ယောဘဝတ္ထု 20
20
ဇောဖာ ပြောသောစကား
1ထိုအခါ နေမတ်အမျိုးသား ဇောဖာက 2“တုံ့ပြန်ပြောဆိုလိုသောစိတ် ပြင်းပြလွန်းသဖြင့် ငါ့စိတ်မငြိမ်မသက်ဖြစ်နေ၏။ 3ငါ့အား ပြစ်တင်ရှုတ်ချသောစကားကို ကြားရ၏။ ထို့ကြောင့် ငါနားလည်သလို ငါပြန်ပြောမည်။ 4ရှေးယခင် မြေကြီးပေါ်တွင် လူဟူ၍စဖြစ်လာစဉ်ကတည်းက 5ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။ 6သူသည် မိုးထိအောင်ဘဝင်မြင့်၍ သူ့ခေါင်းသည် မိုးတိမ်နှင့်ထိလျှင်ပင် 7သူသည် မိမိမစင်ကဲ့သို့ ပျက်စီးပျောက်ကွယ်သွားရလိမ့်မည်။ သူ့ကိုမြင်ဖူးသောသူတို့က ‘သူဘယ်ရောက်သွားသနည်း’ဟု မေးကြလိမ့်မည်။ 8သူသည် အိပ်မက်ကဲ့သို့ ပျောက်ပျက်သွား၍ သူ့ကို တွေ့ရတော့မည်မဟုတ်။ ညအချိန်မြင်ရသောစိတ်အာရုံကဲ့သို့ ထွက်ပြေးသွားလိမ့်မည်။ 9သူ့ကို မြင်ဖူးခဲ့သူတို့သည် သူ့ကို နောက်ထပ်မြင်ရတော့မည်မဟုတ်။ သူ့နေရာကိုလည်း မြင်ရတော့မည်မဟုတ်။ 10သူ့သားသမီးတို့သည် ဆင်းရဲသားတို့၏အလိုကိုလိုက်ရလိမ့်မည်။ သူ၌ရှိသောစည်းစိမ်ဥစ္စာများကိုလည်း သူ့လက်ဖြင့် ပြန်ပေးရလိမ့်မည်။ 11သူ့အရိုးတို့သည် နုပျိုသန်စွမ်းသော်လည်း သူနှင့်အတူ မြေမှုန့်ထဲ၌ လဲလျောင်းရလိမ့်မည်။ 12မကောင်းမှုသည် သူ့ခံတွင်းအဖို့ ချိုမြိန်သဖြင့် လျှာအောက်တွင် ဝှက်ထားမည်ဆိုလျှင်၊ 13ထွေးထုတ်ဖို့နှမြောသဖြင့် ခံတွင်း၌သာ ငုံထားမည်ဆိုလျှင် 14ထိုအစာတို့သည် ဝမ်းထဲတွင် မြွေဟောက်အဆိပ်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ 15သူဝါးမျိုထားသောဥစ္စာပစ္စည်းတို့ကို ပြန်အန်ထုတ်ရလိမ့်မည်။ ဘုရားသခင်သည် ထိုအရာတို့ကို သူ့ဝမ်းထဲမှ ထုတ်ပစ်တော်မူမည်။ 16သူသည် မြွေဟောက်အဆိပ်ကို စုပ်ယူလိမ့်မည်။ မြွေပွေး၏လျှာသည် သူ့ကို သတ်လိမ့်မည်။ 17နို့နှင့်ပျားရည်စီးသော စမ်းချောင်းများ၊ မြစ်များကို သူတွေ့မြင်ရလိမ့်မည်မဟုတ်။ 18ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။ 19အကြောင်းမူကား သူသည် ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်ထားပြီး ကိုယ်တိုင်မဆောက်သောအိမ်ကိုလည်း လုယူလေပြီ။ 20ထို့ကြောင့် သူ့စိတ်သည် ငြိမ်းချမ်းမှုကိုမသိနိုင်။ သူ၏တပ်မက်စိတ်သည် သူ့ကိုလွတ်မြောက်ခွင့်မပေး။ 21သူဝါးမျိုစရာ တစ်စုံတစ်ရာကျန်မည်မဟုတ်။ သူ့စည်းစိမ်များလည်း တည်မြဲမည်မဟုတ်။ 22သူသည် ကြွယ်ဝချမ်းသာလျက်နေစဉ်မှာပင် ဒုက္ခရောက်ရလိမ့်မည်။ ဆင်းရဲဒုက္ခသည်လည်း သူ့ထံသို့ အစုလိုက်အပြုံလိုက်ရောက်လာလိမ့်မည်။ 23သူဝမ်းပြည့်အောင်စားနေစဉ်မှာပင် ကိုယ်တော်သည် အမျက်တော်မီးကိုလွှတ်၍ သူ့အပေါ် ရွာကျစေတော်မူလိမ့်မည်။ 24သူသည် သံလက်နက်ဘေးမှ ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း ကြေးဝါမြားသည် သူ့ကို ထိုးဖောက်လိမ့်မည်။ 25ကျောတွင်စိုက်ဝင်နေသောမြားကိုဆွဲနုတ်သောအခါ သည်းခြေ၌စူးနေသော မြားဦးသည်လည်း ထွက်လာ၍ သူသည် ကြောက်ရွံ့ထိတ်လန့်လျက်နေရလိမ့်မည်။ 26အမှောင်ထုကြီးသည် သူ၏စည်းစိမ်ဘဏ္ဍာကို ချောင်းမြောင်းနေ၏။ မမွှေးရသောမီးသည် သူ့ကိုဝါးမျို၍ သူ့တဲ၌ကြွင်းကျန်သောသူတို့ကိုလည်း လောင်ကျွမ်းလိမ့်မည်။ 27မိုးကောင်းကင်သည် သူ့အပြစ်များကို ဖော်ထုတ်ပြီး မြေကြီးသည် သူ့ကိုဆန့်ကျင်ထကြွလိမ့်မည်။ 28သူ့အိမ်၌ရှိသောဥစ္စာတို့သည် သိမ်းသွားခြင်း ခံရလိမ့်မည်။ အမျက်တော်နေ့ရက်တွင် သုတ်သင်ပယ်ရှင်းခြင်း ခံရလိမ့်မည်။ 29ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative