ယောဘဝတ္ထု 19
19
ယောဘက ဗိလဒဒ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘက 2“သင်တို့သည် ငါ့ကို မည်သည့်အချိန်ထိ ညှဉ်းဆဲကြမည်နည်း။ မည်သည့်အချိန်ထိ စကားနှင့်ချိုးဖဲ့ကြမည်နည်း။ 3ငါ့ကို ဆယ်ကြိမ်တိုင်တိုင် ပုတ်ခတ်ပြောဆိုကြပြီ။ ငါ့ကို စော်ကားပြောဆိုကြပြီ။ သင်တို့မရှက်ကြသလော။ 4ငါအမှန်ပင်မှားခဲ့လျှင်လည်း ငါ့အမှားနှင့်ငါသာ ရှိပါစေတော့။ 5သင်တို့သည် ဘဝင်မြင့်၍ ငါကဲ့ရဲ့ခံရသည်ကို ငါ့အား ကဲ့ရဲ့ရှုတ်ချကြ၏။ 6သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။ 7‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။ 8ငါသွားမည့်လမ်းကို ပိတ်ထားတော်မူသဖြင့် ငါဖြတ်မသွားနိုင်။ ငါလျှောက်မည့်လမ်းကိုလည်း အမှောင်ချထားတော်မူ၏။ 9ငါ့ဂုဏ်သိက္ခာကို ဖယ်ရှားတော်မူပြီ။ ငါ့ဦးခေါင်းမှသရဖူကို ချွတ်ပစ်တော်မူပြီ။ 10ငါ့ကို အဘက်ဘက်မှချိုးဖဲ့တော်မူသဖြင့် ငါကျိုးပဲ့ရပြီ။ ငါ့မျှော်လင့်ချက်များကိုလည်း သစ်ပင်ကဲ့သို့ ဆွဲနုတ်ပစ်တော်မူပြီ။ 11ငါ့ကို အမျက်ထွက်၍ ရန်သူကဲ့သို့ မှတ်တော်မူပြီ။ 12ကိုယ်တော်၏ဗိုလ်ခြေတို့သည် အတူတကွချီတက်လာကြ၍ ကျုံးများကိုတူးလျက် ငါ့တဲပတ်ပတ်လည်တွင် စခန်းချကြ၏။ 13ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။ 14ငါ့ဆွေမျိုးသားချင်းတို့သည် ငါ့ကို စွန့်ခွာသွားကြ၏။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို မေ့သွားကြ၏။ 15ငါ့အိမ်တွင် တည်းခိုနေထိုင်သောသူများ၊ ငါ့ကျွန်မများလည်း ငါ့ကို သူစိမ်းကဲ့သို့ သဘောထားကြ၏။ သူတို့အမြင်တွင် ငါသည် တစ်ပါးအမျိုးသားဖြစ်ရ၏။ 16ငါ့အစေအပါးလည်း ငါခေါ်သည်ကိုပင် ပြန်မထူး။ ငါ့နှုတ်ဖြင့် သူ့ကို အသနားခံတောင်းပန်ရ၏။ 17ငါအသက်ရှူခြင်းသည် ငါ့မိန်းမအဖို့ ရွံရှာစရာ၊ ငါ့ညီအစ်ကိုတို့အဖို့ စက်ဆုပ်စရာဖြစ်၏။ 18ကလေးသူငယ်များပင်လျှင် ငါ့ကို မထီမဲ့မြင်ပြုကြ၏။ ငါမတ်တတ်ရပ်နေလျှင် ငါ့ကို သရော်ကြ၏။
19ငါနှင့်ရင်းနှီးကျွမ်းဝင်သောမိတ်ဆွေအားလုံးတို့သည် ငါ့ကို စက်ဆုပ်ရွံရှာကြ၏။ ငါချစ်သောသူတို့သည် ငါ့ကိုကျောခိုင်းသွားကြ၏။ 20ငါ့အသားအရေသည် အရိုး၌ကပ်နေပါ၏။ သွားဖုံးသာကျန်လျက် အသက်လွတ်ရုံသာရှိပါ၏။ 21အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။ 22သင်တို့သည် ဘုရားသခင်နည်းတူ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်း။ ငါ့အသားညှဉ်းဆဲခံရသည်ကိုပင် သင်တို့မကျေနပ်သေးသလော။ 23ငါ့စကားတို့ကို မှတ်တမ်းတင်ပေးမည့်သူ ရှိပါစေသော။ စာလိပ်တွင် ရေးမှတ်ထားပေးမည့်သူ ရှိပါစေသော။ 24ကြာရှည်တည်တံ့ရန် သံကညစ်နှင့် ခဲတို့ဖြင့် ကျောက်ပြားပေါ်တွင် ကမ္ပည်းထိုးထားစေချင်ပါ၏။ 25ငါ့ကို ရွေးနုတ်တော်မူမည့်အရှင်သည် အသက်ရှင်တော်မူ၍ နောက်ဆုံး၌ မြေကြီးပေါ်တွင် ပေါ်ထွန်းတော်မူမည်ကို ငါသိ၏။ 26ငါ့အရေပြားများ ပျက်စီးသွားသော်လည်း ဤကိုယ်ခန္ဓာဖြင့် ဘုရားသခင်အား ဖူးမြင်ရမည်ကို ငါသိ၏။ 27ငါကိုယ်တိုင် ဖူးမြင်ရမည်။ အခြားသူမဟုတ်ဘဲ ငါကိုယ်တိုင် မျက်စိဖြင့် မြင်ရမည်။ ထိုသို့ ငါ့ရင်ထဲ၊ နှလုံးသားထဲမှ တမ်းတလျက်ရှိ၏။ 28သင်တို့က ‘သူ့ကို ငါတို့ မည်သို့ညှဉ်းဆဲရမည်နည်း’ဟု ဆိုကြလျှင်လည်း ပြဿနာအရင်းအမြစ်သည် ငါ၌သာရှိ၏။ 29အမျက်တော်သည် ဓားဘေးဖြင့် ဒဏ်ခတ်တတ်သည်ဖြစ်၍ သင်တို့ကသာ ဓားဘေးကို ကြောက်ကြလော့။ ဤသို့ တရားစီရင်ခြင်းရှိသည်ကို သင်တို့သိမှတ်ကြလော့”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 19: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative