YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 18

18
ဗိလဒဒ် ပြောသောစကား
1ထိုအခါ ရှုအာ​အမျိုးသား ဗိလဒဒ်​က 2“​မည်သည့်​အချိန်​မှ သင်​တို့​စကား​ဆုံး​မည်နည်း​။ ဆင်ခြင်သုံးသပ်​ပြီးမှ ငါ​တို့​စကားပြော​ကြ​မည်​။ 3အဘယ်ကြောင့် ငါ​တို့​ကို တိရစ္ဆာန်​ကဲ့သို့ မှတ်​ရ​သနည်း​။ အဘယ်ကြောင့် ငါ​တို့​ကို လူတုံးလူအ​ဟု မြင်​ရ​သနည်း​။ 4သင်​အမျက်ထွက်​၍ သင့်ကိုယ်သင် ဆွဲဆုတ်​ပစ်​လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်း​သွား​ရ​မည်လော​။ ကျောက်ဆောင်​လည်း နေရာ​မှ​ရွေ့ပေး​ရ​မည်လော​။ 5အကယ်စင်စစ် လူဆိုး​တို့​၏​မီးအိမ်​သည် ငြိမ်း​သွား​လိမ့်မည်​။ သူ​၏​မီးလျှံ​သည်​လည်း လင်းထိန်​နေ​မည်​မ​ဟုတ်​။ 6သူ​၏​တဲ​ရှိ​အလင်း​သည် မှောင်မိုက်​ဖြစ်​လိမ့်မည်​။ သူ​၏​ဘေး​ရှိ​မီးခွက်​သည်​လည်း ငြိမ်း​သွား​လိမ့်မည်​။ 7အားမာန်ပြည့်​သော​ခြေလှမ်း​များ​သည် အားလျော့​သွား​လိမ့်မည်​။ သူ့​အကြံ​နှင့်​သူ လဲပြို​သွား​ရ​လိမ့်မည်​။ 8အကြောင်းမူကား သူ့​ခြေ​တို့​သည် ပိုက်ကွန်​နှင့်​ငြိ​၍ သူ​သည်​လည်း ကွန်ရက်​ထဲတွင် လည်​နေ​လိမ့်မည်​။ 9သူ​၏​ဖနောင့်​သည် ကျော့ကွင်း​၌ မိ​လိမ့်မည်​။ ညွှတ်ကွင်း​သည်​လည်း သူ့​ကို​ဆွဲ​ထား​လိမ့်မည်​။ 10သူ့​ကို​ထောင်ဖမ်း​မည့်​ကြိုးကွင်း​ကို မြေကြီး​တွင် ဝှက်ထား​လိမ့်မည်​။ သူ​သွား​မည့်​လမ်း​တွင် ထောင်ချောက်​ဆင်​ထား​လိမ့်မည်​။ 11ထိတ်လန့်ဖွယ်​ရာ​တို့​သည် သူ့​ကို​ပတ်လည်ဝိုင်း​၍ ခြောက်လှန့်​ပြီး သူ​သွား​လေရာရာ​သို့ ထက်ကြပ်မကွာ​လိုက်​လိမ့်မည်​။ 12ဆင်းရဲဒုက္ခ​သည် သူ့​ကို အာသာပြင်းပြ​လေ​ပြီ​။ ဘေးဒုက္ခ​သည်​လည်း သူ့​ကို လှဲချ​ရန်​အသင့်ဖြစ်​လေ​ပြီ​။ 13သူ့​အသားအရေ​ကို တစ်စပြီးတစ်စ​စား​ပစ်​လိမ့်မည်​။ သေမင်း​၏​သားဦး​သည်​လည်း သူ့​ခြေလက်အင်္ဂါ​များ​ကို ဝါးမျို​လိမ့်မည်​။ 14သူ​ခိုလှုံ​ရာ​တဲ​ထဲမှ သူ့​ကို​ဆွဲထုတ်​ပြီး ထိတ်လန့်​ခြင်း​ဘုရင်​ထံသို့ သူ့​ကို​ခေါ်ဆောင်​သွား​မည်​။ 15သူ​နှင့်​မဆိုင်​သော​သတ္တဝါ​တို့​သည် သူ့​တဲ​၌​နေထိုင်​ကြ​လိမ့်မည်​။ သူ့​နေရာ​ကို ကန့်မှုန့်​များ​ဖြင့် ကြဲ​ထား​လိမ့်မည်​။ 16သူ့​အမြစ်​တို့​သည် ခြောက်သွေ့​သွား​လိမ့်မည်​။ သူ့​အခက်အလက်​တို့​သည်​လည်း ညှိုးနွမ်း​သွား​လိမ့်မည်​။ 17မြေကြီး​ပေါ်တွင် သူ့​ကို​အမှတ်ရစရာ​မကျန်​။ လမ်း​ပေါ်တွင် သူ့​နာမည်​ကျန်​တော့​မည်​မ​ဟုတ်​။ 18သူ​သည် အလင်း​မှ​အမှောင်​ထဲသို့ မောင်းထုတ်​ခြင်း​ခံရ​မည်​။ ကမ္ဘာလောက​မှ နှင်ထုတ်​ခြင်း​ခံရ​မည်​။ 19သူ့​လူမျိုး​တွင် သူ​သည် သားသမီး​ထွန်းကား​မည်​မ​ဟုတ်​။ သားမြေးအစဉ်အဆက်​လည်း ရှိ​မည်​မ​ဟုတ်​။ သူ​နေထိုင်​ရာ​အရပ်​တွင် အသက်ရှင်​ကျန်ရစ်​သူ​ရှိ​တော့​မည်​မ​ဟုတ်​။ 20ထိုသို့ သူ​ခံရ​သော​နေ့ရက်​တွင် အနောက်​အရပ်​မှ​လူ​တို့​သည် တုန်လှုပ်ချောက်ချား​ကြ​လိမ့်မည်​။ အရှေ့​အရပ်​မှ​လူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လိမ့်မည်​။ 21ဤသည်ကား ဒုစရိုက်သမား​တို့​နေထိုင်​ရာ​၊ ဘုရား​ကို​မ​သိ​သော​သူ​တို့​နေရာ​ဖြစ်​၏​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ