ယောဘဝတ္ထု 28
28
ယောဘက ဉာဏ်ပညာအကြောင်းကို ဖွဲ့ဆိုသောသီချင်း
1ငွေထွက်သောမိုင်းတွင်း ရှိ၏။ ရွှေကို သန့်စင်သောနေရာလည်း ရှိ၏။ 2သံကို မြေကြီးထဲမှ တူးယူရ၏။ ကြေးဝါကို သတ္တုရိုင်းမှ သန့်စင်ယူရ၏။ 3မိုင်းတူးသမားသည် အမှောင်ကိုခွင်း၍ တွင်းနက်အဆုံးစွန်ထိ သတ္တုရိုင်းများကို သေမင်းအရိပ်လွှမ်းမိုးရာအမှောင်ထုကြီးထဲ၌ ရှာဖွေတတ်၏။ 4လူသူမရောက်မပေါက်နိုင်သောနေရာ၊ ခြေလျင်သွားသူတို့မမှတ်မိသောနေရာတွင် မိုင်းတွင်းများကို ထိုးဖောက်ပြီး လူသူဝေးရာတွင် ကြိုးကို တွဲလွဲခို၍ အလုပ်လုပ်ကြ၏။ 5မြေကြီးပေါ်မှ စားစရာရ၏။ မြေအောက်တွင်မူ မီးနှင့်အမြိုက်ခံရသကဲ့သို့ ဖြစ်၏။ 6ထိုနေရာရှိကျောက်တို့မှ နီလာထွက်၏။ မြေမှုန့်တို့မှ ရွှေထွက်၏။ 7ထိုနေရာသို့သွားရာလမ်းကို သိမ်းငှက်တို့မသိ။ လင်းတတို့လည်း မမြင်ဖူးပေ။ 8ထိုလမ်းကို သားရဲတို့လည်း မနင်းဖူး၊ ခြင်္သေ့တို့လည်း မရောက်ဖူးပေ။ 9မိုင်းတူးသမားသည် မီးခတ်ကျောက်ကို ဖောက်ထွင်းပြီး တောင်များကို အောက်ခြေမှ မှောက်လှန်ပစ်တတ်၏။ 10ကျောက်ဆောင်များကို အမြှောင်းမြှောင်းဖောက်ပြီး အဖိုးတန်ရတနာအားလုံးကို မတွေ့တွေ့အောင် ရှာ၏။ 11စီးဆင်းနေသောချောင်းများကို ဆည်ဖို့၍ ဖုံးကွယ်နေသောအရာတို့ကို ဖော်ထုတ်၏။ 12သို့သော် ဉာဏ်ပညာကို အဘယ်မှာရှာတွေ့နိုင်မည်နည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။ 13လူသည် ဉာဏ်ပညာ၏တန်ဖိုးကို မသိ။ ဉာဏ်ပညာကို သက်ရှိလောကတွင် ရှာတွေ့နိုင်မည်မဟုတ်။ 14သမုဒ္ဒရာက ‘ငါ့မှာ မရှိ’ဟု ဆို၏။ ပင်လယ်ကလည်း ‘ငါနှင့်အတူ မရှိ’ဟု ဆို၏။ 15ဉာဏ်ပညာကို ရွှေစင်ဖြင့် ဝယ်၍မရနိုင်။ ဉာဏ်ပညာ၏တန်ဖိုးကိုလည်း ငွေနှင့်ချိန်၍မရနိုင်။ 16ဩဖိရရွှေ၊ အဖိုးတန်မဟူရာကြောင်ဝင်၊ နီလာတို့နှင့်လည်း တန်ဖိုးမဖြတ်နိုင်။ 17ရွှေ၊ သလင်းကျောက်တို့လည်း သူ့ကို မယှဉ်နိုင်။ ရွှေတန်ဆာများဖြင့်လည်း လဲလှယ်၍မရနိုင်။ 18သန္တာကျောက်၊ ပုလဲတို့မူကား ဆိုဖွယ်ရာမရှိ။ ဉာဏ်ပညာသည် ပတ္တမြားထက် အဖိုးထိုက်တန်၏။ 19အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။ 20သို့ဖြစ်လျှင် ဉာဏ်ပညာသည် အဘယ်က လာသနည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။ 21သက်ရှိသတ္တဝါတိုင်းလည်း မမြင်နိုင်။ မိုးကောင်းကင်ငှက်တို့လည်း မတွေ့နိုင်။ 22ပျက်စီးခြင်းနိုင်ငံနှင့် သေမင်းတို့က ‘ဉာဏ်ပညာအကြောင်းကို ငါတို့ နားဖြင့်ကြားဖူးရုံမျှသာရှိသည်’ဟု ဆိုကြ၏။ 23ဘုရားသခင်မူကား ဉာဏ်ပညာလမ်းနှင့် ဉာဏ်ပညာတည်ရာကို သိတော်မူ၏။ 24အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။ 25လေကို အားပြင်းစေတော်မူ၏။ ရေကို ချိန်ဆသတ်မှတ်တော်မူ၏။ 26မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။ 27ကိုယ်တော်သည် ဉာဏ်ပညာကို သိတော်မူ၏။ ဖော်ပြပေးတော်မူ၏။ ဉာဏ်ပညာကို စစ်ကြော၍ တည်မြဲစေတော်မူ၏။ 28ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 28: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative