိတ်ညံ​ရာ​ဖြစ်​ခဲ့​သော ဤ​အရပ်​ရှိ​မြို့ရွာ​အားလုံး​တွင် သိုးထိန်း​တို့ သိုး​များ​ကို​ထိန်းကျောင်း​ရာ စားကျက်မြေ​ရှိ​လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 13ထာဝရဘုရား​က ‘ဗင်္ယာမိန်​ပြည်​၊ ယုဒ​ပြည် ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​၊ တောင်ပေါ်ဒေသ​ရှိ​မြို့ရွာ​များ​၊ နေဂေ့​အရပ်​ရှိ​မြို့ရွာ​များ​၌ သိုးထိန်း​သည် သိုးစု​ကို ပြန်လည်​ရေတွက်​လိမ့်မည်#33:13 တိုက်ရိုက်ပြန်ဆိုလျှင် “သိုးစုသည် ရေတွက်သူ၏လက်အောက်၌ တစ်ဖန်ဖြတ်သွားရလိမ့်မည်”။’​ဟု မိန့်​တော်မူ​၏​။
ဒါဝိဒ်နှင့် ထာဝရဘုရားဖွဲ့သောပဋိညာဉ်
14ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ယုဒ​အမျိုးအနွယ်​၊ အစ္စရေး​အမျိုးအနွယ်​တို့​ကို ကောင်းကျိုးချမ်းသာ​ပြု​ပေး​မည်​ဟူသော ငါ့​ကတိ​ကို ပြည့်စုံ​စေ​မည့်​နေ့​ရောက်လာ​လေ​ပြီ​။ 15ထို​နေ့ ထို​အချိန်​၌ ဖြောင့်မတ်​ခြင်း​အကိုင်း​ကို ဒါဝိဒ်​အမျိုး​ထဲမှ ငါ​ပေါ်ထွက်​စေ​မည်​။ သူ​သည် မြေကြီး​ပေါ်၌ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ စီရင်​လိမ့်မည်​။ 16ထို​နေ့​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့သူမြို့သား​တို့​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​မြို့​အား ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​ဟူ၍ ခေါ်ဆို​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
17ထာဝရဘုရား​က ‘အစ္စရေး​အမျိုးအနွယ်​၏​ရာဇပလ္လင်​ပေါ်တွင်​စိုးစံ​သော ဒါဝိဒ်​မင်းမျိုး​မ​ပြတ်​ရ​။ 18နေ့စဉ်​နှင့်အမျှ ငါ့​မျက်မှောက်​၌ မီးရှို့ရာယဇ်​ကို​ပူဇော်​ခြင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​ကို​မီးရှို့​ခြင်း​၊ ယဇ်ပူဇော်​ခြင်း​ကို​ပြု​ရ​သော လေဝိ​အမျိုး ယဇ်ပုရောဟိတ်​တို့​သည်​လည်း မ​ပြတ်​ရ’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။
19ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍ 20“​ထာဝရဘုရား​က ‘နေ့​နှင့်​ည​တို့ သူ့​အချိန်​နှင့်​သူ ရောက်​မ​လာ​အောင် နေ့​နှင့်ဆိုင်သော​ပဋိညာဉ်​၊ ည​နှင့်ဆိုင်သော​ပဋိညာဉ်​ကို သင်​တို့​ချိုးဖောက်​နိုင်​လျှင် 21ငါ​၏​အစေအပါး​ဒါဝိဒ်​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ပျက်​ပြီး သူ​၏​ရာဇပလ္လင်​ပေါ် စိုးစံ​သော​မင်းမျိုး​ပြတ်​မည်​။ ငါ့​အမှု​ကို​ထမ်းဆောင်​သော​လေဝိ​အမျိုး ယဇ်ပုရောဟိတ်​တို့​နှင့်​ဖွဲ့​သော​ပဋိညာဉ်​လည်း ပျက်​မည်​။ 22ကောင်းကင်​ကြယ်​များ မ​ရေတွက်​နိုင်​အောင်​များပြား​သကဲ့သို့​၊ သမုဒ္ဒရာ​သဲလုံး​များ အတိုင်းအဆ​မ​ရှိ​များပြား​သကဲ့သို့ ငါ့​အစေအပါး​ဒါဝိဒ်​အမျိုးအနွယ်​၊ ငါ့​အမှု​ကို​ထမ်းဆောင်​သော​လေဝိ​အမျိုး​တို့​ကို ငါ​များပြား​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။
23ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍ 24“လူ​တို့​က ‘ထာဝရဘုရား​သည် မိမိ​ရွေးချယ်​တော်မူ​သော​လူမျိုး​နှစ်​မျိုး​ကို စွန့်ပယ်​တော်မူ​ပြီ’​ဟု ပြောဆို​ကြ​သော​စကား​ကို သင်​သတိ​မ​ပြု​မိ​သလော​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို မထီလေးစား​ပြု​ကြ​လေ​ပြီ​။ လူမျိုး​တစ်​မျိုး​အဖြစ် မမှတ်​ကြ​တော့​ပေ​။ 25ထာဝရဘုရား​က ‘ငါ​သည် နေ့​နှင့်​ည​အတွက် ပဋိညာဉ်​မ​ဖွဲ့​ထား​ခဲ့​လျှင်​၊ ကောင်းကင်​နှင့်​မြေကြီး​အတွက် ပြဋ္ဌာန်းချက် မ​စီရင်​ထား​ခဲ့​လျှင် 26ယာကုပ်​အမျိုးအနွယ် ငါ့​အစေအပါး​ဒါဝိဒ်​ကို ငါ​စွန့်ပယ်​မည်​။ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​အမျိုးအနွယ်​တို့​ကို အုပ်စိုး​မည့်​သူ​ကို​လည်း သူ​တို့​ထဲမှ ငါ​ပေါ်ထွန်း​စေ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​ကို ငါ​ပြန်လာ​စေ​မည်​၊ သနားစုံမက်​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေရမိအနာဂတ္တိကျမ်း 33: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ